Friday, November 28, 2014

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အကြိမ်(၂၀)မြောက် အာဆီယံ ပို့ဆောင်ရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား


မန္တလေး နိုဝင်ဘာ ၂၇
အကြိမ် (၂၀)မြောက် အာဆီယံ ပို့ဆောင်ရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီ (၄၅) မိနစ်တွင် မန္တလေးမြို့ ရွှေပြည်သာ ဟိုတယ် သာရတနာ ခန်းမ၌  ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အဖွင့် အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ဦးသန်းဌေး၊ ဒုတိယ၀န်ကြီးများ၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီးများ၊ အာဆီယံ နိုင်ငံများမှ ပို့ဆောင်ရေး ၀န်ကြီးများ၊ ဆွေးနွေးဖက် နိုင်ငံများ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့မှ ပို့ဆောင်ရေး ၀န်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံများမှ ပို့ဆောင်ရေး ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမှာစကား ပြောကြားရာ၌ ၂၀၂၀ ခုနှစ် အာဆီယံ ရည်မှန်းချက်နှင့် အညီ အာဆီယံ အသိုက်အ၀န်းသည် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု စသော မဏ္ဍိုင်သုံးရပ်ပေါ် အခြေခံ ထားကြောင်း၊ မဏ္ဍိုင်သုံးခုထဲမှ တစ်ခုချင်းသည် ချိတ်ဆက်မှု လိုအပ်ကြောင်း၊ ထို့ကြောင့် ချိတ်ဆက်မှုသည် ၂၀၁၅ အလွန် အာဆီယံ ရည်မှန်းချက် အထမြောက် အောင်မြင်ရေးတွင် အဓိကကျသည့် အာဆီယံ အသင်းကြီး အတွက် အထူးပင် အရေးကြီး ပါကြောင်း။
၂၀၁၄ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော အာဆီယံ အသိုက်အ၀န်း၏ ၂၀၁၅ အလွန် ရည်မှန်းချက်မှာ အာဆီယံ အသင်းကြီးသည် လက်ရှိနှင့် အနာဂတ် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ရန် နိုင်ငံရေးအရ စည်းလုံးပြီး စီးပွားရေးအရ ပေါင်းစည်းကာ လူမှုရေးအရ တာဝန်ယူသော ပြည်သူ့ဗဟိုပြု အဖွဲ့အစည်း တစ်ရပ် ဖြစ်ရန် လိုကြောင်း။
ယင်းကဲ့သို့ ရည်မှန်းချက် အထမြောက်ရန် အာဆီယံ အသင်းကြီး အနေဖြင့် ကြီးမားသော အခြေခံ အဆောက်အအုံ ဆိုင်ရာ ချိတ်ဆက်မှုနှင့် အင်စတီကျူးရှင်း ဆိုင်ရာ ချိတ်ဆက်မှုများ အပြင် ပြည်သူအချင်းချင်း ချိတ်ဆက်မှုများ မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ချိတ်ဆက်မှု အရေးကြီးကြောင်းကို အသိအမှတ်ပြုကာ စီမံကိန်းကြီး တစ်ခုဖြစ်သည့် Master Plan ကို ချမှတ် အကောင်အထည် ဖော်နေကြောင်း။
ဒေသတွင်း ပို့ဆောင်ရေး စနစ်၊ ပို့ဆောင်ရေး နည်းလမ်း၊ ပို့ဆောင်ရေး ဆိုင်ရာ အင်စတီကျူးရှင်းများ ပါဝင်သော ပို့ဆောင်ရေး ကဏ္ဍသည် ဒေသတွင်း အပြန်အလှန် ကုန်သွယ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုပါကြောင်း၊ ပို့ဆောင်ရေးကဏ္ဍ တိုးတက် ဖွံ့ဖြိုးလာသည်နှင့် အမျှ ဒေသတွင်း ဖွံ့ဖြိုးမှု ကွာဟချက်ကို လျော့နည်းစေမည့် အပြင် အာဆီယံ ပေါင်းစည်းမှုကို အထောက်အကူပြုမှာ ဖြစ်ကြောင်း။
မိမိအနေဖြင့် အာဆီယံ အသိုက်အ၀န်း အတွက် လမ်းပြမြေပုံ အကောင် အထည်ဖော်ရာတွင် ရရှိသော အောင်မြင်မှုများကို ကြိုဆိုပါကြောင်း၊ လမ်းပြ မြေပုံမှသည် ဖော်ပြပါ အာဆီယံ၏ မဏ္ဍိုင် သုံးရပ်အတွက် အသေးစိတ် စီမံချက်ကို ပုံဖော်ပေးခဲ့ကြောင်း။ ယင်းအသေးစိတ် စီမံချက်များမှာ နိုင်ငံရေး- လုံခြုံရေး စီမံချက်၊ စီးပွားရေး စီမံချက်နှင့် လူမှု- ယဉ်ကျေးမှု စီမံချက်များ ဖြစ်ပါကြောင်း။
ထို့ပြင် ဖွံ့ဖြိုးမှု နည်းပါးသော ဒေသများမှ လမ်းများသည် ဆင်းရဲမှု လျော့ချရေး၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျော့နည်းစေပြီး ဒေသခံများ၏ လူနေမှု အဆင့်အတန်းကို မြင့်မားစေကြောင်း။
ယနေ့ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ခြားနားချက်၊ ကွာဟချက်များကို ဖြစ်ပေါ်စေကြောင်း၊ ဖွံ့ဖြိုးမှု နောက်ကျသော သူများမှာ ကားလမ်း၊ ရထားလမ်း မရှိသော ကျေးရွာများမှ လူများ၊ ဝေးလံ ခေါင်ဖျားပြီး တောတောင် ထူထပ်သော ဒေသမှ လူများ ဖြစ်ကြကြောင်း၊ ယင်းဒေသခံများသည် ဆင်းရဲ တွင်းနက်သည့် အပြင် အာဟာရ ချို့တဲ့မှု၊ မိခင်နှင့် ကလေးသေနှုန်း မြင့်မားမှုနှင့် ကျောင်းနေနိုင်မှု၊ စာတတ်မြောက်မှုများလည်း နိမ့်ကျနေကြောင်း။
ထို့ကြောင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်နေပါမှ ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော ၀န်ဆောင်မှုများပါ တိုးတက် မြင့်မားလာမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် ပထ၀ီပိုင်း အနေအထားအရ ထူးခြား ကောင်းမွန်သည့် အခွင့်အလမ်းများ ပိုင်ဆိုင် ထားပါကြောင်း၊ တရုတ်နှင့် အရှေ့တောင် အာရှအပြင် တောင်အာရှနှင့်ပါ လမ်းကွန်ယက်များနှင့် ပို့ဆောင်ရေးများ အကြား သဘာဝအလျောက် ချိတ်ဆက်ထားပြီ ဖြစ်ရာ ယင်းအချက်ကပင် မြန်မာနိုင်ငံသည် မကြာမီ နှစ်များအတွင်း ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ ဆောင်ရေးအတွက် အချက်အချာ ကျသည့် ဒေသတစ်ခု ဖြစ်လာလိမ့်မည် မိမိတို့ မျှော်လင့်ပါကြောင်း။
မျက်မှောက် ကာလတွင် ကျွန်ုပ်တို့၏ သယ်ယူ ပို့ဆောင်ရေး ကွန်ယက်များနှင့် အခြေခံအ ဆောက်အအုံတို့၏ အရည်အသွေးနှင့် အရေအတွက် ဖွံ့ဖြိုး တိုးတက်ရန် အလွန် လိုအပ်ပါကြောင်း။
ထို့အပြင် ရှိရင်းစွဲ သယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက် အအုံများအား အဆင့် မြှင့်တင်ရန်နှင့် ဘက်စုံ သယ်ယူ ပို့ဆောင်ရေး အတွက် အခြေခံ အဆောက်အအုံ သစ်များ ဆောက်လုပ်ရန် ကျွန်ုပ်တို့ သံန္နိဌာန် ချထားကြောင်း။
မြန်မာနိုင်ငံသည် ထိုရည်မှန်းချက် ပြည့်မီရန်အတွက်  အမျိုးသား သယ်ယူ ပို့ဆောင်ရေး မဟာ စီမံကိန်းကို ဂျပန်အစိုးရ၏ အကူအညီဖြင့် ရေးဆွဲလျှက်ရှိပါကြောင်း။
ယင်းမဟာ စီမံကိန်းတွင် သယ်ယူ ပို့ဆောင်ရေး နည်းလမ်း အားလုံးဖြစ်သော လမ်း၊ ရထားလမ်း၊ ရေလမ်းများ၊ လေကြောင်းနှင့် ပင်လယ် ရေကြောင်း သယ်ယူ ပို့ဆောင်ရေးတို့ ပါဝင်ကြောင်း။
ကျွန်ုပ်တို့သည် အမျိုးသား သယ်ယူ ပို့ဆောင်ရေး မဟာစီမံကိန်း အကောင်အထည် ဖော်ရာတွင် ဘေးအန္တရာယ် ကင်းပြီး ခရီးရောက်ကာ အများပြည်သူ အကုန်အကျခံနိုင်သော  သယ်ယူ ပို့ဆောင်ရေး စနစ် ဖန်တီးခြင်းဖြင့် ပြည်သူတို့ ဘ၀မြှင့်တင်ပေးရန် ရည်ရွယ်ပါကြောင်း။
သို့ရာတွင် သယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်းသည် ကြီးမားသော ဘဏ္ဍာရေး အရင်းအမြစ်များ လိုအပ်ယုံ သာမက ကျန်းမာရေး၊ ဘေးကင်း လုံခြုံရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အလေးထားစရာများ ဖြည့်ဆည်း ပေးမည့် ခေတ်မီ နည်းပညာလည်း လိုအပ်ပါကြောင်း။
ဤနေရာတွင် ပြည်သူ- ပုဂ္ဂလိက အစုစပ် လုပ်ငန်းများ (PPP) သည် အခြေခံ အဆောက်အအုံ ကွာဟချက် ပပျောက်စေရေး အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း။
ကျွန်ုပ်တို့သည် ထိုအရာကို ထည့်သွင်း စဉ်းစားရန် အတွက် ပုဂ္ဂလိက ကဏ္ဍပါဝင် ဆောင်ရွက်ရေးကို အထောက်အပံ့ပေးလျှက် ရှိပြီး ပြည်သူ- ပုဂ္ဂလိက အစုစပ်လုပ်ငန်းများ (PPP) မူဘောင် ချမှတ်ရန် အတွက် အာဆီယံ အခြေခံမူများကို ရေးဆွဲ ပုံဖော်လျက် ရှိကြောင်း။
အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်း အားကောင်း လာစေရေးနှင့် ဒေသတွင်း ပေါင်းစည်း ဆက်သွယ်မှု မြှင့်တင်ရေး အတွက် အာဆီယံ အဝေးပြေးလမ်းမ ကွန်ယက်၊ စင်ကာပူ- ကူမင်း ရထားလမ်း ချိတ်ဆက်မှု၊ အာဆီယံ၏ တစ်ခုတည်းသော လေကြောင်း ပို့ဆောင်ရေး ဈေးကွက်နှင့် အာဆီယံ၏ တစ်ခုတည်းသော ပင်လယ် ရေကြောင်း ပို့ဆောင်ရေး ဈေးကွက် ပဏာမ ခြေလှမ်းများ ပြီးစီးမှု အပါအ၀င် အကျိုးများသော၊ စိတ်ချသော၊ ရေရှည် ခံသော ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖွံ့ဖြိုး တိုးတက် လာစေရန် အာဆီယံ ခေါင်းဆောင် များက ၄င်းတို့၏ ခိုင်မာသော ကတိက၀တ်များကို ထပ်လောင်း အတည်ပြုခဲ့ကြောင်း။
ထိုအရာနှင့်ပတ်သက်၍ STOM ဟုလည်း ခေါ်ဆိုသည့် ၃၈ ကြိမ်မြောက် အဆင့်မြင့် ပို့ဆောင်ရေး အရာရှိကြီးများ အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးကြောင်း ကြားသိရသည့် အတွက် ၀မ်းမြောက်မိ ပါကြောင်း၊
STOM ၏ အကြံပြုချက်များ အပေါ် အခြေခံ၍ အာဆီယံ ပို့ဆောင်ရေး ၀န်ကြီးများသည် အောက်ပါ အရေးပါသော ကိစ္စသုံးရပ် အပေါ် သုံးသပ် သွားမည် ဖြစ်ကြောင်း၊၂၀၁၆ မှ ၂၀၂၅ ခုနှစ်အထိ အာဆီယံ ပို့ဆောင်ရေး ပူးပေါင်း ဆောင်ရွက်မှု မျှော်မှန်းချက် ချမှတ်ခြင်း၊ အာဆီယံ၏ တစ်ခုတည်းသော ရေကြောင်း ပို့ဆောင်ရေး ဈေးကွက် အကောင် အထည် ဖော်ဆောင်ရေး မူဘောင် ချမှတ်ခြင်းနှင့် ရေနံယိုဖိတ်မှု ပူးတွဲကြိုတင် ကာကွယ်ခြင်းနှင့် တုံ့ပြန် ဖြေရှင်းရေး အာဆီယံ လုပ်ထုံး လုပ်နည်း ဆိုင်ရာ နားလည်မှု စာချွန်လွှာ ချမှတ်ခြင်းနှင့် လက်မှတ် ရေးထိုးခြင်း။
၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဌ ဖြစ်သော မြန်မာနိုင်ငံက သတ်မှတ် ထားသော ဆောင်ပုဒ်မှာ “ရှေ့သို့တူညီ တက်လှမ်းချီ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ” ဟူ၍ ဖြစ်ကြောင်း။
အာဆီယံ၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ငြိမ်းချမ်း ဝေစည်၍ ကြွယ်ဝ ချမ်းသာသော အသိုက်အ၀န်း ပေါ်ထွန်းရေး ဖြစ်ပြီး ဤအကြိမ် ၂၀ မြောက် အာဆီယံ ပို့ဆောင်ရေး ၀န်ကြီးများ အစည်းအဝေးသည် နိုင်ငံတွင်း သာမက ဒေသတွင်းကိုပါ အကျိုး ဖြစ်ထွန်းစေမည့် အသီးအပွင့် တစ်ခု ဖော်ဆောင် ပေးမည်ဟု မျှော်လင့်ပါကြောင်းဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။
ယင်းနောက် ယဉ်ကျေးမှု အနုပညာအဖွဲ့မှ တပင်တိုင်အက၊ အာဆီယံ အကတို့ဖြင့် ကပြ ဖျော်ဖြေကြပြီး ဒုတိယ သမ္မတသည် အာဆီယံ ပို့ဆောင်ရေး ၀န်ကြီးများနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။

ဖွင့်ပွဲအပြီးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ရွှေပြည်သာ ဟိုတယ်ရှိ သီးသန့် ဧည့်ခန်းမဆောင်၌ အာဆီယံ ပို့ဆောင်ရေး ၀န်ကြီးများနှင့် တွေ့ဆုံခဲ့သည်။

No comments:

Post a Comment