Wednesday, November 26, 2014

အာဆီယံဒေသတွင်း သတင်းမီဒီယာများမှ အယ်ဒီတာများ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၅
အာဆီယံဒေသတွင်း သတင်းမီဒီယာများမှ အယ်ဒီတာများ၏ စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ အလံပြဘုရား လမ်းရှိ Park Royal Hotel ၌ ယနေ့ကျင်းပခဲ့ရာ အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ အာဆီယံနှင့် အရှေ့အာရှဒေသတွင်း စီးပွားရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ERIA မှ



အမှုဆောင်အရာရှိချုပ် Professor Hidetoshi Nishimura၊ မဇ္ဈိမမီဒီယာမှ အယ်ဒီတာချုပ် ဦးစိုးမြင့်နှင့် တာဝန်ရှိသူများ၊ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် အာဆီယံဒေသ ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုများ ''Challenges to Rising ASEAN''ဟူ၍ ဦးတည်ဆွေးနွေးခဲ့ပြီး ERIA မှ အမှုဆောင် အရာရှိချုပ် Professor Hidetoshi Nishimura နှင့် မဇ္ဈိမမီဒီယာအယ်ဒီတာချုပ် ဦးစိုးမြင့်တို့က အဖွင့်အမှာ စကားပြောကြားကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ''၂ဝ၁၅ အလွန် မြန်မာ-အာဆီယံ''ခေါင်းစဉ်ဖြင့် အမှာ စကားပြောကြားသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အာဆီယံဥက္ကဋ္ဌသစ်နှင့် ၂ဝ၁၅ ခုနှစ် အာဆီယံ စီးပွားရေး ပေါင်းစည်းမှုတွင် ဒေသတွင်း ဘက်စုံလွှမ်းခြုံနိုင်သော စီးပွားရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး၏ အကျိုးဆက်များ၊ အာဆီယံမြှင့်တင်ရေးတွင် အနာဂတ်စိန်ခေါ်မှုများ၊ အာဆီယံဆက်သွယ်ပေါင်းစည်းမှုနှင့် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်များကို စကားဝိုင်းဆွေးနွေးခဲ့သည်။
ထို့ပြင် မီဒီယာကဏ္ဍဆွေးနွေးမှုအဖြစ် အာဆီယံ မြှင့်တင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အကျိုးဖြစ်ထွန်းမှုများ တွင် အရှေ့နှင့်အနောက်အမြင်များကို ဂျပန်နိုင်ငံမှ NHK သတင်းဌာန၊ ထိုင်းနိုင်ငံမှ The Nation သတင်းစာ၊ နယူး ဇီလန်နိုင်ငံမှ Fairfax Media၊ Asia Wall Street ဂျာနယ် နှင့် တရုတ်နိုင်ငံမှ People's Daily သတင်းမီဒီယာများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲများအပြီးတွင် အာဆီယံအတွင်းရေးမှူးချုပ် လီယောင်မင်သည် စကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက် လာသော အာဆီယံဒေသတွင်းသတင်းမီဒီယာများမှ အယ်ဒီတာများနှင့် အာဆီယံဒေသတွင်း အရေးကိစ္စများကို ဆွေးနွေးခဲ့ပြီး အယ်ဒီတာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက်ERIA rS Senior Communication Advisor Mr. Kavi Chongkittavorn က နိဂုံးချုပ်အမှာ စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ တတိယအကြိမ်မြောက် အာဆီယံဒေသတွင်း အယ်ဒီတာများ စကားဝိုင်းဆွေးနွေးပွဲကို အာဆီယံ-အရှေ့အာရှ စီးပွားရေးဆိုင်ရာ သုတေသနသင်တန်းကျောင်း (Economic Research Institute for Asean and East Asia-ERIA) နှင့် မဇ္ဈိမမီဒီယာတို့ ပူးပေါင်းကျင်းပခဲ့ကြောင်း သိရသည်။

No comments:

Post a Comment