Wednesday, October 29, 2014

သာစည်မြို့၏ (၉၅)ကြိမ်မြောက် မြို့လုံးကျွတ် ဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

သာစည် အောက်တိုဘာ ၂၉
နှစ်စဉ်ကျင်းပမြဲဖြစ်သော သာစည်မြို့နယ်၏ (၉၅)ကြိမ်မြောက်မြို့လုံးကျွတ် ဘုံကထိန်ပွဲတော်ကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများ၊ ဈေးမိသားစုများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ မြို့ပေါ်ရှိ ကျောင်းပေါင်း (၁၈)ကျောင်းကို အမှတ်(၅)ရပ်ကွက် ရှင်မာလဲဘုရားတွင် တန်ဆောင်မုန်းလပြည့်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။

ကျောင်းပေါင်း (၁၈)ကျောင်းတွင် ကထိန်အာနိသင် မရရှိသေးသည့် ကျောင်း (၁၄) ကျောင်းနှင့် ကထိန် အာနိသင်ရရှိပြီး ကျောင်း(၄)ကျောင်းတို့ ဖြစ်ပြီး ကထိန်အာနိသင်မရသေးသည့် ကျောင်းပေါင်း (၁၄) ကျောင်းကို ကထိန်သင်္ကန်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ ကထိန်အာနိသင်ရရှိပြီး ကျောင်းပေါင်း (၄) ကျောင်းကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်သည်။
ကျောင်းပေါင်း(၁၈)ကျောင်းကို အလှည့်ကျ ညှပ်မကြီး ပဒေသာပင်များ လှူဒါန်းခဲ့ရာ ကျောင်းအားလုံးညှပ်မကြီး လှူဒါန်းပြီး ဖြစ်၍ ယခုနှစ်တွင် ညှပ်မကြီး မပါရှိကြောင်း၊ ကျောင်းပေါင်း(၁၈)ကျောင်းကို သံဃာတော်အပါး (၁၀၀) အတွက် အဆင်သင့် ဆက်ကပ်လှူဒါန်းနိုင်ရန် ညှပ်မကြီးပဒေသာပင်ဖြင့် (၁၈)နှစ်ပြည့်အောင်လှူဒါန်းနိုင်ခဲ့ပါသည်။
သာစည်မြို့၏ (၉၅) ကြိမ်မြောက် မြို့လုံးကျွတ်ဘုံကထိန်ကို တန်ဆောင်မုန်းလဆန်း(၁၂)ရက်နေ့မှလပြည့်နေ့အထိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊အခြေခံပညာကျောင်း များ၊ ဈေးမိသားစုများ၊ ရပ်ကွက်(၇)ရပ်ကွက်မှ ပြည်သူများမှ မြို့ပေါ်ရပ်ကွက်များအတွင်း ပဒေသာပင်များ၊ အတီးအမှုတ်အကအခုန်များဖြင့် လှည့်လည်သွား မည်ဖြစ်သည်။
ကျွန်တော်တို့မြို့ရဲ့ မြို့လုံးကျွတ်ဘုံကထိန်ကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုရင် (၉၅)ကြိမ်မြောက်ဖြစ်ပါတယ်။ ဌာနဆိုင်ရာအသီးသီးမှာရှိတဲ့ အနယ်နယ်အရပ်ရပ်က ဝန်ထမ်းတွေရယ်၊ ရပ်ကွက် (၇)ရပ်ကွက်မှာ ရှိတဲ့ပြည်သူတွေရယ် စည်းစည်းလုံးလုံးရှိတဲ့ပွဲပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့အနှစ်(၂၀)လောက်ကဆိုရင် ကထိန်အောင်ပွဲအဖြစ် ဇာတ်ပွဲတွေ၊ ဌာနဆိုင်ရာအလိုက်၊ ရပ်ကွက်တွေအလိုက် ကထိန်လှည့်လည်ဖျော်ဖြေရေး မော်တော်ယာဉ်များနဲ့ အရမ်းစည်ကားတဲ့ ပွဲဖြစ်ပါတယ်။

ယခုနှစ်တွင်လည်း မြို့လုံးကျွတ် ဘုံကထိန်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ အောက်တိုဘာ ၂၈ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ညှိနှိုင်း အစည်းအဝေး ကျင်းပ ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့လုံးကျွတ်ဘုံကထိန်ကျင်းပရေး ကော်မတီဝင် တစ်ဦးမှ ပြောပြသည်။ 

No comments:

Post a Comment