Tuesday, December 30, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား အကြိုလေ့ကျင့်နေမှု ကြည့်ရှု

နေပြည်တော် ဒီဇင်ဘာ ၂၉
ဗိုလ်ရှုခံ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံမဏ္ဍပ်၌ ၂ဝ၁၅ခုနှစ် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြို လေ့ကျင့်နေမှုနှင့် အခမ်းအနားအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးသည်။



ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် အတူ နံနက် ၇ နာရီတွင် ၂ဝ၁၅ခုနှစ် (၆၇) နှစ်မြောက် လွတ်လပ် ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား ကျင်းပမည့် ဗိုလ်ရှုခံမဏ္ဍပ် သို့ရောက်ရှိပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကြိုဆိုနေရာချထား ရေးနှင့် ဧည့်ခံရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လုံခြုံရေးနှင့် သတင်းထုတ်ပြန်ရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကော်မတီ အလိုက် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် ၂ဝ၁၅ ခုနှစ် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား အစီ အစဉ်များဖြစ်သည့် အလံကိုင်တပ်ဖွဲ့များ၊ စစ်တီးဝိုင်း တပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ ယန္တရား တပ်ဖွဲ့များ စုရပ်ကွင်းသို့ ချီတက်နေရာယူခြင်း၊ နိုင်ငံတော်သမ္မတအား အလေးပြုခြင်းနှင့် တပ်စစ်ဆေး ခံခြင်း၊ နိုင်ငံတော် အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော် များအား အလေးပြုခြင်း နှင့် အောက်မေ့သတိရသော အားဖြင့် နှစ်မိနစ်ငြိမ်သက် ဂါရဝပြုခြင်း၊ နိုင်ငံတော်သမ္မတ၏ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်း နာယူခြင်း၊ သစ္စာအဓိဋ္ဌာန်ပြုခြင်း၊ နိုင်ငံတော်သမ္မတအား စစ်ကြောင်း ပုံဖြင့် ချီတက် အလေးပြုခြင်း၊ တပ်မတော်လေတပ် လေယာဉ်များ ပုံဖွဲ့ချီတက် အလေးပြုခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
၂ဝ၁၅ ခုနှစ် (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်း အနားသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အလံကိုင်တပ်ဖွဲ့များ၊ စစ်တီး ဝိုင်းတပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလံ ကိုင်တပ်ဖွဲ့များ၊ စစ်တီးဝိုင်းတပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အလံကိုင် တပ်ဖွဲ့များ၊ စစ်တီးဝိုင်းတပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကင်းထောက်လူငယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့မှ ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့များ၊ အမြောက်နှင့် သံချပ်ကာ ယန္တရားစစ်ကြောင်းများ ပါဝင်ချီတက်အလေးပြုကြမည် ဖြစ်ပြီး စုစုပေါင်း အင်အား ၇၁၂၈ ဦး ရှိကြောင်း သိရသည်။
ပြည်ထောင်စု တိုင်းရင်းသား အားလုံး၏ မဆုတ်မနစ် ကြိုးပမ်းမှုများကြောင့် ရရှိခဲ့သည့် လွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်သည် ပြည်ထောင်စုသားအားလုံး၏ တာဝန် ဖြစ်သည်နှင့်အညီ မမေ့မလျော့ ဆောင်ရွက်ရန် သတိပေး နှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ထိုနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများကို ဆင်ယင်ကျင်းပခြင်း ဖြစ်သည်။

No comments:

Post a Comment