Sunday, November 30, 2014

(၂၃၀) ကေဗွီ ရွှေတောင်-မြောင်းတကာ နှစ်ထပ်မဟာဓာတ်အားလိုင်းအား လှော်ကားနှင့် မြောင်းတကာ ပင်မဓာတ်အားခွဲရုံးများသို့ ဆက်သွယ်ချိတ်ဆက်

ရန်ကုန် နိုဝင်ဘာ ၂၉
ရန်ကုန်မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ် မြောင်းတကာစံပြကျေးရွာအနီး အသစ်တည်ဆောက်ပြီးစီးခဲ့သော (၂၃၀) ကေဗွီ ရွှေတောင်-မြောင်းတကာ နှစ်ထပ် မဟာဓာတ်အားလိုင်းအား လှော်ကားပင်မဓာတ်အားခွဲရုံ နှင့် မြောင်းတကာ ပင်မဓာတ်အားခွဲရုံများသို့ ဆက်သွယ်ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အသစ်တည်ဆောက် ပြီးစီးခဲ့သော (၂၃၀) ကေဗွီ ရွှေတောင်-မြောင်းတကာ နှစ်ထပ်မဟာဓာတ်အားလိုင်းကို လှော်ကားပင်မဓာတ်အားခွဲရုံနှင့် မြောင်းတကာ ပင်မဓာတ်အားခွဲရုံများသို့ ဆက်သွယ်ချိတ်ဆက်ခြင်း လုပ်ငန်းကို ယနေ့ နံနက် ၅ နာရီမှစတင်ပြီး ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများဌာန၊ စီမံကိန်းမန်နေဂျာရုံး၊ မဟာဓာတ်အားလိုင်းမှူးရုံးများနှင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တို့စုပေါင်း၍ ဝန်ထမ်း အင်အား ၁၅၀ ခန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦး သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ယခုတည်ဆောက်ပြီးစီးခဲ့သော (၂၃၀)ကေဗွီ ရွှေတောင်-မြောင်းတကာ လိုင်းကို ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရွှေတောင် ပင်မဓာတ်အားခွဲရုံမှ မြောင်းတကာ ပင်မဓာတ်အားခွဲရုံအထိ စုစုပေါင်းလိုင်း ၁၃၁ ဒသမ ၉၆ မိုင်ရှိပြီး နှစ်ထပ်ဓာတ်အားလိုင်း (Double Circuit) တာဝါတိုင်ပေါင်း ၅၅၉ တိုင်စိုက်ထူခဲ့ရသည်။
ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတွင် တပ်ဆင်ခဲ့ရသော လျှပ်စစ်ပစ္စည်းများ အပါအဝင် စုစုပေါင်း စီမံကိန်း တန်ဖိုးမှာ ပစ္စည်းတန်ဖိုး ၁၉၁၅၈၀၈၅ ဒသမ ၇၉ ယူရို၊ တည်ဆောက်ရေးအတွက် ကျပ်သန်းပေါင်း ၆၉၉၇ ဒသမ ၅၆၃ သုံးစွဲခဲ့ပြီး နိုဝင်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ (၂၃၀) ကေဗွီဓာတ်အားလိုင်းနှင့် မြောင်းတကာပင်မဓာတ်အား ခွဲရုံ၊ လှော်ကားပင်မဓာတ်အားခွဲ ရုံတို့ကို ဆက်သွယ်မှုပြီးစီး၍ ဓာတ်အားပို့လွှတ်နိုင်ပါက ဓာတ်အားစနစ်အတွင်း ဓာတ်အားပမာဏ ၄၀၀ မဂ္ဂါ ဝပ်ခန့်ကိုသယ်ပို့နိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment