Wednesday, October 29, 2014

မိုးမြေပဲလှိုင်လှိုင်ပေါ်ချိန် မြေပဲဆွတ်ဝန်ဆောင်မှုပေးသူများ တွက်ခြေကိုက်

သာစည် အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထားသော မိုးမြေပဲများ လှိုင်လှိုင်ပေါ်ချိန် မြေပဲဆွတ်၍ ဝန်ဆောင်မှုပေးသူများကို လုပ်အားခအဖြစ် မြေပဲပေးဆွတ်စေခြင်းဖြင့် မြေပဲဆွတ်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

မိုးမြေပဲများလှိုင်လှိုင်ပေါ်ချိန် မြေပဲနုတ် အလုပ်သမား ရှားပါးခြင်းတို့ကြောင့် အလုပ်သမားခေါ်ယူရာတွင် လုပ်အားခ ဈေးပိုပေး၍ ခေါ်ယူရသော်လည်း မြေပဲဆွတ်ရာတွင် အလုပ်သမားခေါ်ယူစရာမလိုဘဲ မြေပဲဆွတ်ဝန်ဆောင်မှု ပေးသူများကို မြေပဲပေးဆွတ်စေခြင်းဖြင့် မြေပဲဆွတ်သူများတွက်ခြေကိုက်ပါတယ်။ မြေပဲဆွတ်ရာတွင် မြေပဲတစ်တင်း ရရှိပါက ဝန်ဆောင်ခအဖြစ် မြေပဲနှစ်ပြည် ရပါတယ်။ လူတစ်ယောက်လျှင် တစ်ရက် မြေပဲနှစ်တင်းခွဲ ဆွတ်နိုင်၍ ဝန်ဆောင်ခ အဖြစ် မြေပဲငါးပြည် ရရှိပါတယ်။
မြေပဲလှိုင်လှိုင်ပေါ်ချိန် မိသားစုသုံးယောက် ၁ဝရက်ခန့် မြေပဲလိုက်ဆွတ်တာ မြေပဲဆယ်တင်းရတဲ့ အတွက် မြေပဲဆံ ၅ ပြည်စိုက်ပျိုးတာနဲ့ အညီ မြေပဲရရှိပါတယ်။ မြေပဲဆွတ်တဲ့သူတွေက ဝန်ဆောင်ခအဖြစ်ငွေပေးရင် မြေပဲဆွတ်မဲ့ သူမရှိပါဘူး။ မြေပဲပေးဆွတ်ခိုင်းမှ မြေပဲဆွတ်လိုသူများပါတယ်။
မြေပဲလှိုင်လှိုင်ပေါ်ချိန် မြေပဲအစိုတစ်ပြည် ငွေကျပ် ၆၀၀ ဖြင့် အရောင်းအဝယ်ဖြစ်သော်လည်း မြေပဲကိုရောင်းချရာ တွင် မြေပဲရောင်းချခြင်းထက် မြေပဲကိုဆီကြိတ်ပြီး ရောင်းချခြင်းက ပိုမိုတွက်ခြေကိုက်ပါတယ်။

ယခုနှစ် မိုးရွာသွန်းမှုနည်းသော်လည်း မြေပဲစိုက်တောင်သူများ မြေပဲအထွက်ကောင်း၍ တွက်ခြေကိုက်လျက်ရှိကြောင်း ဒေသခံတစ်ဦးမှပြောပြ၍သိရသည်။ 

No comments:

Post a Comment