Friday, November 28, 2014

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မန္တလေး ဆေးရုံကြီးအား ကြည့်ရှုစစ်ဆေး


နေပြည်တော် နိုဝင်ဘာ ၂၇
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးရှိ ၀န်ထမ်းများအား တွေ့ဆုံပွဲနှင့် အလှူငွေ ပေးအပ်ပွဲသို့ တက်ရောက်၍  အမှာစကား ပြောကြားခဲ့သည်။



ရှေးဦးစွာ ဆေးရုံကြီးဝင်းအတွင်း တိုးချဲ့၁၀ ထပ်ဆောင်ရှိ Training Centre ခန်းမတွင် ဒုတိယ သမ္မတအား ဆေးရုံအုပ်ကြီးက ခေတ်မီ စက်ကိရိယာ ပစ္စည်းများ တပ်ဆင် အသုံးပြုမှု၊ နိုင်ငံတော်၏ အထောက်အပံ့ဖြင့် ဆေးရုံတက် လူနာများအား အခမဲ့ ကုသပေးနေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု တိုးတက် ဆောင်ရွက်ပေးနိုင်မှု၊ ဆောက်လုပ်ပြီး/ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြီးစီးမှုများနှင့် ၂၀၁၄ ခုနှစ်လုပ်ငန်း လျာထားချက် များကို ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမှာစကား ပြောကြားရာတွင် ကျန်းမာရေးနှင့် ပတ်သက်၍ အဆောက်အအုံ လိုအပ်ချက်၊ ၀န်ထမ်း လိုအပ်ချက်၊ ဆေးရုံသုံး စက်ကိရိယာ လိုအပ်ချက်နှင့် ဆေးပညာရပ်ဆိုင်ရာ သင်ကြားရေးပိုင်း လိုအပ်ချက်များကို သိရှိပါကြောင်း၊ နိုင်ငံတော်ကလည်း ဘက်ဂျက်အပေါ် မူတည်ပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ သို့သော် ဆေးရုံတိုင်းတွင် လူနာများ ပြည့်ကြပ်နေသည့် အတွက် ခုတင်များအပြင် ခုံတန်းများပါ အစားထိုး ဆောင်ရွက် နေသည်များကိုလည်း တွေ့ရှိနေရကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံ အရဆရာဝန်၊ ဆရာမများ လိုအပ် နေသေးပါကြောင်း၊ လူနာများအား အခမဲ့ ကုသပေးမှုများ ရှိလာသဖြင့် ပြည်သူများက ဆေးရုံကြီးများကို အားကိုးမှု ပိုမိုရှိ လာသည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ ဆေးဝါးအခမဲ့ ကုသပေးမှုများကို ပိုမို ဆောင်ရွက် ပေးနေခြင်းကြောင့် ပြည်သူများက ဆေးရုံကြီးကို ပိုမို အားကိုးလာသဖြင့် ၀န်ဆောင်မှု အပိုင်းတွင် ပိုပြီး အားနည်း သွားနိုင်ပါကြောင်း၊ လက်ရှိ တိုးချဲ့ ၁၀ ထပ်ဆောင်ကြီးတွင် လူနာများကို တက်ရောက် ကုသမှု ပေးနိုင်ပါက လက်ရှိ အဆောင်များတွင် ပြည့်ကြပ်မှု မရှိတော့ဘဲ သက်သောင့် သက်သာ ကုသမှုခံယူလာ နိုင်တော့မည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် အဆင့်မြင့် စက်ကိရိယာများဖြင့် ကုသ ပေးလျက် ရှိသော်လည်း လိုအပ်ချက်များမှာ ရှိနေဦးမည်သာ ဖြစ်ပါကြောင်း။
နိုင်ငံတကာ အတွေ့အကြုံများ အရ စင်ကာပူနိုင်ငံမှ Speciality (or) sub-speciality ထက် primary care အဆင့်ကိုသာ သွားစေချင်ကြောင်း အကြံပြုကြပြီး တရုတ်နိုင်ငံတွင်လည်း ချောင်းဆိုးရောဂါ၊ ၀မ်းပျက် ၀မ်းလျှော ရောဂါနှင့် ငှက်ဖျား ရောဂါတို့ ဖြစ်ပွားမှု မရှိသလောက် ဖြစ်နေပါကြောင်း၊ အဘယ့်ကြောင့် ဆိုသော် တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ကျန်းမာရေး အသိကိုယ်စီ ရှိနေသောကြောင့် တဖြည်းဖြည်း ရောဂါ ဖြစ်ပွားမှု လျော့နည်း သွားခြင်း ဖြစ်ပါကြောင်း၊ လက်ရှိဆေးရုံများတွင် ကျန်းမာရေး ၀န်ထမ်းများ လိုအပ်ချက် ရှိနေပြီး ပြင်ပတွင်မူ ဆရာဝန်၊ ဆရာမများ ပိုနေခြင်းကြောင့် ၀န်ထမ်း အများအပြား ခန့်ထားနိုင်ရန် လိုအပ်ပါကြောင်း။
ထိုသို့ ခန့်ထားနိုင်ရန် လက်ရှိ ဆေးရုံခုတင်များ တိုးချဲ့နိုင်ပါက လစ်လပ် ရာထူးများ ပေါ်လာပြီး ပိုမို ခန့်ထားလာနိုင်မည် ဖြစ်ပါကြောင်း။ လက်ရှိ နေထိုင်လျက် ရှိသော ၀န်ထမ်း အိမ်ရာများမှာ ဟောင်းနွမ်း ဆွေးမြေ့နေသဖြင့် အသစ် ဆောက်လုပ်ပေးရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေး ဘက်ဂျက်နှင့် ပတ်သက်၍ အသုံးစရိတ်များ ပိုမို ချထားပေးသော်လည်း စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ပိုငွေများ ဖြစ်ပေါ်လာပြီး နိုင်ငံတော်ကို ပြန်လည် ပေးအပ်ခြင်းများ ရှိလာခဲ့ရာ အမှန်တကယ် သုံးစွဲရမည့် ကိစ္စများတွင် နစ်နာမှုများ ဖြစ်သွားနိုင်ပါကြောင်း၊ဆရာကြီး၊ ဆရာမကြီးများအား အထူး မှာကြားလိုသည်မှာ နိုင်ငံတော် အစိုးရက လိုအပ်ချက်များကို စီမံကိန်း အရ ဖြည့်ဆည်း ပေးလျက် ရှိနေသကဲ့သို့ ဆရာကြီး၊ ဆရာမကြီး များနှင့် သူနာပြုအားလုံးတို့ကလည်း စေတနာထား ကြည့်ရူ စောင့်ရှောက် ပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးအတွက် အလှူရှင် ဦးသူရခိုင် + ဒေါ်ဌေးဌေးဝင်း၊ (သား) ထက်သူရအောင်(Pink Mobile Centre) မိသားစုက အလှူငွေ ကျပ်သိန်း ၅၀၀ ပေးအပ် လှူဒါန်းရာ ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဦးဝင်းမြင့်က အလှူငွေများကိုလက်ခံရယူသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ၁၀ ထပ် ဆေးကုသဆောင် မြေညီထပ်တွင် တပ်ဆင်ထားသည့် Digital X-ray စက်၊ CT Scan 64 slide စကနှင့် MRI စက်များကို ကြည့်ရှုစစ်ဆေးပြီး ဖျားနာဆောင်()တွင် တက်ရောက် ကုသနေသည့် လူနာများအား အားပေး စကား ပြောကြားကာ အထူးကု ဆရာဝန်ကြီးများ၊ ဘွဲ့လွန် ဆရာဝန်များ၊ အလုပ်သင် ဆရာဝန်များနှင့် သူနာပြုများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

No comments:

Post a Comment