Friday, December 26, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် စစ်တွေမြို့ရှိ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ




စစ်တွေ ဒီဇင်ဘာ ၂၆
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင် များသည် သံတွဲမြို့မှ အထူး လေယာဉ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာ ခဲ့ရာ စစ်တွေမြို့သို့ေ ရာက်ရှိပြီး ထိုမှတဆင့် ရဟတ်ယာဉ် များဖြင့် ထွက်ခွာခဲ့ရာ ကျောက်တော်မြိုသို့ ရောက်ရှိသည်။ ယင်းနောက် နိုင် ငံတော် သမ္မတသည် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများကပ်လှူပူဇော်ပြီး အလှူငွေ များပေး အပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ အရှေ့ဘက်အာရုံခံတန်ဆောင်း အတွင်း၌ ကျောက်တော်မြို့မှ မြို့မိမြိုဖများနှင့်တွေ့ဆုံ၍  တစ်မြို့နယ်ချင်း ဖွံ့ဖြိုးတိုးတက်မှ ဒေ သဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ သဘာဝအခြေခံကောင်းများရှိသည့်အ တွက် ဒေသ၀မ်းစာဖူလုံရုံဖြင့်ကျေနပ်မနေဘဲ ပိုလျံအောင်စိုက်ပျိုးမွေးမြူပြီး ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးပမ်းသွားရမည်ဖြစ် ပါကြောင်း၊ နိုင်ငံ တော်အစိုး ရသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ကျရေး ကိုဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသနေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် မြို့မိ မြို့ဖအကျိုးဆောင်များက ဒေသတွင်းနေပြည်သူများနှင့် ဆက်စပ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကို ဦးစားပေးလုပ်ဆောင် ကြရမည်ဖြစ်ပြီး ဒေသတည်ငြိမ်အေးချမ်းမှသာ စီးပွားရေး ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန် ဒေသခံပြည်သူများက ၀ိုင်းဝန်ပူးပေါင်းဆောင်ရွက် ကြရမည် ဖြစ် ပါကြောင်းဖြင့် မှာကြား သည်။
ယင်းနောက် မြို့မိမြို့ဖကိုယ်စားလှယ်များက စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ နိုင်ငံတော်သမ္မတက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ပေးသည်။
ဆက်လက်၍ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်က ဓည၀တီမြို့ ဟောင်း ပထမအကြိမ်တူးဖော်မှု သုတေသနလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များကိုညှိနှိုင်းပေါင်းစပ်ပေးသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အားရှင်းလင်းတင်ပြသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မြန် မာနိုင်ငံ၏ လျှပ်စစ်ဓါတ် အားရရှိမှုများနှင့် ရခိုင်ပြည်နယ်အတွင်းလျှပ်စစ်ဓါတ်အားရရှိရေး နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေး နေမှုအခြေ အနေများအား ရှင်းလင်းတင်ပြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က ရခိုင်ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်ရေးကဏ္ဍဆောင်ရွက်ပေးနေမှု များအားရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်များဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတ များကြွယ်ဝပြီး ရှည်လျားသည့် ကမ်းရိုး တန်းကိုလည်းပိုင်ဆိုင်ထားသည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရန် ပင်လယ်ပြင်ကြီးကို အသုံးချရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ကမ်ရိုးတန်းပိုင်ဆိုင်သည့်ဒေသများ ဦးစွာ ဖွံ့ဖြိုးတိုးတက်သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးသည် အရေးကြီး ပါကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်သာမန်ခွင့်ပြုပေးသည့် ဘဏ္ဍာငွေ များအပြင် သီးသန့်ရန်ပုံငွေများ ခွင့်ပြုပံ့ပိုးပေးခဲ့ပါကြောင်း၊ လျှပ်စစ်မီးကို အခြေပြု၍ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အိမ်တွင်းစက်မှုလုပ်ငန်းများ၊ အသေးစားအလတ်စားစက်မှုလုပ်ငန်းများနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ဒေသဖွံ့ဖြိုးတိုးတက်ရန် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးသည် အရေးကြီး ပါကြောင်း၊ အလုပ်အကိုင်အခွင့် အလမ်းများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အားသာချက်များရှိနေပါကြောင်း၊ ကျောက်ဖြူစက်မှုဇုန်၊ မဒဲကျွန်းရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့တင်ပို့မှုနှင့်ရေနံစိမ်းတင်ပို့နိုင်မည့်  အခြေခံ လုပ်ငန်းများကိုအမှီပြု၍ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာမည်ဖြစ်ပါကြောင်း၊ ပေါ်ထွက်လာမည့် အလုပ်အကိုင်အခွင့် အလမ်းများအ တွက်ကျွမ်းကျင်လုပ်သားများလိုအပ်မည် ဖြစ်ပါကြောင်း၊ ကျွမ်းကျင် လုပ်သားများဖြစ်ရန် ပညာတတ်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ပညာရေးကဏ္ဍကိုလည်း အဆင့်မြှင့်တင်ပေး လျက်ရှိနေပါ ကြောင်း၊ သဘာဝအမွေ အနှစ်သယံဇာတများဖြစ်သည့် ပင်လယ်ပြင်၊ မြစ်၊ ချောင်းစသည့် သက်မဲ့အရာများကို အကျိုးရှိရှိအသုံးချနိုင်ရန် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီး ပါကြောင်း၊ ထိုလူ့စွမ်းအားအရင်းအမြစ်၏ အခြေခံသည် ပညာရေးပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးအတွက်တာဝန်ယူနေကြသူအားလုံးအနေဖြင့် လူငယ်များ၏ အနာဂတ်ကိုဖန်တီးပေးရာတွင် လူငယ်များအတွက် ယုံကြည်စိတ်ချရသည့် အနာဂတ် ဖြစ်ရေးသည် အရေးကြီှးပါကြောင်း။
မိမိတို့အစိုးရသက်တမ်းကာလအတွင်း ပြည်သူဗဟိုပြု၍ ပြည်သူအကျိုးပြုလုပ်ငန်း များကို ဆောင်ရွက်ပေးလျက် ရှိနေပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် ပြည်သူတို့၏ဆန္ဒများကို အဓိကထားဆောင်ရွက် လျက်ရှိနေပါကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရာတွင် ညင်သာစွာပြုပြင်ပြောင်း လဲနိုင်ခဲ့ပါကြောင်း၊ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးကိုမိမိတို့ကဲ့သို့  ညင်သာစွာမဆောင်ရွက်နိုင်သေးသည့် နိုင်ငံများကိုလည်း တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ တူညီသည့် ဆန္ဒသည် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ပင်ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်ပေါများကြွယ်ဝ သည့် သဘာဝသယံဇာတများနှင့် လူစွမ်းအား အရင်းအမြစ်များကို အသုံးချ၍ အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက် ရန်ကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်း၊  နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများတွင် နိုင်ငံသားအားလုံး ပါဝင်နိုင် ရန်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသားညီ အစ်ကိုအချင်းချင်း၏ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးသည်အရေး ကြီးပါကြောင်း၊ ထိုပဋိပက္ခများသည် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေး ကိုအနှောင့်အယှက်ဖြစ်စေပါကြောင်း၊ထို့ကြောင့် မိမိတို့အစိုးရတာဝန် စတင်ယူသည့် အချိန်တွင် ငြိမ်းချမ်းရေးကိုဖိတ်ခေါ်ခဲ့ပါကြောင်း၊  ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာယခုဆိုလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ဆွေးနွေးနိုင်ခဲ့ကြပြီး အချင်းချင်း လက်ဆွဲနှုတ်ဆက်သည့် အဆင့်ကိုပင် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကြရမည်ဖြစ်ပါ ကြောင်း၊ တူညီသည်များကို လက်တွဲလုပ်ကိုင်ပြီး မတူညီသည်များကို ညှိနှိုင်းဆွေးနွေး လုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း၊ မကြာမီ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ် ဆိုပြီးထာဝရ ငြိမ်းချမ်းရေးရရှိစေရန် နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါ ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးမှ ဆင်းရဲမှုလျော့ကျမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ကျရေး လုပ်ငန်းစဉ်(၈)ရပ်ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ဆင်းရဲမှုလျော့ကျရန် ပုံမှန်ဝင်ငွေရရှိရေး လုပ်ငန်း များကို ဦးစားပေးလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အရင်းအနှီး၊ အတတ် ပညာ၊ နည်းပညာများနှင့် လူစွမ်းအားအရင်းအမြစ်များဖွံ့ဖြိုး တိုးတက်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပရင်း နှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကမ်းလှမ်း ခဲ့ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနိုင်ရန် လိုအပ်သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေကိုလည်း ပြဌာန်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊
အုပ်ချုပ်ရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများနှင့်ပတ်သက်၍ ယခင်ကအထက်မှ အောက်သို့ အဆင့်ဆင့်ညွှန်ကြား လုပ်ဆောင်သည့်စနစ် ကျင့်သုံးခဲ့ရာမှ ယခုအခါ ပြည်သူကိုအခြေပြုသည့် ပြည်သူဗဟိုပြုအုပ်ချုပ်ရေး စနစ်ကိုဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများလတ်တလောချက်ချင်း ကောင်းကျိုးခံစားရနိုင်သည်များကို မိမိတို့အစိုးရ အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ပုဂ္ဂလိကအခန်း ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း အကောင်အထည်ဖော်ဆောင်ပေးလျက်ရှိ ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍လည်း သွားလာရေးခက်ခဲသည့်ဒေသများရှိ ၀န်ထမ်းများကို လစာ ၂ ဆတိုးမြှင့် ပေးခဲ့ပါကြောင်း၊ အစိုးရနှင့် ၀န်ထမ်းသည် မိဘနှင့် သား သမီးသဖွယ်ပင်ဖြစ်ပါကြောင်း၊ ၀န်ထမ်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနိုင်သည်များကို အသေးစိတ်တွက်ချက်လျက်ရှိနေပါကြောင်း၊ တစ်ဦးချင်းဝင်ငွေစု ဆောင်းသည့် စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍လည်း ၀န်ထမ်းများ အခမဲ့ ဆေးဝါးကုသနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေး တွင်လည်း မူလတန်း၊ အလယ်တန်း အခမဲ့ပညာရေးစနစ်ကို ဆောင်ရွက်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်း များ၏ သားသမီးများ အဆင့်မြင့် ပညာသင်ကြားနိုင်ရေး အတွက် ပညာသင်ဆုများကိုလည်း ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားပညာတော်သင်များအတွက် နိုင်ငံတော် သမ္မတ၏ပညာသင်ဆုကိုလည်း ချီးမြှင့်နိုင်ရန်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ပင်စင်ယူ သည့်ကာလတွင် အိမ်ရာဖြင့်နေထိုင်နိုင်ရန် ထိုက်သင့်သည့် စုဆောင်းငွေများအလိုက် အိပ်ခန်း တစ်ခန်း၊ နှစ်ခန်း၊ သုံးခန်း ပါဝင်သည့် အိမ်ရာစနစ်ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊  မိမိတို့ နိုင်ငံ့ဝန်ထမ်းများ ကောင်းမွန်သည့်အနာဂတ်အတွက် ရေတိုရေရှည်စီမံကိန်းများကို ချမှတ်ဆောင် ရွက်လျက်ရှိ ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ လုပ်ငန်းတာဝန် များကို ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ် ကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည် သူအားလုံးက နိုင်ငံတော် အစိုးရနှင့်အတူ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် မှာကြားသည်။
ထို့နောက် စစ်တွေမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကယ်ဆယ်ရေးလုပ်ငန်းသုံး အမြန်ရေယာဉ်ဖြင့် ကစ္ဆပနဒီမြစ် နှင့် ဘင်္ဂလားပင်လယ်အော်ဆုံရာ ပင်လယ်ဝအားကြည့်ရှု လေ့လာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ မြို့ပတ်ရှုခင်းသာလမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက် နေမှုများအားမော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းမှတစ်ဆင့် အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ သံတွဲမြို့သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။


No comments:

Post a Comment