Thursday, October 30, 2014

ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးနှင့် စီမံကိန်း အကောင်အထည် ဖေါ်မှု ထိရောက်မှန်ကန်ရေး ရှင်းလင်းဆွေးနွေး




နေပြည်တော် အောက်တိုဘာလ ၃၀
 
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သည် ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးမြို့နယ်နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ သွားရောက်၍  ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆွေးနွေး ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာလ (၂၇) ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် ပင်းတယမြို့၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမ၌ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖွဲ့ ဥက္ကဌ၊ ပင်းတယနှင့် ရွာငံမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊  မြို့မိမြို့ဖ များနှင့် တွေ့ဆုံပြီး ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး အတွက် ပြည်သူများ၏အဓိက လိုအပ်ချက်များ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့်  ဦးစားပေးလုပ်ငန်း (၇) ရပ်တို့ ထည့်သွင်း၍ နှစ်စဉ် အမျိုးသား စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသဖွံ့ဖြိုး ရေးအတွက် ဒေသန္တရဖွံ့ဖြိုးရေး စီမံကိန်းများ၊ မြို့နယ်စီမံကိန်း၊ မြို့ပြစီမံကိန်းများ စီမံ ဆောင်ရွက်ခဲ့သည့်အတွက် လမ်း၊ ဆက်သွယ်ရေး၊ လျှပ်စစ်၊ အခြေခံအဆောက်အဦ ဘက်စုံဖွံ့ဖြိုးလာ ပါကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စေရေးအတွက် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အရ ယာဉ်၊ ယန္တရား၊ မြေထိုးစက်၊ မြေကော်စက်၊ လမ်းကြိတ်စက်၊ မြေသယ်ယာဉ် စသည်များကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ဒေသဦးစီးအဖွဲ့ အနေဖြင့် အဆိုပါ ယာဉ်၊ ယန္တရားများ ကို အသုံးပြု၍ သောက်သုံးရေရရှိရေး၊ လမ်းပန်း ဆက်သွယ်မှု လွယ်ကူချောမွေ့ စေရေးစသည့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးလာကြောင်း သိရှိရသည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ မိမိတို့ဆောင်ရွက် လိုသည့် လုပ်ငန်းများကို စီမံကိန်းတွင် ဦးစားပေး ထည့်သွင်းရေးဆွဲရန် လိုအပ်ပါကြောင်း၊ စီမံကိန်းတွင် ထည့်သွင်း ရေးဆွဲမှုမရှိပါက နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွင် မပါဝင်သည့်အတွက် ဘဏ္ဍာရန်ပုံ ငွေ ခွဲဝေချထားမှုတွင်လည်း ထည့်သွင်းရေးဆွဲခြင်း မရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကျန် (၆) လ အတွင်း အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင်လည်း ဘဏ္ဍာငွေများကို စနစ်တကျနှင့် အပြည့် အဝ သုံးစွဲရန် လိုအပ်ပါကြောင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် အစီအစဉ်များ ရေးဆွဲရာတွင် ပြည်သူ များအပေါ် ချက်ချင်းအကျိုးသက်ရောက် နိုင်သည့် ထိရောက်မှုရှိသော အစီအစဉ်များကို ထည့်သွင်းရေးဆွဲ ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များမှ ဒေသ အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို တင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးက ထိုတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး ထောက်ပံ့ပေးထားသည့် ယာဉ်၊ ယန္တရားများ အသုံးပြုဆောင်ရွက်နေမှု အခြေအနေနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်းဦးစီးရုံး ဆောက်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ သည်။
ပြည်ထောင်စုဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူနှင့် ရှမ်း ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့သည် တောင်ကြီးမြို့၊ မြို့တော်ခန်းမသို့ မွန်းလွဲ (၃) နာရီတွင် ရောက်ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်၊ ဖယ်ခုံ၊ ကလောမြို့နယ်များရှိ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာများ၊  မြို့မိမြိဖများ နှင့်တွေ့ဆုံပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ လူမှုစီးပွား ဖွံ့ဖြိုးမှုနှင့် ပတ်သက်သည့် ကိစ္စရပ် များကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တို့သည် အောက်တို ဘာလ (၂၈) ရက် နံနက် (၈) နာရီအချိန်တွင် ဟိုပုံးမြို့၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ အစည်း အဝေးခန်းမ၌ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များရှိ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြိဖများနှင့် တွေ့ဆုံ ပြီး ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှု အစီအစဉ်များ ရေးဆွဲရာတွင် ဒေသ၏ လက်ငင်းလိုအပ်ချက်နှင့် ကာလရှည် လုပ်ဆောင်ရမည့် လိုအပ်ချက်တို့ကို သေချာစွာ သိရှိရန် လိုအပ်ပါကြောင်း၊ ရေရှည်တည်တံ့ ဖွံ့ဖြိုးမှု (Sustainable Development) ရရှိရန် မျက်ခြေပြတ်မခံပဲ ဖွံ့ဖြိုးမှု အမြင်များဖြင့် အစီအစဉ်များ ရေးဆွဲ အကောင်အထည် ဖော်ရမည်ဖြစ်ပါကြောင်း၊ ဒေသရှိ သဘာဝ အရင်းအမြစ်များ၊ လူသား အရင်းအမြစ်များ၊ ငွေကြေးအရင်းအနှီး များစသည့် အရင်းအနှီးများကို အခြေခံ၍ ပြည်သူတို့၏ အမှန်တကယ် လိုအပ်ချက် များကို ဖြည့်ဆည်းရာတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုး သက်ရောက်မှုများကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်းနှင့်ဒေသ၏ အခြေအနေကို သိရှိသော မြို့မိမြို့ဖများနှင့် ပြည်သူများက ပူးပေါင်း ပါဝင် ရေးဆွဲကြရန်နှင့် ပြည်သူများပါဝင် သည့် အကောင်အထည်ဖော်မှုနှင့် ကြီးကြပ်မှုများ ပြုလုပ်ရန် ဖြစ်ပါ ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖွဲ့ ဥက္ကဌနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြု ကော်မတီဝင်များမှ မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း အစီအစဉ်များကို တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ဌာနဆိုင်ရာရုံးများနှင့် စီမံကိန်း ဦးစီးရုံး တည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment