Monday, October 27, 2014

ကျောက်ဆည်မြို့နယ်လုံးကျွတ် ကထိန်ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကျောက်ဆည်၊ အောက်တိုဘာ - ၂၇
အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ကျောက်ဆည်မြို့ ဆည်တော်နံရွှေမုဌော စေတီတော်မြတ်ကြီးအား ဦးတိုက်ကာ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့ တို့တွင် ကျင်းပသည့် မြို့နယ်လုံးကျွတ် ကထိန်ပွဲတော်ကြီးကို ယခုနှစ် ၁၃၇၆ခုနှစ်တွင် ယခင်နှစ်များနှင့်မတူ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရှိရသည်။


ဆည်တော်နံရွှေမုဌော ဘုရားပွဲတော်ကြီးကို အနော်ရထာမင်း လက်ထက်မှစ၍ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နှင့် (၁၄)ရက်နေ့များတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့်အတူ သံဃဒါန ဆွမ်းကြီးလောင်းခြင်း၊ ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ ကထိန်ခင်းခြင်းနှင့် စာရေးတံမဲချခြင်းတို့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့သည်။ နယ်သူများနယ်သား များသည် အနော်ရထာမင်းကြီး တူးဖော်ဆည်ဖို့ခဲ့သော ဆည်မြောင်းကန်ချောင်း တို့ကိုအမှီပြုကာ စီးပွားရှာ လုပ်ကိုင်စားသောက် နေသောကြောင့် မင်းကြီးတည်ထားကိုးကွယ်တော်မူခဲ့သည့် ဆည်တော်နံရွှေမုဌောဘုရားကို ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ရာ ယခင်က သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင် တီးမှုတ်ကခုန်မှုများဖြင့် ကျေးရွာ အလိုက်၊ ရပ်ကွက်အလိုက်၊ အဖွဲ့အလိုက် ဆောင်ရွက်ခဲ့ရွက်ခြင်း၊ စေတီတော် အနီး မဏ္ဍပ်များထိုးကာ ပဒေသာပင် များ ပို့ဆောင်ခြင်း၊ စတုဒီသာများကျွေးမွေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း နောက်ပိုင်း နှစ်များတွင် စေတီတော်အား ဦးထိပ်ထားခြင်းမရှိတော့ပဲ မိမိတို့ အစီအစဉ်များဖြင့် ဆောင်ရွက်ကြခြင်းကြောင့် စည်ကားသိုက်မြိုက်မှု နည်းပါးခဲ့ကြောင်း သိရှိရသည်။
“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက စပြီး မြို့နယ်လုံးကျွတ် ကထိန်ပွဲက တဖြည်းဖြည်းစည်းကားမှု လျော့နည်းလာတာ၊ မိမိတို့ အဖွဲ့လိုက်က မိမိတို့ ကြိုက်တဲ့ကျောင်းတွေမှာ ခင်းကျတာတွေတော့ရှိတယ်၊ ဒါပေမဲ့ အနော်ရထာမင်းကြီး တည်ထားတဲ့ ဆည်တော်နံရွှေမုဌော ဘုရားကို ဦးထိပ်မထားတော့ဘူး၊ သူ ဆည်ဖို့ထားတဲ့ ဆည်မြောင်းကန်ချောင်း တွေကို အသုံးပြုပြီး စီးပွားရှာနေတဲ့ နယ်သူနယ်သားတွေအားလုံးလည်း ပိုပြီး အကျိုးရှိအောင် ဒီနှစ်တော့ စည်ကားအောင် လိုက်လှံစည်းရုံးနေတယ်၊ ပညာပေးလက်ကမ်းစာစောင်တွေလည်း ဝေနိုင်အောင် ဆောင်ရွက်နေပါ တယ်၊ ”ဟု ဘုရားဂေါကပ ဒု-ဥက္ကဌ ဦးအောင်ရွှေ ၏ ပြောကြားချက်များအရ သိရှိရသည်။

ယခုနှစ် မြို့နယ်လုံးကျွတ် ကထိန်ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအပြင် လှူဒါန်းသူများလည်း ကုသိုလ်ပိုမိုရရှိနိုင်ရေးနှင့် အလှူရှင်အဖွဲ့ တစ်ဖွဲ့ချင်းလိုက် အလှူငွေများဖြင့် ကထိန်သင်္ကန်းများ သီးခြားကပ်လှူ သွားမည်ဖြစ်ပြီးကြောင်း သိရှိရသည်။

No comments:

Post a Comment