Friday, November 28, 2014

ဒေါ်အောင်ဆန်းစုကြည်၏ အရေးကြီးအဆိုတွင် ပါရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် နည်းဥပဒေ မထွက်သေး ဆိုသည့် အချက် မှားယွင်းကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ပြန်လည်ရှင်းလင်း

နေပြည်တော် နိုဝင်ဘာ ၂၇
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၄) ရက်မြောက်နေ့ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အဆောက်အအုံ၌  ဆက်လက် ကျင်းပရာ ကော့မှူး မဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ၆၆ တွင် ပြဌာန်း ထားသော စည်းကမ်းချက်များနှင့် အညီ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းပြီး ဖြစ်သော ဥပဒေများကို နိုင်ငံတော်၏ လိုအပ်ချက်နှင့် အညီ အကောင်အထည် ဖော်နိုင်ရေးအတွက် နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ စသည်တို့ကို အချိန်နှင့် တစ်ပြေးညီ ဆောလျင်စွာ ထုတ်ပြန် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့သည်။

ထိုကဲ့သို့ တင်သွင်းရာတွင် မိမိတို့ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွတ်တော်၏ အဓိက တာဝန်မှာ ပြည်သူနှင့် နိုင်ငံကို အကျိုးပြုသည့် ဥပဒေများပြဌာန်း ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းဥပဒေများသည် ထိရောက်မှု ရှိပါမှ ပြည်သူများ၏ ဘ၀ပေါ်တွင် ထိရောက်မှု ရှိမှသာ မိမိတို့သည် ပြည်သူ အကျိုးပြုသည်ဟု ဆိုနိုင်မည် ဖြစ်ပါကြောင်း၊ 
ဦးဇော်မြင့်ဖေ တင်ပြခဲ့သည့် အခါတွင် ကောင်းသော အုပ်ချုပ်မှုစနစ် အတွက် နည်းဥပဒေများ လိုအပ်သည်ဟု ဆိုကာ ပြောကြား သွားပါကြောင်း၊ မိမိအနေဖြင့် ဒီထက်ပို၍ ကျယ်ကျယ် ဝင့်ဝင့် ပြောလိုပါကြောင်း၊ ဥပမာအချို့ဖြင့် ပြောလိုပါကြောင်း ၊ ဥပမာအားဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂.၁၁.၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းပြီး ဖြစ်ပါကြောင်း။
သို့သော်လည်း ယခုထက်ထိ နည်းဥပဒေများ မထွက်ပေါ် လာသေးပါကြောင်း၊ ထိုသို့ နည်းဥပဒေများ မထွက်ပေါ်လာနိုင်ခြင်းကြောင့် မိမိတို့နိုင်ငံတွင် လိုအပ်နေသည့် ရင်းနှီး မြှုပ်နှံမှုများကို လိုအပ်သလောက် မရ ဖြစ်နေပါကြောင်း။
မိမိတို့  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရောက်လာသည့် လုပ်ငန်းရှင် အချို့သည် နည်းဥပဒေများ မရှိခြင်းကြောင့် စဉ်းစားသာ စဉ်းစားကာ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ဘဲ ပြန်သွားကြသည်မှာ တော်တော် များများ ရှိနေသည်ကိုလည်း  မိမိတို့ မြင်တွေ့ နေရပါကြောင်း၊ ၃၁.၇ .၂၀၁၃ မှစတင်ပြီး ငွေကြေး သက်သေခံ လက်မှတ်များ လဲလှယ်ခြင်းနှင့် ရောင်းဝယ်ရေး ဥပဒေကိုလည်း ပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းဥပဒေနှင့် ပတ်သက်လာပါက နည်းဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ မထွက်လာသေးပါကြောင်း။
အလုပ်သမားများနှင့် ပတ်သက်၍ ဦးဇော်မြင့်ဖေက အနည်းဆုံး လခ၊ အနည်းဆုံး အခကြေး ငွေဥပဒေကို ပြောသွားပါကြောင်း၊ ယင်းဥပဒေများသည် ထုတ်သာ ထုတ်ထားသော်ငြား ပြဌာန်း ထားမှုများ ရှိနေသော်ငြား နည်းဥပဒေများ မထွက်သေးကြောင်း၊ စည်းမျဉ်း စည်းကမ်းများ မထွက် သေးပါကြောင်း၊ တောင်သူ လယ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို ၈.၁၀.၂၀၁၃ ရက်ကတည်းက ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ သို့ရာတွင် ယင်းဥပဒေ သည်လည်း နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ မထွက်ပေါ် လာသေးသောကြောင့် ထိရောက်မှု မရှိသေးပါကြောင်း၊
သတင်း မီဒီယာနှင့် ပတ်သက်သည့် ဥပဒေ ဆိုပါကလည်း ယခုနှစ် အစောပိုင်းတွင် ပြဋ္ဌာန်း ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် ယခုထက်တိုင် နည်းဥပဒေများ စည်းမျဉ်း စည်းကမ်းများ မထွက်သေးသည့် အတွက် ယင်းမီဒီယာ ဥပဒေသည်လည်း သက်ရောက်မှု မရှိသေးပါကြောင်း၊ ပြီးပြည့်စုံပြီဟု ပြောနိုင်စေရန် အတွက် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန် ပေးနိုင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးချက်နှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂၀၁၂ နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြလိုပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၂၀၁၂ နိုဝင်ဘာလ ၂ ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကာ နည်းဥပဒေကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုး တိုးတက်မှု ဝန်ကြီးဌာန အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ရက်စွဲဖြင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး မိမိကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊
အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နည်းဥပဒေ နှစ်ခုလုံးကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် ပူးတွဲရိုက်နှိပ်ပြီး စာအုပ်များ ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကိုလည်း စာအုပ်များ ရိုက်နှိပ်ထုတ်ပြန် ထားပြီး ဖြစ်ပါကြောင်း၊ ထို့အတွက် အဆိုပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ အားလုံးကို သတ်မှတ်ထားသည့် ရက်အတွင်းတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန အနေဖြင့် ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်းနှင့် အဆိုပါ ထုတ်ပြန် ထားပြီးသော စာအုပ် စာတမ်းများကို တင်ပြပေးမည် ဖြစ်ပါကြောင်းဖြင့်  ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စု လွှတ်တော် နာယကက ပြောကြားရာတွင် ဝန်ကြီး တင်ပြသွား သကဲ့သို့ မိမိတို့ ပြန်ကြည့်သည့် အခါတွင် ၇-၁၁-၂၀၁၄ ရက်အထိ နောက်ဆုံး ထားသည့် မှတ်တမ်း အမှတ်စဉ်(၈)တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ၊ စီမံ/ စီးပွားက ပေးပို့သည့်ရက်က ၃၁-၁-၂၀၁၃ အမိန့်ကြော်ငြာစာကို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့က ၁-၂-၂၀၁၃ ရက်တွင် ဖြန့်ဝေပါကြောင်း၊  ထို့အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တွင် ရှိကြသည့် လွှတ်တော် ကိုယ်စားလှယ်များက ပေးပို့လာသော နည်းဥပဒေ၊ အမိန့် ကြော်ငြာစာကို ပြင်ဆင်ချက် ရှိပါကြောင်း၊ ယင်းမှာ ၂၅-၃-၂၀၁၃ ရက်နေ့တွင် ပြင်ဆင်ချက်နှင့် အတည်ပြုပြီး ဖြစ်ပါကြောင်း၊ ထို့အတွက် မိမိတို့ထံတွင် ရှိသည့် မှတ်တမ်းမှာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်၏ ဝန်ကြီးဌာနမှ ထုတ်ပြန်ပေးတယ်ဟု တွေ့ရှိရပါကြောင်းဖြင့် ပြောကြားခဲ့ သည်။
အဆိုနှင့် ပတ်သက်၍ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အနည်းဆုံး အခကြေးငွေ နည်းဥပဒေများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ၂၀-၆-၂၀၁၃ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ စိစစ်အကြံပြုခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနက ယင်းနည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ လူမှုဖူလုံရေး နည်းဥပဒေများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ၂၆-၆-၂၀၁၃ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ စိစစ်အကြံပြုခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနက ယင်းနည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး နည်းဥပဒေများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ၄-၄-၂၀၁၄ ရက်တွင် ပထမအကြိမ် ၂၅-၇-၂၀၁၄ ရက်တွင် ဒုတိယအကြိမ် စိစစ်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အကြံပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့်လည်း အမြန်ဆုံး ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။
ငွေချေး သက်သေခံ လက်မှတ် ရောင်းဝယ်ရေး နည်းဥပဒေများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ၁၄-၈-၂၀၁၄ ရက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ စိစစ်အကြံပြုခဲ့ပြီး သတင်းမီဒီယာ နည်းဥပဒေများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ၂၁-၁၀-၂၀၁၄ ရက်တွင် လည်းကောင်း၊ ဆက်သွယ်ရေး နံပါတ်ဆိုင်ရာ နည်းဥပဒေများကို ၁၇-၁၀-၂၀၁၄ ရက်တွင် လည်းကောင်း လက်ခံရရှိခဲ့ပြီး အမြန်ဆုံး စိစစ် အကြံပြုပေးပို့နိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း။
ဝန်ကြီးဌာနများ အနေဖြင့် ထုတ်ပြန်ရန် လိုအပ်သည့် နည်းဥပဒေများကို အချိန်မီ ထုတ်ပြန်နိုင်ရေး ကြိုးစား ဆောင်ရွက်လျက် ရှိကြသော်လည်း လက်တွေ့ နည်းဥပဒေများ ရေးဆွဲရာတွင် ဥပဒေနှင့်အညီ ချောချောမွေ့မွေ့ အကောင်အထည် ဖော်နိုင်ရန် အတွက် အသေးစိတ် ကျယ်ကျယ် ပြန့်ပြန့် ရေးဆွဲရခြင်း၊ လိုအပ်လျှင် ပုံစံဇယားများ ထည့်သွင်း ဖော်ပြရခြင်း၊ နည်းဥပဒေတွင် ပါဝင်မည့်  အချက်အလက်များနှင့် စပ်လျဉ်း၍ ဆက်စပ်သည့်ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရခြင်း၊ အချို့ဥပဒေများမှာ အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သက်ဆိုင်သဖြင့် ယင်းအဖွဲ့ အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဥပဒေ ရေးဆွဲရေး ဆိုင်ရာ ကျွမ်းကျင်မှု အားနည်းနေသေးခြင်း စသည်တို့ကြောင့် ဝန်ကြီးဌာနများ အနေဖြင့် အချိန်မီ ထုတ်ပြန် နိုင်ရေးမှာ အခက်အခဲများလည်း ရှိနေပြီး ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရေး အတွက် ဝန်ကြီးဌာန အသီးသီးကလည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။
တင်ပြရလျှင် ယခု နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ပြည်ထောင်စု ဝန်ကြီးဌာန (၂၂)ခုမှ စုစုပေါင်း (၄၄)ဦးပါဝင်ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် UNDP တို့ ပူးပေါင်း၍ ဥပဒေ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရေး အတွက် အရည်အသွေး မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ရွှေနန်းတော် ဟိုတယ်တွင် ဆောင်ရွက်လျက် ရှိပါကြောင်း။

အလားတူ ပထမအကြိမ်ကိုလည်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် UNDP ပူးပေါင်းကာ ဥပဒေ ရေးဆွဲရေးနှင့် အနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ၂၃-၁၀-၂၀၁၃ ရက်မှ ၁-၁၁-၂၀၁၃ ရက်အထိ ကျင်းပခဲ့ပါကြောင်းကို တင်ပြ လိုပါကြောင်းဖြင့် ပြန်လည် ရှင်းလင်း ဆွေးနွေးသည်။

No comments:

Post a Comment