Saturday, December 27, 2014

မြန်မာကို ကမ္ဘာကသိစေမည့်သူ


၂ဝ၁၃ ခုနှစ်ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသော Miss Universe ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံမှ အလှမယ်မိုးစက်ဝိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ယခုနှစ် အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် Miss Universe ပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရွေးချယ်ခဲ့ရာ သျှားထွဋ်အိန္ဒြာ ရွေးချယ်ခြင်းခံရသည်။ သူမ၏အမည်ရင်းမှာ နန္ဒာကျော်သိန်း ဖြစ်သည်။
''ညီမ ပြိုင်ပွဲအတွက် အချိန်ဇယားနဲ့သေချာလေ့ကျင့်နေပါတယ်''ဟု သျှားက ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုကို ပြောပြသည်။

အမေရိကန်နိုင်ငံတွင်ပြိုင်ပွဲဝင်ရန် မြန်မာနိုင်ငံမှ ဒီဇင်ဘာ ၂၉ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး လေ့ကျင့်မှုများကို အချိန်ဇယားဖြင့် ဆက်တိုက်ပြုလုပ်နေကြောင်း၊ နံနက်ပိုင်းတွင် အင်္ဂလိပ်စကားပြောလေ့ကျင့်ခြင်း၊ ကိုယ်ကာယကြံ့ခိုင်မှုအတွက်ကစားခြင်း စသည့် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း၊ ဘုရားဝေယျာဝစ္စ ပြုလုပ်ခြင်းကိုလည်း မပျက်မကွက် လုပ်ဆောင်ကြောင်း၊ နေ့လယ်ပိုင်းမှာတော့ အထွေအထွေ ဗဟုသုတတွေ လေ့လာနေပါကြောင်း သျှားက သူမ၏ နေ့လယ်ပိုင်း လေ့ကျင့်မှုအစီအစဉ်ကိုလည်းပြောသည်။
အထွေထွေဗဟုသုတအနေဖြင့် မြန်မာနိုင်ငံအကြောင်း အဓိကလေ့လာလျက်ရှိပြီး မြန်မာ့ယဉ်ကျေးမှု ထွန်းကားလာခဲ့ပုံ၊ ယခုချိန်အထိ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ရိုးရာမပျက်ထိန်းသိမ်းလာခဲ့သော ရိုးရာယဉ်ကျေးမှုများ အကြောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်သည့်အကြောင်းနှင့် ရိုးရာဝတ်စုံများအကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီးများအကြောင်း၊ တန်ခိုးကြီးဘုရားများအကြောင်းကို ပြိုင်ပွဲတွင် ပြောပြလိုကြောင်း၊ သို့မှသာ မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသားလူမျိုးများအကြောင်း ကမ္ဘာကပိုသိ လာမည်ဟု သျှားကအသေးစိတ် စိတ်ပါလက်ပါ ရှင်းပြသည်။
''မြန်မာအကတွေ လေ့ကျင့်နေပါတယ်၊ ဘယ်အက ကမယ်ဆိုတာတော့ မပြောချင်သေးဘူး''ဟုအကလေ့ကျင့် မှုနှင့်ပတ်သက်ပြီး ပရိသတ်များအံ့သြသွားအောင် လုပ်ဆောင်ပြလိုပါသည်ဟု ပြောသည်။
Miss Universe ပြိုင်ပွဲကြီးတွင် ရိုးရာအနုပညာဖြင့် ပုံဖော်ပြသရမည်ဖြစ်ပြီး တိုင်းရင်းသားအကမျိုးနှင့် တစ်ကွက်အကများလေ့ကျင့်နေသည်ဟု ဆိုပါသည်။ ပြိုင်ပွဲတွင် ဝတ်ဆင်မည့် ပုံစံကို ဒီဇိုင်နာမပုံ့က ဖန်တီးပေးမည်ဖြစ်ပြီး၊ ညနေခင်းဝတ်စုံကို ဒီဇိုင်နာ ကိုပြည်စိုးအောင်နှင့်စခန်းသွင်းလေ့ကျင့်ချိန်များတွင် ဝတ်ဆင်ပြမည့် ဝတ်စုံများကို ဒီဇိုင်နာငြိမ်းကိုတို့က အစစအရာရာ ပြင်ဆင်ပေးသည်ဟု ဆိုသည်။
သျှားမှာ မကြာသေးမီကလည်း ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်လေ့ကျင့်ခဲ့သေးသည်။ ဖိလစ်ပိုင်နိုင်ငံဆိုသည်မှာ အရည်အချင်းနှင့်ပြည့်စုံသော အလှမယ်များစွာ မွေးထုတ်ရာနိုင်ငံလည်း ဖြစ်သည်။ သျှားကိုလေ့ကျင့်ပေးသော နည်းပြများမှာ လွန်စွာစည်းစနစ်ကျသည်။ ဖိလစ်ပိုင်သို့ မရောက်ခင်က လေ့ကျင့်ပေးမည့် နည်းပြများမှာ အသက်ကြီးသော အရွယ်များဖြစ်မည်ဟု ထင်ခဲ့သော်လည်း လက်တွေ့တွင်မူ သျှားထင်သလို လူကြီးများမဟုတ်ဘဲ လူငယ်များသာဖြစ်ပြီး အထင်နှင့်အမြင်လွဲခဲ့သည်။
''ဖိလစ်ပိုင်နည်းပြတွေက အလွန်တော်တယ်၊ ပြီးတော့ လူငယ်တွေဖြစ်နေတယ်''ဟု သူမကိုလေ့ကျင့်ပေးသော နည်းပြများအကြောင်း ချီးမွမ်းခန်းဖွင့်သည်။

အလှမယ်တော်တော်များများ ဖြေဆိုရန်ကြောက်ကြသော မေးခွန်းဖြေဆိုပုံအပိုင်းကိုလည်း ဖိလစ်ပိုင်နည်းပြက စနစ်တကျသင်ပေးသည်။ ''ဖြစ်နိုင်ရင် နောက်တစ်ခေါက်တောင် သွားပြီးလေ့ကျင့်ချင်သေးတယ်''ဟု သျှားကပညာတွေရ သလောက် ထပ်ပြီးသင်ချင်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင် ပြိင်ပွဲဝင်ခဲ့ခြင်းက သျှားအတွက် ကံကောင်းခြင်းတွေ ဖြစ်လာခဲ့သည်။ ညီအစ်မအရင်းအချာကဲ့သို့ ခင်မင်ခဲ့ရသော သူငယ်ချင်းများစွာရခဲ့သည်။ သူမ အတွက် အရာရာတိုင်းဟာပထမဆုံး ဖြစ်ခဲ့သည်။ မိသားစုနှင့်လွဲပြီး တခြားသူများနှင့် ခရီးအတူမသွားဖူးသော သျှားအတွက် ပထမဆုံးခရီးများဖြစ်ခဲ့သလို ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ သော ခရီးစဉ်မှာသူမအတွက် ပထမဆုံးနိုင်ငံ ရပ်ခြားခရီးတစ်ခုဖြစ်ခဲ့သည်။ ဘယ်နေရာရောက်ရောက် Miss Universe Myanmar အလှမယ်လေးများကို ဂရုတစိုက်ဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်မှာ သျှားအတွက် ပီတိတစ်ခု ဖြစ်ခဲ့သည်။
သျှားက ''ပြိုင်ပွဲကြီးပြီးသွားရင် နိုင်ငံအတွက် အကျိုးပြုတဲ့ Miss တစ်ယောက်ဖြစ်အောင် ညီမကြိုးစားမယ်''ဟု သူမ၏ ရှေ့ဆက်လုပ်ဆောင်မည့် ရည်မှန်းချက်အား ရှင်းပြသည်။
သျှားက မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ခဲ့သော Miss များနှင့်ပတ်သက်၍ ''မနန်းခင်ဇေယျာ ပြိုင်တုန်းကဆိုရင် အသည်းအသန်ကို Vote လုပ်ရတာ'' ဟုဆိုသည်။ပြည်ပမှMiss Universe ၂၀၁၁၊ ၂ဝ၁၂နှင့် ၂ဝ၁၃ အားလုံးကို သျှားအတုယူအားကျသည်။ ပြည်တွင်းမှလည်း သူမ၏ စီနီယာအစ်မဖြစ်သော မိုးစက်ဝိုင်ကို အတုယူ လေးစားသည်။
သျှားက အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ပြိုင်ပွဲနှင့်ပတ်သက်၍ ''ကံ ဉာဏ် ဝီရိယကို အသုံးချပြီး အရိုးသားဆုံးယှဉ်ပြိုင်သွားမှာပါ''ဟု ဆိုသည်။
သျှားမှာ သူမ၏ပရိသတ်အတွက် အားပေးရကျိုးနပ်အောင် အကောင်းဆုံး ယှဉ်ပြိင်နိုင်ရန် လေ့ကျင့်မှုများ ပြုလုပ်နေသည်။ အမေရိကန်မှာ မြန်မာကို ကမ္ဘာကသိအောင်လုပ်ဆောင်ရန်လည်းဆန္ဒပြင်းပြနေသည်။ ပရိသတ်များ အနေဖြင့်လည်း သူမကိုအားပေးရန် မေတ္တာရပ်ခံခဲ့သည်။ မနှစ်ကမိုးစက်ဝိုင်ကိုVote ပေးပြီး အားပေးခဲ့သလို ဒီနှစ်လည်း သူမကို အားပေးရန် လိုလားနေသည်။ အဘယ်ကြောင့်ဆိုသော် “Vote လုပ်တဲ့နေရာမှာ ထိပ်ဆုံးက အများဆုံးနေရာကိုလိုချင်တယ်၊ ဘာလို့လဲဆိုတော့ ငါတို့မြန်မာပရိတ်သတ်တွေ ဘယ်လောက်အားပေးနေတယ်ဆိုတာ တခြားသူတွေကို သိစေချင်လို့ပါ''ဟု ပြောသည်။



No comments:

Post a Comment