Sunday, November 30, 2014

နော်ဝေနိုင်ငံ ဟာရယ်ဘုရင်နှင့် မိဖုရား ဆွန်ယာတို့၏ ကိုယ်ရေးအကျဉ်းနော်ဝေနိုင်ငံ ဟာရယ်ဘုရင်၏ ကိုယ်ရေးအကျဉ်း





နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်အား ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အော်စလို မြို့တော်အနီးရှိ စကယ်ရ်ဂွမ်း နန်းတော်၌ ဖွားမြင်ခဲ့ပါသည်။ ၎င်းသည် အိမ်ရှေ့မင်းသား ပဉ္စမမြောက် အော်လက်ဗ်(နောင်တွင် ပဉ္စမမြောက် အော်လက်ဗ်ဘုရင်)နှင့် မင်းသမီး မာသာတို့၏ တစ်ဦးတည်းသော သားတော်ဖြစ်ပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ၎င်း၏ခမည်းတော် ကွယ်လွန်ပြီးနောက် နော်ဝေနိုင်ငံ၏ ဘုရင်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။

မင်းသားဘဝတွင် ဟာရယ်သည် ၁၉၅၅ ခုနှစ်တွင် အော်စလိုမြို့ ခရစ်ယာန်ကျောင်းမှ အထက်တန်း အောင်မြင်ခဲ့သည်။ ယင်းနောက် နော်ဝေမြင်းတပ် အရာရှိသင်တန်း ကျောင်းသို့ တက်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် နော်ဝေနိုင်ငံ စစ် တက္ကသိုလ်သို့လည်း တက်ရောက် အောင်မြင်ခဲ့သည်။ မင်းသား ဟာရယ်သည် စစ်မှုထမ်းခြင်း ပြီးဆုံး ချိန်တွင် အင်္ဂလန်နိုင်ငံ အောက် စဖို့ဒ်ရှိ ဘာလီယောကောလိပ်၌ လူမှုရေးသိပံ္ပ၊ သမိုင်းနှင့်ဘောဂဗေဒ ဘာသာရပ်များအား ၁၉၆ဝ ပြည့် နှစ်မှ ၁၉၆၂ ခုနှစ်အထိ သင်ယူ ခဲ့သည်။
၁၉၅၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်တွင် နော်ဝေဘုရင် သတ္တမ မြောက် ဟာကွန် ကွယ်လွန်ပြီးနောက် အိမ်ရှေ့မင်းသား ဖြစ်လာခဲ့ပြီး နိုင်ငံတော်ကောင်စီ အစည်းအဝေး များသို့ စတင်တက်ရောက်ခဲ့သည်။ ၎င်းသည် ခမည်းတော်ဘုရင် ပဉ္စမ မြောက် အော်လက်ဗ်နှင့်နီးကပ်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး နော်ဝေ နိုင်ငံ၏ စက်မှုလုပ်ငန်းများကို ပြည်ပ နိုင်ငံများတွင် မြှင့်တင်ရန်အတွက် နော်ဝေကုန်သွယ်ရေးကိုယ်စားလှယ် အဖွဲ့များအား ဦးဆောင်၍ အခြားနိုင်ငံများသို့ ခရီးများစွာသွားရောက်ခဲ့သည်။
၁၉၆၈ ခုနှစ် သြဂုတ် ၂၉ ရက်တွင် အော်စလိုဘုရားရှိခိုးကျောင်း၌ မစ္စ ဆွန်ယာ ဟာရယ်ဆင်နှင့် လက်ထပ်ခဲ့ပြီးနောက် သမီးတော်တစ်ပါး နှင့် အိမ်ရှေ့မင်းသားတစ်ပါး ထွန်းကားခဲ့သည်။
ဟာရယ်ဘုရင်သည် နော်ဝေကြည်းတပ်၊ လေတပ်နှင့်ရေတပ်တို့၏ ဗိုလ်ချုပ်ကြီးဖြစ်ပြီး နော်ဝေနိုင်ငံ၏ အဆင့်အမြင့်ဆုံး အရာရှိလည်း ဖြစ်သည်။
နော်ဝေတော်ဝင်မိသားစုသည် အားကစားနှင့် ပြင်ပအပန်းဖြေလှုပ်ရှားမှု များတွင် ဝါသနာထုံသည်။ ဟာရယ်ဘုရင်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး တွင် အလေးအနက်ပါဝင်ဆောင်ရွက်ပြီး ကမ္ဘာ့တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ နော်ဝေရုံး၏ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၂ဝ ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။
နော်ဝေနိုင်ငံမိဖုရား ဆွန်ယာ၏ ကိုယ်ရေးအကျဉ်း
မိဖုရား ဆွန်ယာအား ၁၉၃၇ ခုနှစ် ဇူလိုင် ရက်တွင် အော်စလိုမြို့၌ ဖွားမြင်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ဟာရယ်ဘုရင် နန်းတက်သောအခါ (၅၃)နှစ်တွင် နော်ဝေနိုင်ငံ၏ ပထမဆုံးသော မိဖုရားဖြစ် လာခဲ့သည်။
၎င်းသည် ၁၉၅၄ ခုနှစ်တွင် အလယ်တန်းအောင်မြင်ခဲ့ပြီး အော်စလို အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းမှ အဝတ်အထည်ချုပ်လုပ်ခြင်း ပညာရပ်ဖြင့် ဒီပလိုမာရရှိခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ လိုဇန်းမြို့ရှိ အမျိုး သမီး အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း၌လည်း လူမှုရေးသိပံ္ပ၊ စာရင်းအင်းပညာ၊ အဝတ်အထည်ဒီဇိုင်းရေး ဆွဲခြင်းပညာရပ်တို့ကို သင်ယူ ခဲ့သည်။ ယင်းနောက် နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်မှ ပြင်သစ်၊ အင်္ဂလိပ်နှင့် အနုပညာသမိုင်းဘာသာရပ်များဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။
မိဖုရား ဆွန်ယာသည် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ပြီး ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများစွာတွင် နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။ ၎င်းသည် နော်ဝေမိဖုရားတစ်ဦး၏ လုပ်ငန်းတာဝန်များနှင့် ဆက်စပ်သည့် နယ်ပယ်များတွင် စိတ်ဝင်စားမှုရှိပြီး အနုပညာနှင့် ယဉ်ကျေးမှုတို့တွင် အထူးဝါသနာပါသူဖြစ်သည်။

No comments:

Post a Comment