Thursday, December 25, 2014

တည်ငြိမ်အေးချမ်းမှုရှိမှ တရားဥပဒေစိုးမိုးမှုရှိပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မည်


မန္တလေး ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး မန္တလေး ခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်နှင့် ရမည်းသင်းခရိုင်တို့ အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားကြီးများ တက်ရောက်ကြ သည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်း ဒေသကြီး စဥ့်ကိုင်မြို့ စံပြကျေးရွာကွင်း၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ တောင်သူလယ်သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားသဘာပတိ စဥ့်ကိုင်မြို့နယ်မှ တောင်သူဦးကြည်ပြုံးက အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်စား ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှု နှင့်ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့် က နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ကိုယ်စား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ တောင်သူလယ်သမား ကိုယ်စားလှယ်များက အဆိုများကို ဖတ်ကြားတင်သွင်း ထောက်ခံဆွေးနွေးကြသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်မှ တောင်သူလယ်သမားများကိုယ်စား မေးမြန်း တင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သုံးသပ်ဖြည့်စွက် ပြောကြားရာတွင် ယနေ့ အခမ်းအနားတွင် သဘာပတိနှင့် ကော်မတီဥက္ကဋ္ဌတို့၏ တင်ပြသုံးသပ်ချက်များသည် တွေ့ဆုံပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြည့်ပြည့်စုံစုံ ပြောကြားနိုင်ခဲ့ကြောင်း၊ တောင်သူလယ်သမား ကိုယ်စားလှယ်များက အဆိုများတင်ပြခဲ့ရာတွင် ယနေ့ ခေတ်အခြေအနေနှင့် အလွန်ပင် ကိုက်ညီမှုရှိသည်ကို တွေ့ရကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် လေးစားစွာမှတ်သားပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဟု ကတိပြုပြောကြားလိုပါကြောင်း။
မိမိတို့ လွှတ်တော်ဝင်များသည် အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း ''ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်'' ဟူသော ဆောင်ပုဒ်ဖြင့် မူဝါဒချမှတ် လုပ်ဆောင် လျက်ရှိပါကြောင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူတို့၏မျှော်လင့်ချက်များကို မေးခွန်းများ မေးမြန်းခြင်း၊ အဆိုတင်သွင်း ဆွေးနွေးခြင်း၊ ဥပဒေကြမ်းများ ရေးဆွဲခြင်းတို့ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လွှတ်တော်အတွင်းသာမက လွှတ်တော်ပြင်ပ၌ပါ ပြည်သူများ၏ အသံကို ယခုကဲ့သို့ တွေ့ဆုံပွဲများမှတစ်ဆင့် ကြားနာနိုင်ခဲ့ပါကြောင်း၊ လွှတ်တော်ရပ်နားထားသည့် ကာလများအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့သို့ သွားရောက်ခဲ့၍ ပြည်သူများ၏လေးနက်သည့် အသံများကို ကြားသိခဲ့ရပါကြောင်း။
ယနေ့တင်သွင်းသည့် အဆိုများကို လွှတ်တော်အတွင်း ယူဆောင်၍ လွှတ်တော်အဆိုများနှင့်ပေါင်းစပ်ပြီး ပြည်ထောင်စုအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းလုပ်ဆောင်သွားမည်ကို ကတိပြု ပြောကြားလိုပါကြောင်း။
ယနေ့ဆွေးနွေးခဲ့သည့် အဆိုများနည်းတူ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွင်း တင်ပြဆွေးနွေး ခဲ့မှုများရှိပါကြောင်း၊ ယင်းသို့ ဆွေးနွေးမှုရလဒ်အရ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးစရိတ် ချေးငွေပိုမို ရရှိရေး၊ ချေးငွေကာလ တိုးမြှင့်ရေး၊ ပျက်စီးဆုံးရှုံးသွားသော သီးနှံများအတွက် ထောက်ပံ့ငွေပေးရေး၊ စိုက်ပျိုး ရေးနည်းပညာများ ဖြန့်ဖြူးပေးရေး၊ သီးနှံအလိုက် ထိုက်သင့်သည့် ဈေးနှုန်းရရှိရေး၊ ချေးငွေများ ချေးယူသည့် အခါ ကိုယ့်တာဝန်ကိုယ်ယူရန်အတွက် ဝိုင်းကြီးချုပ်စနစ်မှ ကင်းလွတ်စေရေးစသည့် အချက်များကို ဥပဒေတွင် ထည့်သွင်းရေးဆွဲပေးနိုင်ခဲ့ကြောင်း။
မြေယာပြဿနာဖြေရှင်းပေးရေးသည်လည်း အမြန်ဆုံးအကောင် အထည်ဖော်ရမည့်လုပ်ငန်းပင် ဖြစ်ပါကြောင်း၊ တစ်နေရာနှင့်တစ်နေရာ မတူညီသော်လည်း ကြုံတွေ့နေရသည့် မြေယာပြဿနာများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝ ကျော်ကပင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာများ ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိအစိုးရနှင့် လွှတ်တော် တို့၏ ကျန်ရှိသည့် တစ်နှစ်ကျော် သက်တမ်းကာလအတွင်း အပြီးဖြေရှင်းဆောင်ရွက် ပေးရန်လိုကြောင်း။
ပြည်ထောင်စု လွှတ်တော်က လယ်ယာမြေနှင့် အခြားမြေများ မတရားသိမ်းဆည်းမခံ ရရေးအတွက် အဆို တင်သွင်းဆွေးနွေးပြီး လယ်ယာမြေစုံစမ်းရေးကော်မရှင် ဖွဲ့စည်းကာ လေ့လာတွေ့ရှိချက်များကို မူတည်၍ ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရကလည်း မြေယာစီမံခန့်ခွဲရေး ဗဟို ကော်မတီကို ဒုတိယသမ္မတ ဦးစီး၍ ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ဆင့် မြေယာစီမံခန့်ခွဲရေး ကော်မတီများအား တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခဲ့ပါကြောင်း၊ တာဝန်အရှိဆုံးမှာ ရပ်ကွက်၊ကျေးရွာ မြေယာစီမံခန့်ခွဲရေး ကော်မတီများ ပင်ဖြစ်ပါ ကြောင်း၊ ၎င်းတို့အနေဖြင့် မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဥပဒေ အကြောင်းအရ အခက်အခဲရှိပါက မိမိတို့လွှတ်တော်များကို တင်ပြလျှင် အမြန်ဆုံးဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း။
တည်ငြိမ်အေးချမ်းမှုရှိမှ တရားဥပဒေစိုးမိုးမှုရှိပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ တရား ဥပဒေစိုးမိုးမှုရှိမှလည်း တည်ငြိမ်အေးချမ်းမှု တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဥပဒေများကို နားလည်သိရှိရန်လိုကြောင်း၊ ဥပဒေနားမလည်လျှင် တတ်သိနားလည်သူများကို မေးမြန်းရန် လိုကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးဖြစ်ပေါ် လာရေးအတွက်ဆိုလျှင် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ လိုရာပန်းတိုင်ကို ရောက်ရှိပါစေဟု ဆုတောင်းတိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စု လွှတ်တော်နာယကသည် တက်ရောက်လာကြသော တောင်သူ လယ်သမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။


No comments:

Post a Comment