Saturday, November 29, 2014

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော်  နိုဝင်ဘာ ၂၈
သမ္မတရုံးဝန်ကြီးဌာန ပြံည်ထောင်စုဝန်ကြီး ဦးလှထွန်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မှ တပ်မတော် ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာရာ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းလားမြို့ သို့ ရောက်ရှိရာ မိုင်းလားအထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် တာဝန်ရှိသူများ၊ “ဝ” တိုင်းရင်းသားများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် မိုင်းလားအထူးဒေသ (၄) မှ တာဝန်ရှိသူများနှင့် ရွှေဟင်္သာဟိုတယ် အစည်းအဝေးခန်းမတွင် ဆွေးနွေးပွဲပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက အမှာစကား ပြောကြားရာတွင် မိမိသည် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တိုးတက်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်နေသည်များ ဖြည့်ဆည်းပေး ရန် လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ နှစ်ပေါင်းများစွာ စည်းလုံးညီညွတ်ရေး ဆောင်ရွက်ခဲ့သော်လည်း အားနည်းမှုများကြောင့် တိုင်းရင်းသား ညီအစ်ကိုများ မတည်မငြိမ်ဖြစ်ခဲ့မှုများကို နိုင်ငံတော်သမ္မတ၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ “ဝ”ဒေသအနေဖြင့် တည်ငြိမ်အေးချမ်းမှု၏ ရလဒ်အဖြစ် ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်ကို လက်တွေ့ရရှိ နေပြီဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုများ တစ်ပြေးညီ ဖြစ်စေရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေများကို မျှဝေကျခံ သုံးစွဲနေကြောင်း၊ ဒေသ၏လိုအပ် ချက်များကို ချစ်ကြည်ရင်းနှီးစွာ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ရှိသူများ၏ တာဝန်ခံမှုများဖြင့် ဆောင်ရွက် သွားခြင်းဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် သွားနိုင်မည် ဖြစ်ကြောင်း၊ မြို့ပြစီမံကိန်းများနှင့်အတူ ကျေးလက် များတွင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းရေးအတွက် အဓိကလိုအပ်ချက်သည် တရားဥပဒေစိုးမိုးရေးနှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်း ရေးပင် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ဒေသတစ်ခုနှင့် တစ်ခု ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း ပပျောက်စေရအောင် ပြည်ထောင်စုကြီး၏ နယ်မြေဒေသ အစိတ်အပိုင်းများအားလုံး ညီညွတ် မျှတစွာ ဖွံ့ဖြိုးတိုးတက်စေရန် စီမံကိန်းများချမှတ်ပြီး ရည်မှန်းချက်ရှိရှိ ဆောင်ရွက်ပေး နေခြင်းပင် ဖြစ်ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားလိုအပ်ချက်ကို အဓိကထား ဖြည့်ဆည်းပေးနိုင်ရန် ဦးစားပေး လုပ်ငန်းစဉ် (၇) ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်သည့် ကာလတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ ကိုယ်တိုင် လာရောက်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ ရေ၊ မြေ၊ တော၊ တောင်၊ သဘာသယံဇာနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်နိုင်မှု အခြေအနေ အလားအလာများကို မျက်မြင်တွေ့ရှိခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝိုင်းဝန်းကူညီရန် ဆန္ဒပြုခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ လိုအပ်ချက်များအပေါ်မူတည်၍ ဘဏ္ဍာရန်ပုံငွေများကို နှစ်အလိုက် ခွဲဝေချထားပေး လျက်ရှိကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေဖြင့် အနေအထိုင်၊ ဝတ်စား ဆင်ယင်မှုများသည် မြေပြန့်နှင့်တောင်ပေါ် ကွဲပြားခြားနား၍သာ တစ်မျိုးတစ်ဖုံဟု မြင်တွေ့ရမည်ဖြစ်သော် လည်း စိတ်ရင်းစေတနာများမှာ တစ်ဦးတစ်ဦး ညီအစ်ကိုမောင်နှမအဖြစ် ခံယူပြီး ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက နယ်စပ် ရေးရာ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုများ၊ ဒေသ ဖွံ့ဖြိုးရေး တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ကျောင်းများသို့ တက်ရောက်နိုင်ရေး စီစဉ်ထားရှိမှုများကို ရှင်းလင်းပြောကြား သည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျန်းမာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်သိန်းသိန်းဌေးက ကျန်းမာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ ရေတိုရေရှည် ဖြည့်တင်းဆောင်ရွက်ပေး မည့်အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် “ဝ”အထူးဒေသ(၄) မှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခမ်းမောင်မှ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဒေသ၏ လိုအပ်ချက်များကိုလည်းကောင်း၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော် အကြီးအကဲများနှင့် ညှိနှိုင်း ထားသည့်အတိုင်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး အတွက်လည်းကောင်း၊ အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက်ရေး အတွက်လည်းကောင်း လက်တွဲပူးပေါင်း ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ထိုနောက် မိုင်လားမြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေမျာအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့်အဖွဲ့ဝင်များသည် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ပန်ဆန်းမြို့တွင် “ဝ” အထူးဒေသ(၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျှံ နှင့်ဒေသခံ ပြည်သူများက ကြိုဆိုကြသည်။
ထို့နောက် “ဝ” အထူးဒေသ (၂) အစည်းအဝေးခန်းမ၌ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းမှ ပြောကြားရာတွင် နယ်မြေတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ် သည်ကို “ဝ” ဒေသမှ သက်သေခံ လျက်ရှိကြောင်း၊ နိုင်ငံတော်သမ္မတ၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရာတွင် ဒီမိုကရေစီစနစ်၏ အနှစ်သာရအတိုင်း ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့်၊ ဆွေးနွေး ခွင့်များပေးအပ်ခဲ့ကြောင်း၊ ဒုတိယ အဆင့်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် (၄) ရပ် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန်အတွက် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရခြင်းသည် အခက်အခဲဆုံး ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရန်အတွက် အုပ်ချုပ်ရေး ကဏ္ဍသည် အရေးကြီးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုအခြေခံ၍ ဆောင်ရွက်ရပါကြောင်း၊ မိမိဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစား လုပ်ကိုင်သည့် ဒေသများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ တောင်ပေါ်မြေပြန့်ဒေသ မခွဲခြားဘဲ အခွင့်အရေးတန်းတူရရှိပြီး ဖွံ့ဖြိုးတိုးတက်ရန် အတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးနေပါကြောင်း၊ “ဝ” ဒေသတာဝန်ရှိသူများ၏ စနစ်တကျ ဆောင်ရွက်နေခြင်းကြောင့် ဖွံ့ဖြိုး တိုးတက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဒေသလိုအပ်ချက်များကို နိုင်ငံတော်အစိုးရမှ ကူညီပံ့ပိုး ပေးသွားမည်ဖြစ်ပြီး ဒေသအဖွဲ့ အစည်းများမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ဖြင့် ပြောကြားသည်။

ဆက်လက်၍ “ဝ” အထူးဒေသ(၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျှံ မှ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် များကို တင်ပြရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့မှ ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက ပေါင်းစပ်ညှိနှိုင်း ပေးသည်။  ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် “ဝ” အထူး ဒေသ(၂)၊ ပန်ဆန်းမြို့ အတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးသည်။

No comments:

Post a Comment