Friday, November 28, 2014

အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံရေး အရ အဖြေရှာသည့် နေရာတွင် အားလုံး ပါဝင်နိုင်မှုသည် အရေးကြီး


ရန်ကုန်သတင်းအဖွဲ့
မြန်မာ့ ဒီမိုကရေစီစနစ် အသွင် ကူးပြောင်းရေးတွင် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးသည် မဖြစ်မနေ လိုအပ်ချက် တစ်ရပ် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန်  သမ္မတကြီး ဦးသိန်းစိန်သည် ၎င်းတာဝန်ယူသည့် အချိန်မှစ၍ အားလုံး ပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ် တစ်ရပ်ကို အကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ ကြိုးပမ်းမှုကြောင့်  ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်ချိန်က ပါဝင်ခဲ့ခြင်း မရှိသည့် နိုင်ငံရေး ပါတီများမှာ လွှတ်တော် အတွင်း ရောက်ရှိလာသည်။ ယခင် အစိုးရ လက်ထက်က နိုင်ငံတော် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်း နိုင်ရန် အကျဉ်းချ ခံနေရသူများလည်း ပြန်လည် လွတ်မြောက်လာကာ နိုင်ငံရေး နယ်ပယ်တွင် ပုံစံ အမျိုးမျိုးဖြင့် ပါဝင်လာနိုင်ခဲ့သည်။ ထို့ကြောင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံရေးအရ အဖြေရှာသည့် နေရာမှာ အားလုံး ပါဝင်နိုင်မှုသည် အရေးကြီးသည်ကို တွေ့ရမည် ဖြစ်သည်။ 




၂၀၁၄ ခုနှစ် အောက်တိုဘာ (၃၁) ရက် နေပြည်တော် တွေ့ဆုံမှုတွင် အမျိုးသား အင်အားစုများ ပါဝင်ကာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး အဖြေ ရှာကြသည့် အခါ အင်စတီ ကျူးရှင်းများကို အခြေခံသည့် ချဉ်းကပ်ပုံဖြင့် အမျိုးသား နိုင်ငံရေး အင်အားစု (၅)စုမှ ပုဂ္ဂိုလ်များဖြင့် ဆောင်ရွက်ခဲ့ သည်။ ထိုဆောင်ရွက်ချက်ကို ပြည်တွင်း ပြည်ပကလည်း ကြိုဆိုခဲ့ကြသည်။ သို့သော် တစ်ဘက်ကလည်း အရေးကြီးသည့် ပုဂ္ဂိုလ် အနည်းစုဖြင့်သာ ဆွေးနွေးသင့်သည် ဆိုသည့် အယူအဆ ရှိသူတွေလည်း ရှိနေဆဲ ဖြစ်သည်။ သို့ဖြစ်၍ ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော နိုင်ငံတော် သမ္မတကြီး ဦးဆောင်သည့်  အစိုးရ အဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများ၏ သဘောထား အမြင်များကို ကောက်နုတ် စုစည်း ဖော်ပြလိုက် ပါသည်။
ဦးရဲထွဋ်
ပြည်ထောင်စုဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
ဒီကနေ့ တွေ့ဆုံမှုက သမ္မတကြီးနဲ့ နိုင်ငံရေးပါတီတွေရဲ့ တတိယအကြိမ် တွေ့ဆုံမှုပါ။ နိုင်ငံရေး ပါတီတွေ ဒီနေ့ လာတက်တာ ၆၇ ပါတီ ဖြစ်ပါတယ်။ ဒီပါတီတွေထဲမှာ လွှတ်တော်ထဲကို မရောက်သေးတဲ့ ပါတီတွေ ရှိပါတယ်။ ခုမှ ဖွဲ့စည်းစ နိုင်ငံရေးပါတီတွေ ပါတီများအနေနဲ့ စဉ်းစား နိုင်အောင်လို့ ပြောတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ပြန်ဆွေးနွေးတဲ့ အခါမှာ ငြိမ်းချမ်းရေး ကိစ္စကို အများကြီး ဆွေးနွေးတယ်။ ဒေသ ဖွံ့ဖြိုးရေး ကိစ္စ၊ လွှတ်တော်က ပြောထားတဲ့ ခြောက်ပွင့်ဆိုင်နဲ့ ပတ်သက်လို့  တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးတည်းပါတဲ့ ကိစ္စကို သူတို့လည်း သိပ်ပြီး ဘဝင်မကျဘူးလို့ ပြောရမှာပေါ့။ တိုင်းရင်းသားတွေ အနေနဲ့လည်း များများ ပါသင့်တယ်ဆိုတဲ့ အယူအဆမျိုးတွေ  ဆွေးနွေးတာ ရှိပါတယ်။
နိုင်ငံတော် အစိုးရအနေနဲ့  ဥပဒေပြု လွှတ်တော်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို ဥပဒေပြု လွှတ်တော်ထဲမှာ မရှိသေးတဲ့ ပါတီတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် အစိုးရအဖွဲ့နဲ့ နိုင်ငံရေး ပါတီတွေကြားမှာ ဆက်သွယ် ဆောင်ရွက်နိုင်မယ့် ယန္တရားတစ်ခု ထူထောင်ဖို့ သမ္မတကြီးက ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေး ကိစ္စတွေမှာ နိုင်ငံရေး ပါတီတွေ အနေနဲ့ ပါဝင် ဆောင်ရွက်ပေးနိုင်ဖို့ ကူညီမယ်လို့ အဆိုပြုတဲ့ အပေါ်မှာ သမ္မတကြီးက သဘောတူ လက်ခံပါတယ်။  နောက်တစ်ခုက မြေယာကိစ္စ၊ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ကန့်ကွက်နေတဲ့ ကိစ္စတွေ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို သမ္မတကြီးက အလေးအနက် နားထောင်ပြီး ဒါတွေကို အဖြေရအောင်  ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်း အများကြီးနဲ့ တွေ့ဆုံတာ အများကြီး အကျိုးရှိပါတယ်။ ကျွန်တော်တို့ သွားနေတဲ့ နိုင်ငံရေးကိုက အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခု ဖြစ်အောင် လုပ်နေတာကြောင့် ပါတီကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ အရေအတွက် နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ အားလုံးရဲ့ အမြင် သဘောထားကို တတ်နိုင်သမျှ  နိုင်ငံတော် သမ္မတကြီး အနေနဲ့ ရယူဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ နောင်လည်း ဒီလိုတွေ့ဆုံပွဲတွေ မကြာခဏ ထပ်တွေ့ဖို့ ရှိပါတယ်။
ဦးဇိုဇမ်
ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (ဥက္ကဋ္ဌ)
၆ ပွင့်ဆိုတာကို ဆွေးကို မဆွေးနွေးစေချင်ပါဘူး။ ဆွေးနွေးမှု ရလဒ်ကို အသိအမှတ် မပြုပါဘူး။ လွှတ်တော်ထဲက ထွက်လာတာကြောင့် မယုံပါဘူး။ ပြောပြီးသားပဲ၊ နိုင်ငံရေး သမားသည် နိုင်ငံရေး ခေါင်းဆောင်များ ဆွေးနွေး တာကိုပဲ ယုံကြည်တယ်။ လွှတ်တော် ဆိုတာ အခု ၂၀၁၀ လွှတ်တော် ဆိုတာ ကျွန်တော် ကိုယ်တိုင် လွှတ်တော် ကိုယ်စားလှယ်ပါ။ အများကြီး လိုအပ်ချက်တွေ ရှိတယ်။ နိုင်ငံခြား လွှတ်တော် (၅)ခုလောက် လေ့လာပါတယ်။ တခြားစီပါ၊ ကျွန်တော်တို့မှာ စံချိန် မမှီပါဘူး။
ဒေါက်တာတူးဂျာ
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ
အခု တွေ့ဆုံပွဲကို အားရပါတယ်။ သမ္မတကြီး တော်တော် စိတ်ရှည်ပါတယ်။ ရှင်းပြတာလည်း ပြည့်စုံပါတယ်။ နိုင်ငံရေး ပါတီများ တင်ပြတာကိုလည်း စိတ်ရှည် လက်ရှည် နားထောင်တာ တွေ့ရတယ်။ လူတိုင်းစေ့ကို နှုတ်ဆက်ပြီး ပြန်သွားတယ်။ သမ္မတကြီးကို ချီးကျူးပါတယ်။
၆ ပွင့်ဆိုင်က တိုင်းရင်းသားဘက်က ကိုယ်စားလှယ် ရွေးချယ်တဲ့ နေရာမှာ လူမှန်၊ နေရာမှန် ဖြစ်ဖို့လိုတယ်။ တစ်ယောက်ပဲ ဖြစ်ဖြစ် နှစ်ယောက်ပဲ ဖြစ်ဖြစ် အရေအတွက်ကို မပြောချင်ပါဘူး။ ဒါပေမဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် ရွေးချယ်တဲ့ နေရာမှာ တိုင်းရင်းသားတွေ ခံစားရသလို တကယ် ခံစားတဲ့သူ ဖြစ်ရမယ်။ တိုင်းရင်းသားတွေရဲ့ ခံစားချက် လိုလားချက်ကို ဂဃနဏ သိတဲ့သူ ဖြစ်ရမယ်။ ဆွေးနွေးပွဲမှာ တိုင်းရင်းသား အရေးကို ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ပြတ်ပြတ် သားသား ပွင့်ပွင့် လင်းလင်း တင်ပြတတ်တဲ့သူ ဖြစ်ဖို့လိုတယ်။
ဦးအောင်သိန်းလင်း  
ဗဟိုအလုပ်အမှုဆောင်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေ ပါရင် ပိုပြည့်စုံတယ်လို့ သူတို့ တောင်းဆိုကြတာကို သဘာဝ ပိုကျတယ်လို့ ကျွန်တော် မြင်ပါတယ်။  ဒီနေ့ ဆွေးနွေး သွားတဲ့ အထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတကြီးက အလေးထားပြီး အားစိုက် ဆောင်ရွက် နေတာကို ကျွန်တော် အနေနဲ့ သဘော အကျဆုံး ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ ကျွန်တော် အပါအဝင် အားလုံး လိုလားကြတယ်။ ကျွန်တော်တို့ နိုင်ငံက ၁၉၄၉ ခုနစ် ကတည်းက စခဲ့တာ နှစ်ပေါင်း ၆၀ လောက် ရှိခဲ့ပြီ။ နှစ်ဖက် တိုက်ကြ၊ ခိုက်ကြတဲ့အခါ ဘယ်ဘက်ကရှုံးရှုံး၊ ဒါဏ်ရာရရ ကျွန်တော်တို့ တိုင်းပြည် နစ်နာတာပါပဲ။ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့သည် ကျွန်တော်တို့ နိုင်ငံအတွက် အရေးကြီးခဲ့တာ ကြာပါပြီ။အခုမှ သေချာ ပီပီပြင်ပြင်နဲ့ ထိထိ ရောက်ရောက် တည်ဆောက်နေတယ်။ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ဝိုင်းဝန်းပြီး ပူးပေါင်း လုပ်ဆောင်ကြမယ် ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေး ရသွားမှာ ဖြစ်ပါတယ်။ဒါမှသာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ ဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးကို ပိုပြီး ပီပီပြင်ပြင် ဖော်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။  ဒီတွေ့ဆုံဆွေးနွေး ပွဲမှာပါတီ ၆၀ ကျော်ပါတယ်။ဒီနေ့ ဆွေးနွေး သွားကြတာတွေလည်း အများကြီး အကျိုးရှိပါတယ်။ အနာဂတ် နိုင်ငံရေး အတွက်လည်း အထောက်အကူ ပြုနိုင်ပါတယ်။ သမ္မတကြီးက အခုလို တွေ့ဆုံတာကို ကြိုဆိုတယ်။ ပါတီ ခေါင်းဆောင်တွေနဲ့ အုပ်ချုပ်ရေးမှာ အကြီးဆုံး ဖြစ်တဲ့ သမ္မတနဲ့  တွေ့တယ် ဆိုတာ မှားစရာ မရှိပါဘူး။  အချိန်များများ ပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။
ဦးမောင်မောင်
ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ

ဒီနေ့ သမ္မတကြီးနဲ့ ပါတီ အသီးသီးက နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး တွေ့ဆုံကြတယ်။ ပါတီတွေကလည်း တင်ပြ ဆွေးနွေးကြတယ်။ ပါတီအသီးသီးရဲ့ အကြံဉာဏ်များကို သမ္မတကြီးက အပြည့်အဝ လက်ခံ ယုံကြည် လိမ့်မယ်လို့ ကျွန်တော် အနေနဲ့ ထင်ပါတယ်။ ကျွန်တော်ကတော့ တောင်သူ လယ်သမားပါတီက ဆိုတော့ ဒီနေ့ ဆွေးနွေးသွားတဲ့ အထဲမှာ သမ္မတကြီး အနေနဲ့ လယ်ယာမြေ မှုခင်းကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ အညီ ဆောင်ရွက် ပေးသွားပါ့မယ် ဆိုတဲ့ အချက်ကို ပိုပြီး သဘောကျပါတယ်။ အခုလို တွေ့ဆုံပွဲတွေက ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေ အတွက်  အားဆေး တစ်ခွက်ပဲ ကျွန်တော် မြင်တယ်။ ဒီလို တိုင်းရင်းသား ပါတီတွေ ပါဝင်ပြီး တွေ့ဆုံတာ ကျွန်တော် အနေနဲ့ သဘောကျပါတယ်။ တစ်ကြိမ်မက အကြိမ်ပေါင်းများစွာ တွေ့ဆုံ သင့်တယ်။ နောက်ပြီး  ၃ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင်၊ ၅ ပွင့်ဆိုင်၊ ၆ပွင့်ဆိုင် တို့ထက် တိုင်းရင်းသား ပါတီ ခေါင်းဆောင်တွေ အများဆုံး ပါဝင်သင့်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့မှာ တိုင်းရင်းသားတွေက အဓိက အခြေခံ ဖြစ်တယ်။ အဓိက အခြေခံဖြစ်တဲ့ ဒီတိုင်းရင်းသားတွေပဲ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်နေပြန်တယ်။ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေပါမှ ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်လို့ ရမယ်။

No comments:

Post a Comment