Tuesday, September 30, 2014

နိုင်ငံကူးလက်မှတ် ခရီးသွားစာရွက်စာတမ်း အတုအပစမ်းသပ် စစ်ဆေးမှုဆိုင်ရာ စမ်းသပ်စစ်ဆေးမှု စွမ်းရည် မြှင့် တင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနား

နေပြည်တော်-စက်တင်ဘာ ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကနေဒါနိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ အခြေစိုက် IOM အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံခြားသားများ ဝင်ထွက်သွားလာရာတွင် အသုံးပြုသော နိုင်ငံကူး လက်မှတ် ခရီးသွားစာရွက်စာတမ်းများ၊ အတုအပစမ်းသပ် စစ်ဆေးမှုဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း သင်တန်း ဖွင့်ပွဲအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်တွင် ယမန်နေ့ နံနက်(၉)နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။



သင်တန်းဖွင့်ပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကောင်စစ်ဝန် Mrs. Laurenne Garneau နှင့် မြန်မာနိုင်ငံဆိုင်ရာ IOM အဖွဲ့မှ ဌာနေအကြီးအကဲ Mr. Kieran Gorman Best နှင့် IOM အဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကောင်စစ်ဝန် Mrs. Laurenne Garneau နှင့် မြန်မာနိုင်ငံဆိုင်ရာ IOM အဖွဲ့မှ ဌာနေအကြီးအကဲ                        Mr. Kieran Gorman Best တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် မည့် အစီအမံများပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် တို့တွင် တာဝန်ထမ်းဆောင်နေသည့် လူဝင်မှုကြီးကြပ်ရေး အရာရှိ/အရာထမ်း(၇၀)ဦးတက်ရောက် ခဲ့ကြပြီး IOM အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သော ပေါ်တူဂီနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စာရွက်စာတမ်း စစ်ဆေးရေးဌာနခွဲ၊ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ အင်္ဂလန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ကနေဒါနိုင်ငံ သံရုံးတို့မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ခံအရာရှိများက နိုင်ငံတကာနိုင်ငံကူးလက်မှတ်၊ ခရီးသွား အထောက် အထားစာရွက်စာတမ်းနှင့် ပတ်သက်၍ အတုအစစ်ခွဲခြားနည်းများ၊ လုံခြုံရေးနည်းစနစ် အမျိုးမျိုးထည့်သွင်း အသုံးပြုမှုနှင့် အဆင့်မြင့်လုံခြုံရေး နည်းစနစ်အမျိုးမျိုး ထည့်သွင်းထားမှုများ၊ အချက် အလက်များ တရားမဝင်ပြင်ဆင် မှုများ၊ လူမှောင်ခိုကူးမှုများနှင့် မသင်္ကာသူများ၊ စစ်ဆေး မေးမြန်းပုံ နည်းစနစ်များအား သင်ထောက်ကူပစ္စည်း များနှင့်အတူ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည် ဖြစ်သည်။
သင်တန်းကို အောက်တိုဘာ(၁)ရက်အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အရာရှိ၊ အရာထမ်း(၆၀)အား စက်တင်ဘာလ အတွင်းက သင်ကြားပို့ချပြီးဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment