Wednesday, December 31, 2014

မျိုးဆက်သစ် လူငယ်များ ဒေသဖွံ့ဖြိုးရေး လက်ဆင့်ကမ်း ထမ်းဆောင်ရမည့် တာဝန်ရှိ


နေပြည်တော် ဒီဇင်ဘာ ၃ဝ
လက်ရှိ နည်းပညာခေတ်တွင် အခြေခံလိုအပ်ချက် ဖြစ်သည့် ကွန်ပျူတာများ လှူဒါန်းခြင်းသည် တစ်ဦးချင်း တိုးတက်မှု၊ ဒေသဖွံ့ဖြိုး တိုးတက်မှုမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေချင်သည့် စေတနာဖြင့် ဖြစ်ကြောင်း၊ ဒေသခံများ အနေဖြင့်လည်း အစဉ်အလာ ကောင်းများကို ထိန်းသိမ်း၍ တိုင်းပြည် ဂုဏ်ဆောင်နိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် စေလိုပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထားဝယ်မြို့ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ကွန်ပျူတာနှင့် ကျောင်းသုံး စာအုပ်များပေးအပ် လှူဒါန်းခြင်း အခမ်းအနား အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူ ရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း အမှာစကား ပြောကြားရာတွင် ထားဝယ်ဒေသ အပါအဝင် တနင်္သာရီ တိုင်းဒေသကြီးသည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ထင်ရှားသည့် သမိုင်းအစဉ်အလာ ရှိခဲ့ပါကြောင်း၊ အတိတ်သမိုင်းတွင် ခေတ်မီနည်းပညာ၊ အတတ်ပညာများ ပြည့်စုံစွာမရှိခဲ့၍ ကိုလိုနီဘဝ ကျရောက်ခဲ့ရကြောင်း၊ လွတ်လပ်ရေး ရရှိရေးအတွက် ခေတ်မီ တပ်မတော်တစ်ရပ် ဖွဲ့စည်းရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံသို့ ပြည်ပသို့ ထွက်ခွာပြီး စစ်ပညာများ သင်ကြားခဲ့ကြောင်း၊ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် BIA ကို ထိုင်းနိုင်ငံ၌ ဖွဲ့စည်းပြီး ထားဝယ် စစ်ကြောင်း အပါအဝင် စစ်ကြောင်းကြီး သုံးကြောင်းဖြင့် မြန်မာပြည်တွင်းသို့ စတင် ဝင်ရောက်ခဲ့ ကြောင်း၊ ထိုအချိန် ဗိုလ်မှူးကြီး ဗထူး အပါအဝင် ဒေသခံလူငယ်လူရွယ်များ သည်လည်း မျိုးချစ်စိတ် အပြည့်ဖြင့် တက်ကြွစွာ ပါဝင်ခဲ့ကြသဖြင့် မြန်မာ ပြည်သိမ်းစစ်ဆင်ရေးအတွက် အစပျိုး ခဲ့သည်ဟု ဆိုနိုင်ကြောင်း၊ ယင်းအစဉ် အလာနှင့်အညီ ထားဝယ်ဒေသမှ ဝန်ကြီးချုပ် ဦးဘဆွေ၊ ဝန်ကြီးချုပ် ဦးစိန်ဝင်း (ဗိုလ်မှူးချုပ်စိန်ဝင်း)၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ကြည်မင်း၊ သူရဲကောင်းများ ဖြစ်သည့် ဗိုလ်မှူးကြီးဗထူး၊ သူရ မချစ်ပို၊ ပညာရှင်ကြီးများ ဖြစ်ကြသော ပန်းချီဆရာကြီး ဦးငွေကိုင်၊ ပန်းပု ဆရာကြီး ဦးဟန်တင် စသည့် ထင်ရှားသည့် ပုဂ္ဂိုလ်များစွာ ပေါ်ထွက်ခဲ့ကြောင်း၊ ယင်းသို့ ရှေ့မှ ဦးဆောင် လမ်းပြခဲ့ကြသည့် အတိုင်း ယနေ့ မျိုးဆက်သစ် လူငယ်များအနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော် ဖွံ့ဖြိုးရေးတို့အတွက် လက်ဆင့်ကမ်း ထမ်းဆောင်ရမည့် တာဝန်ရှိပါကြောင်း၊ ယခင်က သွားလာမှု လွန်စွာခက်ခဲသည့် ဒေသ ဖြစ်ခဲ့သော်လည်း ယခုအခါ ရန်ကုန်မှ ကော့သောင်း အထိ မော်တော်ကားဖြင့် သွားလာနိုင်ပြီဖြစ် ကြောင်း၊ လေကြောင်း သယ်ယူ ပို့ဆောင်ရေး အနေဖြင့်လည်း ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်းမြို့များတွင် ဂျက်လေယာဉ်များ ဆင်းသက်နိုင်ပြီ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကွန်ပျူတာ၊ နည်းပညာနှင့် ပညာရေး တက္ကသိုလ်များ ဖွင့်လှစ်ထားရှိပြီး ဖြစ်ကြောင်း၊ ယင်းအခြေခံ အဆောက်အအုံများကို အကျိုးရှိစွာ အသုံးချရန် လိုအပ်ကြောင်း၊ လျှပ်စစ်မီးသည် ခေတ်မီဖွံ့ဖြိုး တိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သောကြောင့် လျှပ်စစ်မီး ရရှိရေးလုပ်ငန်းများ အောင်မြင်ရန် အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊ လက်ရှိ နိုင်ငံတော် တွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ (၃)နှစ်ကျော် ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာသော ရပ်တည်ချက်ဖြင့် ပါဝင် လျှောက်လှမ်းလျက် ရှိကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းမှုသည် လွန်စွာ အရေးကြီးပြီး ဥပဒေနှင့်အညီ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပြုမူကျင့်ကြံ နေထိုင်ခြင်းဖြင့် တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုကို ရရှိနိုင်မှာ ဖြစ်ကြောင်း၊ အလားတူ မိသားစုတစ်စု ကဲ့သို့ စည်းလုံး ညီညွတ်မှု ရှိရန်လည်း လိုကြောင်း၊ မိမိဒေသတွင်းမှစ၍ တစ်နိုင်ငံလုံး စုစည်း ညီညွတ်မှသာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်နိုင်မှာ ဖြစ်ကြောင်း၊ ဒေသခံများအချင်းချင်း စည်းလုံး ညီညွတ်မှု၊ နားလည်မှုများဖြင့် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် တနင်္သာရီ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုကို မုချ ဧကန်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များ ကိုယ်စား ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ၊ ဗလာစာအုပ်များ ပေးအပ် လှူဒါန်းရာ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက လက်ခံရယူသည်။
ဆက်လက်၍ အလှူရှင် ဒေါက်တာ ထွန်းမင်းလတ်နှင့် ကျန်အလှူရှင်များ ကိုယ်စား ကမ္ဘောဇဘဏ်ကုမ္ပဏီ ကိုယ်စားလှယ် ဒေါ်ဖြူမာအောင်တို့က ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများအား ပေးအပ် လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 
ယနေ့ပြုလုပ်သည့် အခမ်းအနားသည် တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ပညာရည် မြှင့်တင်ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများ၊ ကျောင်းသုံး ဗလာစာအုပ် များအား ပေးအပ်လှူဒါန်းခြင်း ဖြစ်ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ ကွန်ပျူတာအလုံး ၂ဝ၊ ဒေါက်တာ နိုင်ထွဋ်အောင်မိသားစုမှ ကျောင်းသုံး ဗလာစာအုပ် ဒါဇင် ၃ဝဝဝ နှင့် ကွန်ပျူတာအလုံး ၂ဝ၊ ဒေါက်တာ ထွန်းမင်းလတ် မိသားစုမှ ကွန်ပျူတာ အလုံး ၅ဝ၊ ကမ္ဘောဇဘဏ်ကုမ္ပဏီ၊Max Myanmar ကုမ္ပဏီ၊ ထူးကုမ္ပဏီ၊ ချမ်းဟိန်းကုမ္ပဏီ၊ ဦးချစ်ခိုင် မိသားစု၊ ဦးအောင်မျိုးမင်းဒင် မိသားစု၊ ဦးနေအောင် မိသားစု၊ ဦးကျော်စိန် မိသားစုနှင့် ဦးစိုင်းတစ်အောင် မိသားစု တို့က ကွန်ပျူတာအလုံး ၂ဝ စီအား လည်းကောင်း၊ အေးရှားဝေါကုမ္ပဏီ၊ ဦးလှမျိုး မိသားစုနှင့် ဦးမောင်နိုင် မိသားစုတို့က ကွန်ပျူတာ ၁ဝ လုံးစီအား လည်းကောင်း စုစုပေါင်း ကွန်ပျူတာ အလုံး ၃ဝဝ နှင့် ကျောင်းသုံးဗလာ စာအုပ် ဒါဇင် ၃ဝဝဝ တို့အား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထားဝယ် မြို့ ဇေယျဝတီကျောင်းတိုက်သို့ ရောက်ရှိပြီး ဇေယျဝတီ ကျောင်းတိုက် ပဓာန နာယကဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တအရိန္ဒမ အား ဖူးမြော် ကြည်ညို၍ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment