Friday, November 28, 2014

ပြန်ကြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်

သတင်းမီဒီယာနည်းဥပဒေများပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သည် ၎င်းတို့ ရေးဆွဲသော သတင်းမီဒီယာ ဥပဒေမူကြမ်းကို ရန်ကုန်တိုင်း ဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်မှတစ်ဆင့်  ၁၉-၈-၂၀၁၃ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၂)ဖြင့် သတင်းမီဒီယာ ဥပဒေကို ၁၄-၃-၂၀၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။

သတင်းမီဒီယာ ဥပဒေပြဋ္ဌာန်းပြီးနောက် ဝန်ကြီးဌာနသည် နည်းဥပဒေများကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ စတင်ရေးဆွဲရေး ညှိနှိုင်းဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ၂၈-၆-၂၀၁၄ ရက်နေ့တွင် သတင်းမီဒီယာ နည်းဥပဒေများ ပထမမူကြမ်းကို ပေးပို့ခဲ့ပါသည်။ နည်းဥပဒေများ မူကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ အကြိမ်ကြိမ် ညှိနှိုင်းပြင်ဆင် ရေးဆွဲခဲ့ရာ ၂၀-၉-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်များနှင့် နောက်ဆုံးအကြိမ် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် လိုအပ်သည်များ နှစ်ဘက် ထပ်မံညှိနှိုင်းအတည်ပြုပြီး သတင်းမီဒီယာ နည်းဥပဒေများ မူကြမ်းကို ၁၆-၁၀-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့၍ ဥပဒေဆိုင်ရာ အကြံပြုချက် သဘောထား တောင်းခံထားဆဲ ဖြစ်ပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အကြံပြုချက်နှင့် သဘောထား မှတ်ချက်များ ရရှိပါက ပြင်ဆင်ဆောင်ရွက်ပြီး လုပ်ထုံး လုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက် ရယူကာ သတင်းမီဒီယာ နည်းဥပဒေများကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

ပန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment