Tuesday, September 30, 2014

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော်-စက်တင်ဘာ ၃၀
စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီခွဲ တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် တက်ရောက်အမှာစကားပြောကြားသည်။ 
 

ထိုသို့ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် စက်မှုနိုင်ငံတော်အဖြစ်သို့ တက်လှမ်းနေဆဲကာလတွင် စွမ်းအင်ကို အကျိုးရှိထိရောက် စွာ အသုံးချနိုင်မှုနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့စက်မှု လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ စွမ်းအင်အသုံးချမှုများ လည်း ပိုမိုများပြားလာပြီး Green  House Gas (GHG) ထုတ်လွှင့်မှု များပြားလာခြင်းကြောင့် ရာသီဥတု ပြောင်းလဲမှု များဖြစ်ပေါ်လာကြောင်း၊ သဘာဝသယံဇာတများ ပျက်စီးယိုယွင်းလာသဖြင့် သဘာဝပတ် ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ အရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ရေးကို နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု၊ တစ်ဦးချင်းဝင်ငွေတိုးတက်လာမှုတို့အတွက် အစိမ်းရောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အခြေခံသော လယ်ယာအခြေခံစက်မှုလုပ်ငန်းများအပါအဝင် တစ်ပြည်လုံး အတိုင်းအတာအထိ လွှမ်းခြုံသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပုံစံသို့ရောက်ရှိရန် ဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပွဲမှရရှိသော အတွေ့အကြုံ၊ နည်းပညာများကိုရယူပြီး အနာဂတ်လုပ်ငန်း စဉ်များအဖြစ် ချမှတ်အကောင်အထည်ဖော်ရန် တိုက်တွန်းပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာဂေဟ စနစ်ကို ထိခိုက်မှုမရှိသော ကုသလမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက်များအတိုင်း အာရှ-ပစိဖိတ်ဒေသတွင် အစိမ်းရောင်စက်မှုလုပ်ငန်းများ ဟန်ချက်ညီညီပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Lead  Energy  Specialist ဖြစ်သူ Mr. Jong-Inn Kim က အမှာစကားပြောကြားသည်။ ဆက်လက်၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ပြည်ပပညာရှင် Mr. Felix  Gooneratne နှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်လင်းတို့က မြန်မာနိုင်ငံ၏ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးမူဝါဒ၊ မဟာဗျူဟာ၊ ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိစွမ်းအင်အရင်းအမြစ်များ ထုတ်ယူသုံးစွဲမှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဓာတ်အားထုတ်လုပ်ရန် သုံးစွဲရသည့်စွမ်းအင်များ၊ ကဏ္ဍအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲမှု စသည့်အချက်အလက်များအပေါ်အခြေခံ၍ နောင်အနာဂတ်တွင်ဖြစ်ပေါ်လာမည့် လိုအပ်ချက်များကို ခန့်မှန်း တွက်ချက်ခြင်း၊ လေလွင့်ပြုန်းတီးမှုများမဖြစ်ပေါ်အောင် တားဆီးနိုင်ရေးတို့အတွက် စက်မှုဝန်ကြီးဌာနနှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) Expert တို့ပူးပေါင်း၍ "မြန်မာနိုင်ငံ၏ အမျိုးသားစွမ်းအင်အကျိုးထိရောက်စွာ သုံးစွဲရေးမူဝါဒ၊ မဟာဗျူဟာနှင့်လမ်းစဉ်" (National  Energy  Efficiency  Policy, Strategy  and  Roadmap for Myanmar) အစီရင်ခံစာ(မူကြမ်း)ကို ရေးဆွဲခဲ့ကြသည်။ အစီရင်ခံစာ(မူကြမ်း)ပါ အချက်အလက် များအပေါ် အခြားဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍ၏ အကြံပြုချက်နှင့် သဘောထား မှတ်ချက်များ ရရှိနိုင်ရန်နှင့် မူကြမ်းပါဥပဒေ၊ နည်းဥပဒေများရေးဆွဲရာတွင် လည်းကောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန်ရည်ရွယ် ချက်များဖြင့် အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment