Sunday, December 28, 2014

(၆၇)ကြိမ်မြောက် တိပိဋကဓရ ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေး ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၆၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒရွေးချယ်ရေးစာမေးပွဲဖွင့်ပွဲအခမ်းအနားကို ၁၃၇၆ ခုနှစ် ပြာသိုလဆန်း ၈ ရက် ယနေ့နံနက် (၈)နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။


အဆိုပါအခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် မန္တလေးမြို့  ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၊ တိပိဋကဓရ၊တိပိဋက ကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညိဿရာ ဘိဝံသနှင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ  ရွေးချယ် ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်ကြီးများ၊ စာပြန်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားတွင် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဥက္ကဋ္ဌ ဘဒ္ဒန္တပညိဿရာဘိဝံ သထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်များ ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြသည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသထံမှ သာရဏီရ ဩဝါဒကထာကို နာယူကြသည်။
ထို့နောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက သာသနာရေးဆိုင်ရာ များကို လျှောက်ထားသည်။

ယင်းနောက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပြီး နိုင်ငံတော်သဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် တိပိဋကဓရ တိပိဋကကောဝိဒစာမေးပွဲဝင် သာသနာ့အာဇာနည်များအား ဓမ္မာသနပလ္လင်တော်များ ပေါ်သို့ ကနက္ကဒဏ်ထီးဖြူတော်များမိုး၍ ပင့်ဆောင်ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကို နှစ်စဉ် (၃၃)ရက်ကြာကျင်းပပြီး ပိဋကတ်သုံးပုံ အာဂုံပိုင်းတွင် ဝိနည်းငါးကျမ်း၌ အရှေ့ပိုင်းနှစ်ကျမ်း စာမျက်နှာပေါင်း (၈၅၁)မျက်နှာကို (၆)ရက်ပြန်ဆိုရပြီး အောင်မြင်ပါက “ဥပတောဝိဘင်္ဂဓရ” အသိအမှတ်ပြု အောင်လက်မှတ် ဆက်ကပ် သည်။ ဝိနည်းနောက်ပိုင်း (၃)ကျမ်း စာမျက်နှာပေါင်း (၁၄၀၉)မျက်နှာကို (၉)ရက်ပြန်ဆိုရပြီး အောင်မြင် ပါက ]]ဝိနယဓရ}}ဘွဲ့တံဆိပ်နှင့် အဆောင်အယောင် ဆက်ကပ်သည်။

သုတ္တန္တပိဋကသုတ် (၃)ကျမ်း စာမျက်နှာပေါင်း (၇၇၉)မျက်နှာကို (၉)ရက်ပြန်ဆိုအောင်မြင် ပါက “ဒီဃဘာဏက” ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်သည်။

အဘိဓမ္မာရှေ့ပိုင်း(၅)ကျမ်း စာမျက်နှာပေါင်း (၁၃၉၀)မျက်နှာရှိရာ ဓမ္မသင်္ဂဏီတစ်ကျမ်း (၃)ရက်၊ ဝိဘင်းတစ်ကျမ်းကို (၃)ရက်၊ ဓာတုကထာတစ်ကျမ်းကို(၁)ရက်၊ ပုဂ္ဂလပညတ်တစ်ကျမ်းကို (၁)ရက်၊ ကထာဝတ္ထုတစ်ကျမ်းကို (၃)        ရက် စုစုပေါင်း(၁၁)ရက် ပြန်ဆိုအောင်မြင်ပါက “မူလ အာဘိ ဓမ္မိက” အောင်လက်မှတ် ဆက်ကပ်ပါသည်။

အဘိဓမ္မာ နောက်ပိုင်းနှစ်ကျမ်းကို စာမျက်နှာပေါင်း (၃၅၉၇)မျက်နှာရှိရာ ယမကပါဠိတော် သုံးကျမ်းကို (၆)ရက်၊ ပဋ္ဌာနပါဠိတော်(၅)ကျမ်းကို (၁၂)ရက် စုစုပေါင်း(၁၈)ရက် အာဂုံပြန်ဆို အောင်မြင် တော်မူပါက ပိဋကသုံးပုံအာဂုံဆောင် “တိပိဋကဓရ” ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်သည်။ ဝိနည်းရှေ့ပိုင်းမှ အဘိဓမ္မာနောက်ပိုင်းထိ စုစုပေါင်း (၅၃)ရက်တိုင်တိုင် ပြန်ဆိုရသည်။ ပိဋကတ်သုံးပုံ အာဂုံပြန်ဆိုပွဲကို တစ်ရက်လျှင် နံနက်ပိုင်း(၈)နာရီမှ (၁၀)နာရီထိ (၄)ကြိမ်၊ နေ့ခင်းပိုင်းကို  မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီထိ (၅)ကြိမ်၊ တစ်ကြိမ်လျှင် (၂၅)မိနစ်ပြန်ဆိုရပြီး (၁၀)မိနစ်နားဖြင့်  စုစုပေါင်း(၉)ကြိမ် ပြန်ဆိုရသည်။

ပိဋကတ်သုံးပုံရေးဖြေပိုင်းတွင် ဝိနည်းရှေ့ပိုင်းနှစ်ကျမ်း (၈၅၁)မျက်နှာအား တစ်ရက်လျှင် (၄)နာရီ မေးခွန်း(၂)ရက် ဖြေဆိုရသည်။ ဖြေဆိုရာတွင် အောင်မှတ်(၇၅)မှတ်ဖြစ်ပြီး ရေးဖြေအောင်မြင် ပါက “ဥဘတောဝိဘင်္ဂကောဝိဒ” ဘွဲ့လက်မှတ်ဆက်ကပ်ပါသည်။ ဝိနည်းနောက်ပိုင်း(၃)ကျမ်း စာမျက်နှာ (၁၄၀၉)မျက်နှာကို (၃)ရက်ရေးဖြေ အောင်မြင်ပါက “ဝိနယကောဝိဒ” ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ ဆက်ကပ်သည်။

သုတ္တန္တပိဋကသုတ် သုံးကျမ်း (၇၇၉)မျက်နှာအား (၃)ရက် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများ ဖြေဆိုအောင်မြင်ပါက “ဒီဃနိကာယကောဝိဒ” အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်အဆောင်အယောင်များ ဆက်ကပ်သည်။ ဝိနည်းနှင့် ဒီဃနိကာယ်ပြန်ဆို/ ရေးဖြေအောင်မြင်လျှင် ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ ပိဋကတ်(၂)ပုံဆောင်ဟု သတ်မှတ်သည်။ ဂုဏ်ထူးအမှတ်မှာ (၈၀)မှတ်ဖြစ်ပြီး ဂုဏ်ထူးဖြင့်အောင်မြင်ပါက ဘွဲ့တံဆိပ်တော်များ၏ အရှေ့၌  “ဝိသိဋ္ဌ” ဘွဲ့ဂုဏ်ထူး ချီးမြှင့်ပေးသည်။

အဘိဓမ္မာရှေ့ပိုင်း(၅)ကျမ်း စာမျက်နှာပေါင်း(၁၃၉၀)မျက်နှာ၊ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ များအား(၅)ရက် ရေးဖြေအောင်မြင်ပါက “မူလအဘိဓမ္မကောဝိဒ” အောင်လက်မှတ်ဆက်ကပ်သည်။

အဘိဓမ္မာနောက်ပိုင်း နှစ်ကျမ်း (၃၅၉၇)မျက်နှာအား (၄)ရက် ရေးဖြေအောင်မြင်ပါက “တိပိဋကကောဝိဒ” ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ဆက်ကပ်သည်။ ပိဋကတ်သုံးပုံရေးဖြေပွဲကို ဝိနည်းရှေ့ပိုင်းမှ အဘိ ဓမ္မာနောက်ပိုင်းထိ ကျမ်းစာအုပ်ပေါင်း (၂၀)အုပ်မှ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ကို ရေးဖြေ(၁၇)ရက် ဖြေဆိုရသည်။ ပိဋကတ်သုံးပုံ ကျမ်းစာအုပ်ပေါင်း (၂၀)အုပ်မှ စာမျက်နှာပေါင်း(၈၀၂၆)မျက်နှာကို အာဂုံပြန်ဆို နိုင်ခြင်း၊ အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ အနုဂဏ္ဌိ စသောကျမ်းများမှ သဘောရေးဖြေ အောင်မြင်တော်မူခြင်းတို့ကို အောင်မြင်တော်မူမှသာလျှင် “တိပိဋကဓရ၊ တိပိဋကကောဝိဒ}”ဘွဲ့တံဆိပ်တော် ကို ချီးမြှင့်ဆက်ကပ်လှူဒါန်းခြင်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ပရိယတ္တိသာသနာတော် အဓွန့်ရှည်စွာ သန့်ရှင်းတည်တံ့၊ ခိုင်မြဲထူးကဲ၊ ပြန့်ပွားစည်ပင်စေရန်၊ ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သည့် သာသနာ့အာဇာနည်အရှင်မြတ်တို့ စဉ်ဆက်မပြတ် ပေါ်ထွက်စေရန်နှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်တွင်း၌ ဘုန်းကံပါရမီထူး ဉာဏ်ပညာထူးနှင့်ပြည့် စုံသော ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ်၍ သာသနာတော်ကို အားပေးချီးမြှောက်ရာတွင် အဆင့်အတန်းမြင့်မားစွာ အားပေးချီးမြှောက် ထောက်ပံ့နိုင်ရန်ဟူသော ရည်ရွယ်ချက်ကြီး (၃)ရပ်တို့ဖြင့် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment