Saturday, June 28, 2014

အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အားကစားနည်းပြ သင်တန်းအမှတ်စဉ် (၄/၂၀၁၄)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း သင်တန်းဆင်း အမှာစကားပြောကြား





နေပြည်တော်  ဇွန်လ ၂၈

အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် အားကစားနည်းပြသင်တန်းအမှတ်စဉ် (၄/၂၀၁၄)သင်တန်းဆင်း ပွဲအား ယမန်နေ့ညနေ(၃)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းတက်ရောက်၍ အမှာစကား ပြောကြားကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

အစီအစဉ်အရ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာအားကစားတိုးတက်ပြောင်းလဲ စေရေးအတွက် အားကစားဝန်ကြီးဌာနအနေနှင့် ရေတို၊ ရေရှည် စီမံကိန်းချမှတ်ဆောင်ရွက်ကြောင်း အနာဂတ် အားကစားအတွက် အဆင့်မှီပြီး အရည်အသွေးရှိပြီး ထူးချွန်ထက်မြက်သော အားကစားသမား များပေါ်ထွန်းရန်အတွက် အရည်အသွေးရှိသော နည်းပြကောင်းများမဖြစ်မနေလိုအပ်ကြောင်း၊ နည်းပြကောင်း ရှိမှသာ အားကစားသမားကောင်းများထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ နည်းပြကောင်းများဖြစ်လာရန်အတွက် သင်တန်းမှပို့ချပေးလိုက်သော နည်းပြကောင်းများ၏ အခြေခံစည်းမျဉ်းနည်းဥပဒေများသဘောတရားများကို လက်တွေ့ဘ၀ပေါင်းစပ်၍ အသုံးပြုသွားကြရန် လိုအပ်ကြောင်း တာဝန်ခံနည်းပြမဖြစ်ခင်က အကူနည်းပြ လက်ထောက်နည်းပြဖြစ်လာချိန်တွင် အရည်အချင်းပြည့်ဝသော နည်းပြကောင်းများဖြစ်လာရန် ကြိုးစားကြစေ လိုကြောင်း၊ အစဉ်အမြဲတိုးတက်ပြောင်းလဲနေသည့် နည်းစနစ်၊ နည်းဗျူဟာ အခြေခံဥပဒေသများကို မျက်ခြေအပျက်မခံပဲ လေ့လာဆည်းပူးပြီး အားကစားသမားအား အစဉ်အမြဲသင်ကြားပြသပြီး၊ နိုင်ငံတော်အတွက် အားထားရမည့်  အားကစားသမားကောင်းများပေါ်ထွက်ရန်ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ ဒုတိယဝန်ကြီးမှ စက်ဘီးအားကစားနည်းမှ သင်တန်းတက်ရောက်လာကြသည့် နည်းပြများကိုယ်စား ကိုယ်စားလှယ်(၂)ဦးကိုလည်းကောင်း၊ ဓါးခုတ် အားကစားနည်းမှ သင်တန်းသား ကိုယ်စားလှယ်(၂)ဦးကိုလည်းကောင်း၊ ဘတ်စကက်ဘောအားကစားနည်းမှ သင်တန်းသားကိုယ်စားလှယ်(၂)ဦးကိုလည်းကောင်း၊ ဘော်လီဘောအားကစားနည်းမှ သင်တန်းသား ကိုယ်စားလှယ် (၂)ဦးကိုလည်းကောင်း သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။


အဆိုပါသင်တန်းအား ဇွန် (၂၃)ရက်မှ ဇွန်လ (၂၇)ရက်နေ့အထိ ဖွင့်လှစ်ပြီး စက်ဘီးအားကစားနည်းမှ သင်တန်းသား (၄၉)ဦး၊ ဓါးခုတ်အားကစားနည်းမှ (၂၆)ဦး၊ ဘတ်စကက်ဘောအားကစားနည်းမှ (၄၈)ဦး၊ ဘော်လီဘောအားကစားနည်းမှ (၄၈)ဦး စုစုပေါင်း (၁၇၁)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment