Sunday, November 30, 2014

အသရေဖျက်မှုဖြင့် ဘလော့ဂါတစ်ဦးကိုစွဲဆိုသည့် အမှုတွင် စင်ကာပူတရားရုံးချုပ်က ၀န်ကြီးချုပ် လီရှန်လွန်းကိုအနိုင်ပေး


စင်ကာပူ နိုဝင်ဘာ ၂၉
အသရေဖျက်မှုဖြင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အွန်လိုင်းဘလော့ဂါတစ်ဦးကိုတရားစွဲဆိုသောအမှုတွင် စင်ကာပူတရားရုံးချုပ်က ဝန်ကြီးချုပ်အား အနိုင်ပေးကြောင်း နိုဝင်ဘာ ၂၈ရက်တွင် အမိန့်ချမှတ်လိုက်သည်။ အဆိုပါ ဖြစ်ရပ်မှာ ဝန်ကြီးချုပ် လီရှန်လွန်းက အွန်လိုင်းမှ ဝေဖန်သူတစ်ဦးကို ပထမဆုံးအကြိမ်တရားစွဲဆိုမှုဖြစ်ပြီး နိုင်ငံတော်၏အငြိမ်းစားလစာ ရန်ပုံငွေများကို ဝန်ကြီးချုပ်က အလွဲသုံးစားလုပ်ခဲ့သည် ဟူသောစွပ်စွဲချက်ကို အင်တာနက်မှတစ်ဆင့် ဖြန့်ချိခဲ့မှုအား တုံ့ပြန်လိုက်သည့် ဆောင်ရွက်ချက် တစ်ခုလည်းဖြစ်သည်။

အဆိုပါ စွပ်စွဲချက်ကိုဖြန့်ချိခဲ့သူမှာ အသက် ၃၃နှစ် အရွယ်ရှိ အစိုးရအလုပ်သမားဟောင်းတစ်ဦးဖြစ်ပြီး ''နှလုံးသားသစ္စာ'' အမည်ခံကာ ရေးသားနေသည့် ဘလော့ဂါတစ်ဦးဖြစ်သည်ဟု အေအက်ဖ်ပီသတင်း အရသိရသည်။
ထိခိုက်နစ်နာမှုအတွက် လျော်ကြေးငွေကိုကြေညာသွားမည်ဖြစ်ကြောင်း၊ စင်ကာပူတရားရုံးချုပ်တွင် ကြားနာသည့်တရားမမှုများတွင် နစ်နာကြေးအနေဖြင့် အနည်းဆုံးစင်ကာပူဒေါ်လာ ၂၅ဝဝဝဝ (အမေ ရိကန်ဒေါ်လာ ၂ဝဝဝဝဝ) ပေးလျော်စေလေ့ရှိကြောင်း သတင်းများကဆိုသည်။
ယခုကိစ္စတွင် အသရေဖျက်မှုမြောက်သည်ကို သံသယရှိစရာမလိုကြောင်း၊ တရားလိုအပေါ်တွင် ရာဇဝတ်မှုမြောက်သည့် အလွဲသုံးစားမှု ပြုခဲ့သည်ဟုအထင်ရောက်စရာ ဖော်ပြခဲ့ကြောင်း တရားသူကြီး၏ စီရင်ချက်၌ ဖော်ပြခဲ့သည်။
နိုင်ငံတစ်နိုင်ငံ၏ ရွေးကောက်ခံခေါင်းဆောင်အနေဖြင့် ပြည်သူ့ရေးရာ မူဝါဒများနှင့်ဆက်နွှယ်သည့်ကိစ္စရပ်များအပေါ် ၄င်း၏ ပြည်သူများက ဝေဖန်မှုကို မခံနိုင်သည်မှာ ဝမ်းနည်းဖွယ်ဖြစ်ကြောင်း ဗန်ကောက်အခြေစိုက်အာရှ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်ဟု ရိုက်တာကဖော်ပြသည်။
 

No comments:

Post a Comment