Sunday, November 30, 2014

၂၀၁၄ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် စတုတ္ထနေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၃၀
မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူးကျင်းပ၍ အင်းဝဘဏ်လီမိတက်မှ အဓိက ကူညီပံ့ပိုးပေးသော Myanmar Golf Tour 2014 နောက်ဆုံး ပွဲစဉ် စတုထ္ထနေ့ပွဲစဉ်များကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော် ရှိ ဇေယျာသီရိ ဂေါက်ကလပ်၌ ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု၍ ပါဝင်ကစားခဲ့သည်။





ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မွန်းလွဲပိုင်းတွင် အဆိုပါဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အင်းဝဘဏ် လီမိတက် ဥက္ကဋ္ဌ ဗိုလ်ချုပ်ညိုစော၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်အမှုဆောင် ဦးကိုကိုလေးနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီး အားကစား သမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ပွဲစဉ်တစ်လျှောက်လုံးတွင် အဓိကကူညီပံ့ပိုး ပေးခဲ့သော ကုမ္ပဏီများဖြစ်သည့် ဧရာဝတီဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ မြ၀တီဘဏ်၊ အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေး ဘဏ်နှင့် အင်းဝဘဏ်တို့မှ တာဝန်ရှိသူများအား မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် အမှုဆောင် ဦးကိုကိုလေး က ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်သည်။
ယင်းနောက် နေ့အလိုက် အပျော်တမ်းအဆင့် အမျိုးသမီးပြိုင်ပွဲနှင့် အပျော်တမ်းအဆင့် အမျိုးသားပြိုင်ပွဲ ဆုရရှိသူများအား အင်းဝဘဏ်လီမိတက် ဥက္ကဋ္ဌ ဗိုလ်ချုပ်ညိုစော ကလည်းကောင်း၊ Professional အဆင့်ပြိုင်ပွဲ ဆုရရှိသူများအား မြ၀တီဘဏ် လီမိတက်ဥက္ကဋ္ဌ ဗိုလ်ချုပ်ဆန်းဦး ကလည်းကောင်း၊ အပျော်တမ်း အဆင့် အမျိုးသမီးပြိုင်ပွဲ (ပထမ၊ ဒုတိယ၊ တတိယနေ့ ပွဲစဉ်များ)တွင် စုစုပေါင်းရိုက်ချက်၂၂၅ ချက်ဖြင့် ပထမဆု ရရှိသော မယဉ်မေမျိုး၊ စုစုပေါင်းရိုက်ချက်၂၃၄ ချက် ဖြင့် ဒုတိယဆုရရှိသော မမေဦးခိုင်၊ စုစုပေါင်းရိုက်ချက် ၂၃၆ ချက်ဖြင့်တတိယဆုရရှိသော မခင်မာနွယ် တို့အား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က လည်းကောင်း၊ အပျော်တမ်းအဆင့် အမျိုးသား ပြိုင်ပွဲ (ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထနေ့ပွဲစဉ်များ)တွင် စုစုပေါင်းရိုက်ချက်၂၈၉ ချက်ဖြင့် ပထမဆုရရှိသော ကိုသိန်းနိုင်စိုး၊ စုစုပေါင်း ရိုက်ချက်၂၉၀ ချက်ဖြင့် ဒုတိယဆုရရှိသော ကိုမောင်မောင်ဦး၊ စုစုပေါင်းရိုက်ချက် ၂၉၃ ချက်ဖြင့် တတိယဆု ရရှိသော ကိုဌေးအောင်ဌေး တို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေကလည်းကောင်း၊ Professional အဆင့်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၈၅ ချက်ဖြင့်သတ်မှတ်ရိုက်ချက်ထက် ၃ ချက်လျော့ရိုက်၍ ပထမဆုရရှိသော ကိုမျိုးဝင်းအောင်၊ စုစုပေါင်းရိုက်ချက်၂၈၈ ချက်ဖြင့်ဒုတိယဆုရရှိသော ကိုမင်းနိုင်၊ စုစုပေါင်းရိုက်ချက် ၂၉၀ ချက်ဖြင့် တတိယဆုရရှိသော ကိုစိုးကျော်နိုင် တို့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းက လည်းကောင်း၊ ၂၀၁၄ ခုနှစ်၊ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက် ပြိုင်ပွဲများဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံနှင့် နေပြည်တော် တို့တွင် ကျင်းပ ပြုလုပ်ခဲ့သော ပွဲစဉ် ၆ ခု၌ အကောင်းဆုံး အပျော်တမ်းအဆင့် အမျိုးသမီးဆုရရှိသူ မယဉ်မေမျိုးနှင့် အကောင်းဆုံး အပျော်တမ်းအဆင့်အမျိုးသား ဆုရရှိသူ ကိုမောင်မောင်ဦး တို့အား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်းကောင်းဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။
ထို့နောက် ၂၀၁၄ ခုနှစ်၊ မြန်မာပြည်တွင်းပတ်လည်ပွဲစဉ်တစ်လျောက် Professional အဆင့်ပြိုင်ပွဲတိုင်းတွင် ဆုကြေးငွေ အများဆုံးရရှိသူ (Order of Merit Award) Winner ဆုရှင် ကိုဇော်ဇော်လတ်အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ဆုရရှိခဲ့သော အားကစား သမားများ ကိုယ်စား အပျော်တမ်းအဆင့် အမျိုးသမီး အားကစားသမား မယဉ်မေမျိုး က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများနှင့် အားကစား သမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သော၂၀၁၄ ခုနှစ် မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ စတုထ္ထနေ့ပြိုင်ပွဲတွင် Professional အဆင့် ၂၀ ဦး၊ အပျော်တမ်းအဆင့် အမျိုးသား ၂၀ ဦး၊ အပျော်တမ်းအဆင့် အမျိုးသမီး ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
၂၀၁၄ ခုနှစ် မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမပွဲစဉ်အား နေပြည်တော်ရှိ Royal Myanmar ဂေါက်ကလပ် တွင် လည်းကောင်း၊ ဒုတိယပွဲစဉ်အား ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကလပ်တွင် လည်းကောင်း၊ တတိယပွဲစဉ်အား မန္တလေးမြို့ရှိ ရွှေမန်းတောင် ဂေါက်ကလပ်တွင် လည်းကောင်း၊ စတုထ္ထပွဲစဉ် အား ပြင်ဦးလွင်မြို့ ရှိ ပြင်ဦးလွင် ဂေါက်ကလပ်တွင် လည်းကောင်း၊ ပဉ္စမပွဲစဉ်အား ပုဂံမြို့ရှိ ပုဂံဂေါက်ကလပ်တွင် လည်းကောင်း၊ နောက်ဆုံး ပွဲစဉ်အား နေပြည်တော် ဇေယျာ သီရိဂေါက်ကလပ်တွင် လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့သည်။

No comments:

Post a Comment