Wednesday, December 31, 2014

လျှပ်စစ်ဓာတ်အား ရယူကာ ဒေသ၏ ထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များ အဖြစ် ထုတ်လုပ် ဆောင်ရွက်


နေပြည်တော် ဒီဇင်ဘာ ၃ဝ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ သောက်ရေခပ်(၂) ရေအားလျှပ်စစ် စီမံကိန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။




အခမ်းအနားသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံ ပြည်သူများနှင့် ဒေသခံ အဖွဲ့အစည်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက သောက်ရေခပ်(၂) ရေအား လျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို တိုင်းတာရာတွင် အဆိုပါနိုင်ငံတွင်ရှိသည့် ပြည်သူ တစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အား မည်မျှသုံးစွဲနိုင်သည် ဟူသည့်အချက်သည် အဓိကကျသည့် အချက်တစ်ချက် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား လုံလောက် စွာရရှိမှသာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အရာအားလုံးကို မြှင့်တင်နိုင်ကြမည် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်သူတစ်ဦး ချင်းစီ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုသည် တစ်နှစ်လျှင် ကီလိုဝပ်နာရီ(ယူနစ်) ၁၉ဝ ခန့်သာ သုံးစွဲနိုင်ပါသေးကြောင်း၊ မိမိတို့ အစိုးရသစ် တာဝန် စတင်ယူစဉ်က လူတစ်ဦးချင်းစီ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုသည် ၁ဝ၄ သာရှိခဲ့ရာမှ ယခု ၁၉ဝ အထိ တိုးတက်လာသည့် အတွက် ဤကာလအတွင်း တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း ယင်းအခြေအနေသည် အရှေ့တောင်အာရှ နိုင်ငံများအတွင်း လျှပ်စစ် ဓာတ်အားသုံးစွဲမှု နည်းပါးနေသေးသည့် အတွက် များစွာ ကြိုးပမ်း ဆောင်ရွက်ရဦးမည် ဖြစ်ပါကြောင်း။
မိမိတို့ တာဝန်ယူထားသည့် ကာလအတွင်း ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုစီးပွား ဦးစားပေး လုပ်ငန်းများ ဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ သောက်သုံး ရေနှင့် စိုက်ပျိုးရေရရှိရေး၊ အလုပ်အကိုင်များ တိုးတက် ရရှိနိုင်မည့် အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ၊ စက်မှုဇုန် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အဓိက ဦးစားပေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် မဟာဓာတ်အားလိုင်းများမှ တစ်ဆင့် ဖြန့်ဖြူးခြင်းများ ဆောင်ရွက်နေသကဲ့သို့ မဟာ ဓာတ်အားလိုင်းများနှင့် အလှမ်းကွာသည့် နေရာများတွင် အသေးစား ရေအားလျှပ်စစ်စနစ်နှင့် ဓာတ်အားပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း။
ဥပမာအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသဖြစ်သည့် လေရှီး၊ လဟယ်၊ နန်းယွန်းမြို့တို့တွင် အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် စီစဉ်ဆောင် ရွက်နေသကဲ့သို့ ကချင်ပြည်နယ်ပူတာ အိုဒေသတွင်လည်း အထက်နမ့်ထွမ် အသေးစား ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် နေရောင်ခြည်သုံး ဓာတ်အားစနစ်များကိုလည်း တစ်ဖက်က ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ဆက်လက်၍လည်း လေအားအသုံးပြု ဓာတ်အားပေး စက်ရုံများလည်း တည်ဆောက်သွားရန် စီစဉ် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ရွှေစွမ်းအင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်က သောက်ရေခပ် (၂) ရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ လုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ အခက်အခဲများနှင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာစေရန် အတွက် ပုဂ္ဂလိက အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ခဲ့မှုနှင့် အောင်မြင်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကား ပြောကြားရာတွင် မိမိတို့ အစိုးရအနေဖြင့် ပြည်သူလူထု အတွက် အဓိကကျသည့် တူညီသည့် ဆုံမှတ်နှစ်ရပ်ကို ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ အစိုးရသက်တမ်း ငါးနှစ်တာကာလတွင် လက်ရှိ၌ လေးနှစ်တာ ကာလအတွင်းသို့ ချင်းနင်း ရောက်ရှိလာပြီ ဖြစ်ပါကြောင်း၊ ကုန်ဆုံးခဲ့သည့် လေးနှစ်တာ ကာလအတွင်း ပြည်သူလူထု အတွက် အဓိကကျသည့် ဆုံမှတ်နှစ်ခုဖြစ်သော တိုင်းပြည် တည်ငြိမ်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အလေးပေးကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ မိမိတို့ ဆောင်ရွက်နေ သည်ကိုလည်း ပြည်သူအများ သိရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ တည်တည်ငြိမ်ငြိမ် ဖြစ်စေရန်နှင့် အစိုးရ၏ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန်အတွက် အကျဉ်းသားပေါင်း မြောက်မြားစွာကို လွှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် အဓိကကျသည့် နှစ်ပေါင်း ၆ဝ ကျော် ကြာညောင်း ခဲ့ပြီဖြစ်သော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေး အတွက် ငြိမ်းချမ်းရေး ရရှိစေရေးကို ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း။
ဒုတိယ အချက်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကကျသည့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်တိုးတက် လာစေရန် လိုအပ်ပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသည် လမ်းပန်းဆက်သွယ် ရေးအားဖြင့် အလွန် ကောင်းမွန်သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ ရာသီအချိန်မရွေး သွားလာနိုင်သည့် အနေအထားရှိပြီး တောင်နှင့် မြောက်၊ အရှေ့နှင့် အနောက် အချိန်မရွေး သွားလာနိုင်ပါကြောင်း။
ဒေသတစ်ခု ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်ချက်မှာ လျှပ်စစ်မီး ဖြစ်ပါကြောင်း၊ လျှပ်စစ်မီး ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မီး ရရှိခြင်းအားဖြင့် အခြေခံ အကျဆုံးဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ အသိပညာဆည်းပူးလေ့လာနိုင်ရေး၊ လူနေမှု အဆင့်အတန်း မြင့်မားလာ စေရေးတို့အား အကျိုးပြုနိုင်မည် ဆိုသည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ လျှပ်စစ်မီးရရှိပါကလည်း မိမိတင်ပြခဲ့သည့် အနေအထားမျိုးဖြင့် ကျေနပ်မနေသင့်ဘဲ မိမိဒေသအတွင်း သာမက ပြည်သူများအတွက်ပါ အကျိုးရှိစေရန် အခြားမည်သည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ကို စဉ်းစားတွေးခေါ်လုပ်ကိုင်ဆောင်ရွက်သွားရန် လိုပါကြောင်း။
လျှပ်စစ်ကို အခြေပြုကာ ဤဒေသတွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများကို မည်သို့မည်ပုံ ကြံဆကာ လုပ်ကိုင်သွားမည်၊ လျှပ်စစ်ဓာတ်အားကို ရယူကာ ဒေသ၏ ထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် မည်သို့ ထုတ်လုပ်သွားမည် စသည်ဖြင့် စဉ်းစားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
အလားတူ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးသည်လည်း အလွန် အရေးကြီးပါကြောင်း၊ ဤဒေသသည် စိုက်ပျိုးရေးကို အခြေခံသည့် ဒေသတစ်ခု ဖြစ်သည့်အပြင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရေး အတွက် ဆည်၊ ကန်များ ရှိပါကြောင်း၊ စိုက်ပျိုးလျှင် စိုက်ပျိုး သလောက် အကျိုးခံစားခွင့်ရရှိမည် ဖြစ်ရာ စိုက်ပျိုးရေးကို မှီခိုကာ လုပ်ကိုင် စားသောက်နေသည့် လက်လုပ်လက်စားများ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို တိုးတက်ရရှိလာမည် ဖြစ်ပါကြောင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်များကို ထုတ်လုပ်ပြီး မိမိပြည်တွင်း ၌သာမက ပြည်ပသို့တိုင် ထုတ်လုပ် ရောင်းချနိုင်မည့် ထုတ်ကုန်များကို လျှပ်စစ်ဓာတ်အား အသုံးပြု၍ ထုတ်လုပ်သွားနိုင်မည် ဖြစ်ကြောင်း၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများအနေဖြင့် ဘက်စုံကဏ္ဍစုံမှ ကြံဆ လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း။
ပဲခူး တိုင်းဒေသကြီးသည် ဆန်စပါးသာမက အခြားသီးနှံမျိုးစုံကိုပါ စိုက်ပျိုးသည့်ဒေသ ဖြစ်ပါကြောင်း၊ စိုက်ပျိုး ထုတ်လုပ်ပြီး သီးနှံများ စားသုံးသူ ပြည်သူများ လက်ဝယ်သို့ အချိန်မီ ရောက်ရှိအောင် ဖြန့်ဖြူးပေးနိုင်ရန် သို့တည်းမဟုတ် ပုပ်သိုးပျက်စီးမှု မရှိစေဘဲ တာရှည်ခံအောင် ထုပ်ပိုးပြင်ဆင် ဆောင်ရွက်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်စေရန် မည်သို့ မည်ပုံ စီစဉ် ဆောင်ရွက်သင့်သည်များကို စဉ်းစားကြရန် လိုကြောင်း၊ လျှပ်စစ်ကို အသုံးချကာ သီးနှံများ တာရှည်ခံစေရန် အတွက် အအေးခန်း သိုလှောင်ရုံများ ပြုလုပ်သွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ပြည်ပရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာမည် ဆိုပါက ပဲခူး တိုင်းဒေသကြီးသည် အခွင့်အလမ်း များစွာ ရှိပါကြောင်း။
မကြာမီ ကာလတွင် ဖြူးရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ မဂ္ဂါဝပ် ၃ဝ ထုတ်လုပ် ရရှိတော့မည် ဖြစ်ပါကြောင်း၊ ဒေသ အနေအထားအရ အချက်အချာကျသည့် နေရာတွင် တည်ရှိသည့် အတွက် ထွက်ကုန်များကို ပို့ဆောင်ရာတွင် များစွာလွယ်ကူ အဆင်ပြေပါကြောင်း၊ လျှပ်စစ်ကို အခြေခံ၍ ဒေသတွင်းအသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ထူထောင်သွားနိုင်ပါကြောင်း၊ ဟိုးဆေးလ်မားကက်များ ထူထောင်နိုင်ပါကြောင်း၊ ယင်းတို့သည် ဒေသအတွက် သာမက တိုင်းပြည် အတွက်လည်း များစွာအကျိုးရှိကာ အခွင့်အလမ်းများလည်း ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း။
ဒေသဖွံ့ဖြိုး တိုးတက်စေရန်အတွက် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရန်၊ လျှပ်စစ်မီးရရှိရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာရန်လည်း လိုအပ်ပါကြောင်း၊ လျှပ်စစ်မီးကို အသုံးပြုကာ အခွင့်အလမ်း ကောင်းများကို အသုံးချမည်ဆိုပါက ဤဒေသသည် ဒေသအတွင်း မှီခိုနေကြသည့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိနေပါကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် လူ့စွမ်းအား အရင်းအမြစ် သည်လည်း များစွာ အရေးပါပါကြောင်း၊ ထို့အတွက် လူ့စွမ်းအား အရင်းအမြစ် ကြွယ်ဝလာစေရန် ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရေးအတွက် ဤဒေသအတွင်း တက္ကသိုလ်များကို တည်ထောင်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။
အလားတူ ဒေသ တည်ငြိမ်ရေးသည် အရေးကြီးပါကြောင်း၊ တည်ငြိမ် အေးချမ်းမှု မရှိပါက ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ဤဒေသသည် အရေးပါသည့် ဒေသ တစ်ခုဖြစ်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး၊ ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် မိမိတို့အစိုးရ နှင့်အတူ ပြည်သူအားလုံးက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသခံ ပြည်သူတစ်ဦးက ဤစီမံကိန်းကြောင့် ဒေသ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်း အောင်မြင်စေမှု အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းနှင့် ရွှေစွမ်းအင်ကုမ္ပဏီ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရ မှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဓာတ်အားပေးစက်ရုံ ရှေ့မျက်နှာစာတွင် စက်ရုံ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော် သမ္မတက ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်များက ကမ္ပည်း ကျောက်စာတိုင်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စီမံကိန်းဧရိယာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု လေ့လာခဲ့ကြသည်။
အဆိုပါ သောက်ရေခပ်(၂) ရေအား လျှပ်စစ်စီမံကိန်းသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ အရှေ့ဘက် ၁၄ မိုင်ခန့်အကွာရှိ သောက်ရေခပ် ချောင်းပေါ်တွင် တည်ရှိသည်။ စီမံကိန်း ၏ ထူးခြားချက်တစ်ရပ်မှာ မြန်မာနိုင်ငံတွင် ပထမဆုံး တည်ဆောက်သည့် နည်းပညာ ဖြစ်သော Concrete Faced Rock Fill Dam(CFRD) အမျိုးအစားဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အတိုင်ပင်ခံအဖြစ် ငှားရမ်းပုံ ထုတ်ပေးခဲ့ကာ စီမံကိန်းကို ရွှေစွမ်းအင်ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သောက်ရေခပ်(၂)ရေအားလျှပ်စစ် စီမံကိန်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီ အစဉ်(UNDP) မှ ပညာရှင်များနှင့် မြန်မာ အင်ဂျင်နီယာများ ပူးပေါင်းကာ ၁၉၆၄ ခုနှစ်တွင် စူးစမ်းလေ့လာ တိုင်းတာရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းများတွင် တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ကာ ဤစီမံကိန်းကို ရွှေစွမ်းအင်ကုမ္ပဏီ လီမိတက်နှင့် B.O.T စနစ်ဖြင့် ၂ဝဝ၈ ခုနှစ် မေ ၂ ရက်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်းများကို လွှဲပြောင်း လုပ်ကိုင်စေခဲ့ ကြောင်း၊ ယခုအခါတွင် သောက် ရေခပ်(၂) ဓာတ်အားပေး စက်ရုံ၌ လျှပ်စစ် ဓာတ်အားပေးစက် သုံးလုံး တပ်ဆင်ထားပြီး စုစုပေါင်း ဓာတ်အား ၁၂ဝ မဂ္ဂါဝပ်ဖြင့် နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလို ဝပ်နာရီ ၆ဝ၄ ဒသမ ၇ သန်းခန့်ကို နိုင်ငံတော် မဟာဓာတ်အား ကွန်ရက်စနစ်မှ တစ်ဆင့် နိုင်ငံတစ်ဝန်းသို့ ပို့လွှတ်ဖြန့်ဖြူးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ထို့နာက် နိုင်ငံတော်သမ္မတသည် ဖြူးမြို့နယ်ရှိ ဖြူးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိ ကြပြီး စီမံကိန်းဧရိယာ အတွင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း တင်ပြကြသည်။

အဆိုပါ ဖြူးချောင်း ရေအားလျှပ်စစ် စီမံကိန်းရေလှောင်တမံ၊ ရေလွှဲဆည် ဖွင့်ပွဲနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားများကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment