Sunday, November 30, 2014

ရာဘာဈေးနှုန်း ကျဆင်းနေသောကြောင့် တံတားဦးကျေးရွာမှ ရာဘာစဥ့်ခွက်လုပ်ငန်းများ ထုတ်လုပ်မှု ကျဆင်း

သထုံ၊  နိုဝင်ဘာ၊  ၃၀      
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရာဘာဈေးနှုန်း ကျဆင်းနေသော ကြောင့် ရာဘာအစေးခံခွက် ထုတ်လုပ်သည့် စဥ့်ထည်လုပ်ငန်းများ ထုတ်လုပ်မှုကျဆင်းလာကြောင်း သိရသည်။ “မနှစ်က ခွက်ကြီး တစ်ခွက်ကို ဖောက်သည်ဈေး ၁၀ဝကျပ်



ရတယ်။ ဒီနှစ် ၉၀ လောက်ဘဲရတာ ခွက် ၄၅၀၀ ထွက်တဲ့ ဖို တစ်ဖိုကို ၅သောင်းလောက်ဘဲကျန်တယ်။ ပြီးခဲ့တဲ့နှစ် ဒီအချိန်ဆို ခွက် တသိန်းလောက် ရောင်းရနေပြီ။ ရာဘာက ဈေးကျတော့ ဒီနှစ်မှာ ခွက် ငါးသောင်း လောက်ဘဲ ရောင်းလို့ရသေးတယ်။ ကျွန်မတို့ မိသားစု ဒီအလုပ် လုပ်လာတာ ၁၀ နှစ်ကျော်ပါပြီ။ ဒီနှစ် တွက်ခြေမကိုက်ဆုံးဘဲ ဟု တံတားဦးကျေးရွာမှ မြတ်မေမေ ရာဘာခံခွက်နှင့် စဉ်ထည်လုပ်ငန်းမှ မချောစုလှိုင် ကပြောသည်။ ဒေသခံခြံရှင်အများစုက စဥ့်ထည်ရာ ဘာခွက် ကို နှစ်ခြိုက် အသုံးပြုကြသော်လည်း အချို့မှာ တန်ဖိုးပိုမိုနည်းပါးသော ပလတ်စတစ် ဖြင့် ပြုလုပ်သည့် ရာဘာခံခွက် အသုံးပြုကြ သူများ လည်း ရှိနေကြောင်း သိရသည်။
စဥ့်ခွက်ရဲ့ လက်လီဈေးက ကျပ် ၁၅၀ လောက်ရှိပြီး ပလတ်စတစ်ခွက်က ၁၀၀ ကျပ်လောက်ရှိတယ်။ တွက်ခြေမကိုက် လို့ ဈေးနည်းတာ သုံးသူရှိပေမယ့် အများအားဖြင့်တော့ စဥ့်ခွက်သုံးကြတယ်။ ပလတ်စတစ် ခွက်က ရာဘာစေးကပ်ပြီး ခွာရခက်တယ်၊ နောက်ပြီးပေါ့တော့ လေတိုက်ရင်လွင့်တယ်။ ဒေသထွက်တဲ့ စဥ့်ခွက်ကရေရှည်ခံတယ် အလေအလွင့် နည်းပါးအောင်တော့ စနစ်တကျ ထိန်းသိမ်းရတာပေါ့ ဟု ဝင်းပ ကျေးရွာမှ ရာဘာခြံရှင် ကိုကျော်ဇင် ကပြောသည်။ သထုံမြို့နယ်တွင် ရာဘာအစေးခံစဥ့်ခွက်များကို တံတားဦးကျေးရွာတွင် အများအားဖြင့် ထုတ်လုပ် ခြင်းဖြစ်ပြီး စဥ့်ထည် ဖို ၁၀ ဖို ခန့်ရှိကာ ဒေသတွင်းမှ ရာဘာခြံရှင်များအပြင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ လာရောက် ဝယ်ယူသူများလည်း ရှိနေကြောင်း ရာဘာအစေးခံခွက် လုပ်ငန်းရှင် များထံမှ သိရသည်။

No comments:

Post a Comment