Friday, June 27, 2014

မြန်မာ - တရုတ် နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပ


ပေကျင်း ဇွန် ၂၇
မြန်မာ - တရုတ် နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ယနေ့ ညနေ(၅)နာရီတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး Eastern Hall၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် အဖွဲ့ဝင်များ တက် ရောက်ကြသည်။




ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ မြှင့်တင်နိုင်ရေး၊ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာ အကူအညီပေးရေး၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန် အကောင် အထည်ဖော်ရေး၊  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် ပိုမို ပူးပေါင်း ဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာ ရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကူအညီ ပေးအပ်ရေး၊ အာဆီယံ- တရုတ်ဆက်ဆံမှု တိုးမြှင့်ရေးနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ခေါင်းဆောင်များက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ငါးရပ်ကို နှစ်နိုင်ငံ ဆက်ဆံရေး အတွက်သာမက နိုင်ငံတကာ ဆက်ဆံရေးအတွက်ပါ အခြေခံမူများအဖြစ် ဆက်လက်လိုက်နာ ကျင့်သုံးသွားရန် ထပ်လောင်း အတည်ပြုခဲ့ကြသည်။
ထို့နောက် သဘော တူညီမှုစာချုပ်များ လက်မှတ် ရေးထိုးပွဲကို Hebei Roomတွင် ဆက်လက် ကျင်းပရာ မြန်မာ - တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်များ ရှေ့မှောက်၌ မြန်မာ- တရုတ် ယဉ်ကျေးမှု စင်တာ အပြန်အလှန် ထူထောင်မှုဆိုင်ရာ နားလည်မှုသဘော တူညီချက်၊ ယဉ်ကျေးမှု အမွေအနှစ် အဆင်မြှင့်တင်ရေးနှင့် ပူးပေါင်း ရှာဖွေ ဖော်ထုတ်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်၊ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံစီမံချက် အတွက် ဖြစ်နိုင်စွမ်း လေ့လာမှုနှင့် နည်းပညာ တက္ကသိုလ် (ရတနာဘုံ) Cyber City အတွက် လိုအပ်သည့် ဆက်သွယ်ရေး ကွန်ယက် ဆိုင်ရာ ပစ္စည်းများ အကူအညီပေးရေး နားလည်မှု စာချွန်လွှာတို့ကို  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်တို့က ဌာနဆိုင်ရာ ၀န်ကြီးများနှင့် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

ညပိုင်းတွင် နိုင်ငံတော် သမ္မတသည် ပေကျင်းမြို့ ပြည်သူ့ ခန်းမဆောင်ကြီး West Hall ၌ ကျင်းပသည့် တရုတ်နိုင်ငံ သမ္မတ၏ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံပွဲသို့ တက်ရောက် ခဲ့သည်။

No comments:

Post a Comment