Thursday, November 27, 2014

ပိုမိုကျယ်ပြန့်သော အမျိုးသားနိုင်ငံရေးပါတီအင်အားစုများနှင့်တွေ့ဆုံမှုမှသည် အနာဂတ် ဒီမိုကရေစီလူ့ ဘောင်သစ်ဆီသို့


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတော်၏ အနာဂတ်ရှေ့ ခရီးနှင့် နိုင်ငံသားတို့၏ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံရေးပါတီများနှင့်အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး လေ့ရှိရာ နိုင်ငံရေးပါတီ (၆၇)ပါတီမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအပါအဝင် စုစုပေါင်း ၁၂၆ ဦး တို့နှင့် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ တွေ့ဆုံ ခဲ့ပေသည်။

ပြီးခဲ့သည့် အောက်တိုဘာ၃၁ရက်တွင်လည်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ အမျိုးသား နိုင်ငံရေးအင်အားစု(၅) ဖွဲ့မှ ခေါင်းဆောင် များနှင့်နိုင်ငံရေးရာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပေသည်။
ယနေ့တွေ့ဆုံပွဲမှာမူ နေပြည်တော် တွေ့ဆုံပွဲအပြီး ၂၆ ရက်အကြာတွင် ဆက်လက်တွေ့ ဆုံခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ(၆၇)ပါတီ တက်ရောက်ခဲ့ကြ၍ ပို၍ပို၍ ကျယ်ပြန့်နက်ရှိုင်းသော ဝိသေသဖြစ်ခဲ့ပေသည်။
အနာဂတ်မြန်မာ့နိုင်ငံရေး ရှေ့ခရီးလမ်းအတွက် အပြုသဘော ပိုမိုဆောင် လာသည့် လက္ခဏာတစ်ရပ်ဖြစ်၍ ကြိုဆိုကြရမည်ဖြစ်ပေသည်။
သို့ဖြင့် နိုင်ငံတော်သမ္မတနှင့်နိုင်ငံရေးအင်အားစုပါတီများ ယနေ့တွေ့ဆုံပွဲနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၏သဘောထား မှတ်ချက်များကို ကောက်နုတ်စုစည်းတင်ပြလိုက်ရပါသည်။
ဦးဇော်အေးမောင်
ဗဟိုအလုပ်အမှုဆောင်
(ရခိုင်အမျိုးသားပါတီ )
မြန်မာနိုင်ငံမှာ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ ဗမာ၊ မွန်၊ ချင်း၊ ရခိုင် တိုင်းရင်းသားတွေနဲ့ လူမျိုးစုတွေ ၁၃၅ မျိုးရှိတဲ့ အထဲမှာ ကိုယ်စားပြုတာ တစ်ယောက်တည်းကျတော့ နည်းလွန်းတယ်။ တိုင်းရင်းသားတွေရဲ့ အသံနည်းသွားမယ်၊ တိုင်းရင်းသားတွေနဲ့ များများတွေ့နိုင်လေ ဒို့တာဝန်အရေးသုံးပါး ခိုင်မာလာလေပဲ။ စုံစုံညီညီပါလာဖို့လိုတယ်။ အသံပါဖို့လိုတယ်။ ဥပမာ -တိုင်းရင်းသား ပါတီတွေထဲမှာ ဒို့တာဝန်အရေး သုံးပါးကို လေးစားတဲ့လူ၊ မျှတတဲ့လူ၊ မဖြစ်သင့်တဲ့လူ၊ ဘာမှလည်းမပြောဘဲ၊ ငုတ်တုတ်ထိုင်သူများပြောတာ နားထောင်ပြီး ပြန်လာမယ့်လူ မဖြစ်ရဘူး။ ပြည်ထောင်စုအရေး၊ ဒို့တာဝန်အရေးသုံးပါး၊ ဖက်ဒရယ် အရေး၊ နိုင်ငံတော် ရှေ့ဆက် သွားမယ့် ဖွံ့ဖြိုးတိုးတက်ရေးတွေကို ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ပေးနိုင်တဲ့ပုဂ္ဂိုလ် တွေပါလာဖို့လိုတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရရယ်၊ ပြည်သူရယ်၊ ပြည်သူထဲမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလည်း သိပ်အရေးကြီး တယ်။ မြန်မာနိုင်ငံဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံလို့မဖြစ်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းက နေလာတဲ့ တိုင်းရင်းသားတွေနဲ့ စုစည်းဖွဲ့ထားတဲ့ ပြည်ထောင်စုကြီး၊ ဒီတော့ အုပ်ချုပ်တဲ့အစိုးရက တိုင်းရင်းသား တွေရဲ့အသံတွေကို စဉ်ဆက်မပြတ် ထိတွေ့နားထောင်နေရမယ်။ ဒါမှလည်း ငြိမ်းချမ်းရေးက အောင်မြင်လာမယ်။ ယုံကြည်မှုရှိလာမယ်။ ခဏခဏတွေ့မှ ယုံကြည်မှုရမယ်။
ယုံကြည်မှအလုပ်တွဲလုပ်လို့ရမယ်။အလုပ်လုပ်မှ တိုင်းပြည်က တိုးတက်မယ်။ တိုင်းရင်းသားပြဿနာဖြေရှင်းဖို့ တိုင်းရင်းသား ခါင်းဆောင်တွေနဲ့ အုပ်ချုပ်တဲ့အဖွဲ့ အစည်းတွေ အမြဲတမ်း တွေ့နေရမယ်။ တွေ့တဲ့အခါ သူတို့ရဲ့ အသံတွေကို လည်း နားထောင်ရမယ်။ များများတွေ့လေ အကျိုး ရှိလေ။ တွေ့ဆုံ ဆွေးနွေးတဲ့ အလေ့အထကို အသက်ပြန်သွင်းနိုင်မယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်နား လည်မှုရှိမယ်။ ဒါပေမယ့် သိပ်ပြီးမျှော် လင့်ချက်ထားပြီး အဖြေမည်မည်ရရ မထုတ်နိုင်ခဲ့ရင် ဒါမျိုးတွေ့ဆုံဆွေးနွေးတာ အဓိပ္ပာယ်ရှိရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါလိမ့်မယ်။ မတွေ့တာထက်တော့ တွေ့တာပိုကောင်းပါတယ်။
ဦးစိုင်းအောင်မြင့်ခိုင်
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
(ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ)
တိုင်းရင်းသားတွေဘက်က ပြောမယ်ဆိုရင် လောဘကြီးတယ်လို့တော့ မပြောစေချင်ပါဘူး။လိုချင်တာတော့ တစ်ယောက်ထဲမကဘူး။ တိုင်းရင်းသား လူမျိုးတွေထဲက ကိုယ်စားပြုမှာ။ တစ်ယောက်ထဲဆိုတော့ ထပ်ပြီးလိုချင်တာပေါ့။ တိုင်းရင်းသားတွေ အားလုံးကိုယ်စား တစ်ယောက်ပါတယ် ဆိုရင် လည်း ကျေနပ်တော့ ကျေနပ်ရမှာပေါ။့ အားလုံးကို ကိုယ်စားပြုဖို့တော့ ခက်ခဲပါလိမ့်မယ် ကိုယ်စားပြုမှာတော့ သမ္မတပေါ်မှာပဲမူ တည်ပါတယ်။ ဘယ်လိုရွေးချယ်မလဲဆိုတာ ကျွန်တော်တို့လည်း မခန့်မှန်းတတ်သေးဘူး။ ကျွန်တော်တို့လည်း အဲ့ဒါကို စောင့်ကြည့်နေပါတယ်။
ဦးနိုထန်ကပ် (ဥက္ကဋ္ဌ)
(ချင်းတိုးတက်ရေးပါတီ)

လွှတ်တော်က ပြောတဲ့(၆)ပွင့်ဆိုင်ဆိုရင် တိုင်းရင်းသားပါတီဝင်အနေနဲ့က တစ်ဦးထဲပါ မှာ။ ဒါဆိုရင်နည်း ပါတယ်။ မသင့်လည်းမသင့်ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာ လူမျိုးကြီး(၈) ခုရှိပါတယ်။ တိုင်းရင်းသား တွေထဲက တစ်ဦးစီပါသင့် ပါတယ်။အဲဒီထဲမှာ ပါဝင်တဲ့သူကလည်း လူ့အရိပ်(၃)ပါး ကိုနား လည်ပြီး ပြောရဲဆိုရဲရ မှာ ဖြစ်ပါတယ်။ စားပွဲမှာထိုင်ပြီး မပြောရဲ မဆိုရဲရင်လည်း မသင့်တော်ပါဘူး။ တစ်ဦးတော့ အနည်းဆုံးပါ သင့်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့လည်း အားရကျေနပ်မှာဖြစ်ပါတယ်။ ခုနစ်ယောက်လုံးပါတော့ လည်းဘာ ဖြစ်လဲ။ ဒါကျွန်တော်တို့ တိုင်းရင်းသားအများစုရဲ့ ရင်ခုန်သံလည်းဖြစ်ပါတယ်။
ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်
ဥပဒေအကြံပေး
(မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန)
ကျွန်တော့်အနေနဲ့ တိုင်းရင်းသားတွေ ကိုယ်စားပြုပြီး တစ်ယောက်ထဲပါတာကို တိုင်းရင်းသားလူငယ် ရှုထောင့်ကကြည့်ရင် ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်ပေါ့။၊ ပထမသမ္မတက(၄)ပွင့်ဆိုင်လို ကျဉ်းကျဉ်း လေး ကနေ အကျယ်ချဲ့ပေးပြီးတော့ (၃၁)ရက်နေ့ တွေ့တုန်းက ဆွေးနွေးနိုင်တာ မဆွေးနွေးနိုင် တာ၊ ဆုံးဖြတ် ချက်ချတာ၊ မချတာထက် Stakeholder တွေ အားလုံးကိုယ်စားပြုပြီး အများကြီးပါဝင် လာနိုင်တာကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်ဖြစ်၊လက်နက်ကိုင်ပဋိပက္ခဖြစ်ဖြစ် ဖြေရှင်းနိုင်မယ်လို့ ထင်ပါ တယ်။ ပထမ ၁၄ ဦး တွေ့ပြီးတဲ့ နောက်ပိုင်းမှာ ဧရိယာကပြန်ကျဉ်း လာတဲ့အခါကျတော့ စဉ်းစားစရာဖြစ်တယ်၊ ဒုတိယအချက်က ကျွန်တော်တို့ တိုင်းရင်းသားတွေမှာလည်း အားလုံးက တိုင်းရင်းသားပါတီဆိုတာ မရှိပါဘူး။
ဦးအေးလွင် (ဥက္ကဋ္ဌ)
(ပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ)

ကျွန်တော်တို့သွားနေတာ ပါတီစုံ ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ ပါတီတစ်ခုတည်း ကိုပဲ နိုင်ငံတော်ပိုင်းက Highlight လုပ်နေမယ်ဆိုရင် ပါတီစုံဒီမိုကရေ စီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အင်းအားချည့်နဲ့ သွားစေနိုင်ပါတယ် ။မီဒီယာနောက်ခံပေးမှု၊ အစိုးရအလေးပေးဆက်ဆံမှု ဆိုတာတွေက နိုင်ငံရေးမှာ အဓိကအား တွေပဲ။နိုင်ငံရေးပါတီတစ်ခုတည်းကို အားထည့်ပေးလိုက် သလို ဖြစ် သွားနိုင်တယ်။ ပါတီစုံဒီမိုက ရေစီစနစ် ထူထောင်နေတဲ့၊ စိတ် ဓာတ်ကြံ့ကြံ့ ခံပြီး လျှောက်လှမ်းနေတဲ့ ပါတီတွေအတွက် စိတ်အားပျက် စေတယ်လို့ ကျွန်တော်မြင်တယ်။ နိုင်ငံရေးပါတီတွေ အကုန်လုံးမှာ တစ်ယောက်ပဲ ကိုယ်စားပြုတာ ကျွန်တော်တော့မယုံကြည်ဘူး။ ဝေဖန်စရာဖြစ်လိမ့်မယ်လို့ မြင်တယ်။ ။

No comments:

Post a Comment