Saturday, June 28, 2014

တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


နေပြည်တော်၊ ဇွန် ၂၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်၌ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို အရှိန်ဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းများအဖြစ် ပြည်သူအခြေပြု ပြုပြင်ပြောင်းလဲမှု (Decentralized) လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် တာဝန်ခွဲဝေမှုအပိုင်းနှင့် စီမံခန့်ခွဲမှုအပိုင်းများကို စနစ်တကျ လုပ်ဆောင် ကြရန်၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့တာဝန်ကျရာ အပိုင်းလိုက် ပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်သွားကြရန်နှင့် ဆုပေး၊ ဒဏ်ပေးစနစ်များအတိုင်း ကျင့်သုံးလိုက်နာ ဆောင်ရွက်သွား ကြရန်၊ တက္ကသိုလ်များတွင် Activities များကို Academic Plan များတွင် ထည့်သွင်းရေးဆွဲ၍ လုပ်ဆောင်သွားကြရန်၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း သိသာထင်ရှား မြင်သာသော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ကြရန်နှင့် ပြည်သူများ လက်တွေ့အသုံးပြုနိုင်သည့် သုတေသန လုပ်ငန်းများ လုပ်ဆောင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဘရွှေက တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ် ညှိနှိုင်းသွားကြရန်နှင့် ဝန်ထမ်းများ မိမိတို့၏စွမ်းရည်(Capacity)ကို အဆင့်မြင့်အောင် ကြိုးပမ်းသွားရန် ဆွေးနွေးပြောကြားပြီး စက်မှုနှင့် သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဥပဒေပြဌာန်းရေးနှင့် စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။
ဆက်လက်၍ မွန်လွဲပိုင်းတွင် မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ သုတေသနလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တက်ရောက်လာကြသူများက ဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ခေတ္တကျောင်းအုပ်ကြီးများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment