Saturday, November 29, 2014

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုခြင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် နိုဝင်ဘာ ၂၈

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr.Hadar S. Gumay နှင့် International IDEA မှ Head of Mission ဖြစ်သူ Mr. Thomas Cormier တို့ကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တို့၏ ဖွဲ့စည်းမှု၊ ကော်မရှင်၏ လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲစနစ်နှင့် မဲစာရင်းပြုစုခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကော်မရှင်သို့ တာဝန်ပေးအပ် ထားမှုတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင် နှင့်ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ၊ ရွေး ကောက်ပွဲစနစ်နှင့် မဲစာရင်းပြုစုခြင်း၊ မဲပေးခြင်းတို့ကို ပြန်လည်ရှင်းလင်း ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အင်ဒိုနီးရှားနိုင်ငံ၏ ကြိုတင်မဲပေးမှုစနစ်၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို ရွေးချယ်ခန့် ထားမှုစနစ်နှင့် ရွေးချယ်ခန့်ထားသည့် အချိန်ကာလ၊ ကော်မရှင်အဆင့်ဆင့် အဖွဲ့ဝင်များ၏ခံစားပိုင်ခွင့်၊ ရွေးကောက်ပွဲကာလအတွင်း စီမံခန့်ခွဲမှု၊ မဲဆွယ်စည်းရုံးမှုကာလနှင့် ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပေါ်ခဲ့သည့်ပြဿနာများ၊ ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများကို မေးမြန်းခဲ့ရာ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ကြိုတင်မဲပေးမှု နှင့်ပတ်သက်၍ ပြည်ပရောက် နိုင်ငံ သားများအတွက် စာတိုက်မှမဲပေးသည့်စနစ်နှင့် ပြည်ပသံရုံးများ၌ မဲရုံဖွင့်လှစ်၍ မဲပေးခြင်းစနစ်ရှိပါကြောင်း၊ ပြည်တွင်း၌ ကြိုတင်မဲပေး မှုစနစ်မရှိပါကြောင်း၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏ အဖွဲ့ဝင်များ ခန့်အပ်ရာတွင် ရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်းခန့်အပ်ပါကြောင်း၊ မဲရုံအဖွဲ့ ဝင်များ၏ ခံစားပိုင်ခွင့်အနေဖြင့် ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲကာလ ငါးရက်စာအတွက် ရူပီး ငါးသိန်းခံစားခွင့်ပြုပါကြောင်း၊ ရွေး ကောက်ပွဲကာလ စီမံခန့်ခွဲမှုအနေဖြင့် ပါတီအချင်းချင်း မလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရန် ပါတီများ မဲဆွယ်စည်းရုံးရမည့်ရက်နှင့် နေရာကို ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများတွေ့ဆုံဆွေးနွေးပြီး သတ်မှတ်ပေးပါကြောင်း၊ ရွေးကောက် ပွဲဥပဒေနှင့် ညီညွတ်မှုမရှိပါက ကော်မရှင်နှင့် သက်ဆိုင်သည့်ကိစ္စများကို ကော်မရှင်ကဆုံးဖြတ်ပြီး မသက်ဆိုင်သည့် ကိစ္စရပ်များကို Election Advisory Body က သက်ဆိုင်ရာတရားရုံးသို့ တင်ပြဆုံးဖြတ်စေပါကြောင်း၊ ရွေးကောက်ပွဲ ရလဒ်အငြင်းပွားမှု များကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးမှ ဆုံးဖြတ်ပါကြောင်း၊ မီဒီယာမှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်းကို ကော်မရှင်က အချိန်ကာလ သတ်မှတ်ပေးထားသော်လည်း ပါတီအချို့အနေဖြင့် TV Channel လိုင်းများကို လွှမ်းမိုးနိုင်မှု ရှိသဖြင့် မဲဆွယ်စည်းရုံးရာ၌ ၄င်းတို့၏ ပါတီအတွက်အသုံးချပြီး ဥပဒေ ချိုးဖောက်မှုများ ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် မီဒီယာကောင်စီနှင့် ညှိနှိုင်း၍ မီဒီယာကောင်စီက ပြည်သူများသို့ မီဒီယာကျင့်ဝတ် ချိုးဖောက်မှုကို ရှင်းလင်းပြောကြားကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ယင်းသို့တွေ့ဆုံရာ၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသောဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့် တင်၊ ဦးဝင်းကို၊ အတွင်းရေးမှူး ဦးတင်ထွန်းနှင့်ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ဧည့်သည် တော်အဖွဲ့နှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများဖြစ်သည့် ပဏ္ဍိတဖွံ့ဖြိုး ရေးအင်စတီကျု၊ မြန်မာ ရွေးကောက် ပွဲကွန်ရက်၊ ဖန်တီးအိမ်၊ Horn Bill နှင့် PACE အဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲစာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များ နှင့် မဲဆန္ဒရှင်များ ပညာပေးခြင်း လုပ်ငန်းများတွင် လူမှုအဖွဲ့အစည်းများ ပိုမိုပါဝင်ဆောင်ရွက်လာရေးနှင့် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။



No comments:

Post a Comment