Saturday, December 27, 2014

ရွှေစာရံစေတီတော်မြတ်ကြီး ရောင်တော်ဖွင့် အထိမ်းအမှတ် ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် မဟာနိဗ္ဗာန်ဈေးပွဲတော်ကျင်းပ



သထုံ    နိုဝင်ဘာ    ၂၆
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံ စေတီတော်မြတ်ကြီး ရောင်တော်ဖွင့် အထိမ်းအမှတ် အဖြစ် ဆရာတော်ကြီးများ၏ ဩဝါဒလမ်းညွှန်မှုကိုခံယူကာ မြို့နယ် သံဃာ့နာယကအဖွဲ့၊ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် စေတနာရှင် လူငယ်များ ဦးဆောင်မှုဖြင့် သထုံ မြို့သူ/မြို့သားများ စုပေါင်း၍ မြို့လုံးကျွတ် မဟာနိဗ္ဗာန် ဈေးပွဲတော်ကို ဒီဇင်ဘာလ ၂၆ ရက်က စေတီတော်မြတ်ကြီး ဝန်းကျင်တွင် စည်ကားစွာ ကျင်းပခဲ့ကြသည်။



 
ညနေ နာရီ အချိန်တွင် မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဦးသူရိယ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် မဟာနိဗ္ဗာန်ဈေးပွဲတော် ဖြစ်မြောက်ရေးအဖွဲ့ ခေါင်ဆောင် ဦးညီညီနိုင် (သံလွင်အား) တို့က ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြရာ မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ယိမ်းအဖွဲ့များက ဧည့်ခံဖျော်ဖြေကြပြီး ရပ်နီးရပ်ဝေးမှ ပွဲတော်လာ ပရိတ်သတ် များစွာတို့က နိဗ္ဗာန်ဈေးပွဲတော်တွင် တပျော် တပါး ဝင်ရောက်ဆင်နွှဲကြသည်။
မနှစ်က လည်း အခုလိုပူဇော်ပွဲကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဒုတိယအကြိမ် ပူဇော်တာပါ။ ဒီဇင်ဘာ ၂၃ ရက်ကစပြီး ဝတ်အသင်း အဖွဲ့တွေက ညစဉ် ဝတ်ရွတ်ပူဇော်ကြပါတယ်။ အဖွဲ့စုံ အလှူရှင်တွေက နိဗ္ဗာန်ဈေး ပွဲတော်မှာ လာပြီး လှူဒါန်း ကြတာ ယခင်နှစ်ကထက် ပိုပြီးများပါတယ်။
သထုံမြို့နယ်ထဲမှာ အကြီးကျယ်ဆုံး စုပေါင်း လှူဒါန်းကြတဲ့ ပွဲတော်ပါဟု ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌ ဦးမောင်ဦးက ပြောသည်။
အဆိုပါ ပွဲတော်မှာ ယခင်နှစ်က ရွှေစာရံ စေတီတော်မြတ်ကြီး၌ ဒီဇင်ဘာလ(၁၂)ရက်နေ့မှ စတင်ကာ ထူးကဲစွာဖြင့် ဓါတ်တော်များ ကွန့်မြူး၍ ရောင်ခြည်တော်ထူးများကို မြို့သူ/မြို့သား အများအပြားတို့က ရက် အတန်ကြာ ဖူးမြင်ခဲ့ရသဖြင့် ယခုနှစ်တွင် ဒုတိယ အကြိမ်မြောက် အဖြစ် အလှူရှင်အဖွဲ့(၈၀)ကျော်တို့က မြို့နယ်လုံးကျွတ် စုပေါင်းကာ မဟာနိဗ္ဗာန်ဈေး ပွဲတော် စတုဒီသာများဖြင့် ကျွေးမွေး လှူဒါန်းခြင်း ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment