Sunday, November 30, 2014

နော်ဝေနိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ ပဲခူးမြို့၌တွေ့ဆုံ

ပဲခူး နိုဝင်ဘာ (၃၀)
နိုဝင်ဘာ (၂၉) ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr. Borge Brende နှင့် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အ စည်းများ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းများသည် ယနေ့ နံနက် (၈း၄၅) မိနစ်က ပဲခူးမြို့ရှိ ဟံသာဂါးဒင်း ဟိုတယ် ၌ နော်ဝေနိုင်ငံ မှငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အကူညီပေးရေး လုပ်ငန်းများ နှင့် ပတ်သတ်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။




တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် မွန်အမျိုးသမီးအဖွဲ့ (MWO) တို့ တက်ရောက်ခဲ့ကြသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲ IDPs (ဒေသတွင်းထွက်ပြေး တိမ်းရှောင်နေရသူများ) ကို အကူအညီ ပေးရေး ကိစ္စ၊ Norwegian People's Aid (နော်ဝေ ပြည်သူများ ထောက်ပံ့ရေးအဖွဲ့)နှင့် မြန်မာ အစိုးရတို့ ပူးပေါင်းကာ ပဲခူးတိုင်း ဒေသတွင်း၌ IDPs များကို မှတ်ပုံတင်ထုတ်ပေးရေး ရှေ့ပြေးစီမံ ကိန်း၏ အောင်မြင်မှု အခြေ အနေများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် များအတွက် ကူညီထောက်ပံ့ပေးရေး အစီအစဉ်များအား အဓိကထား ဆွေးနွေး ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေ သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အစိုးရအကူးအပြောင်း ကာလအတွင်း၌ အပြီးမသတ်နိုင်မည်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ စိုးရိမ်ပူပန်မှုများရှိနေပါကြောင်း၊ ငြိမ်းချမ်းရေး အား စားပွဲဝိုင်းပေါ်၌ ညှိနှိုင်းနေစဉ် ကာလအတွင်း မြေပြင်ပေါ်၌လည်း ငြိမ်းချမ်းရေး သက်ရောက်ရန် အရေးကြီးပါကြောင်း၊ မိမိတို့ အနေဖြင့် မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။
နော်ဝေ နိုင်ငံခြားရေး ၀န်ကြီး Mr. Borge Brende က မြန်မာနိုင်ငံ၌ အဖွဲ့အစည်းများအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆီသို့ အောင်အောင်မြင်မြင် ရောက်ရှိနိုင်ရန်မှာ ရှည်ကြာလိမ့် မည်ဖြစ်ပါကြောင်း၊ နော်ဝေနိုင်ငံ၏မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့ပေးမှုများသည် ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင် အောင် တည်ဆောက်ရာ၌ အထောက်အကူ ဖြစ်မည်ဟု ထင်မြင်ပါကြောင်း၊ နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖြင့် ရေရှည် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ် ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း ဖြင့် ယင်းဆွေးနွေးပွဲ၌ ပြောကြားသည်။
ဆွေးနွေးပွဲ၏ ပထမပိုင်း အစီအစဉ်အပြီးတွင် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့နှစ်ဦးမှ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက် များကို ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် နော်ဝေနိုင်ငံခြားရေး ၀န်ကြီးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင် များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သော နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ် ဖက်လူ့အဖွဲ့ အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေး ဗဟိုဌာန(MPC) သည် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက် ရှိသည့် ငြိမ်းချမ်းရေး ကိစ္စများရှင်းပြနိုင်ရန် လိုက်ပါခဲ့သည်။

No comments:

Post a Comment