Saturday, June 28, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တက်ရောက်


ပေကျင်း ဇွန် ၂၇
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဒေသစံတော်ချိန် ညနေ(၄) နာရီခွဲတွင် ပေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး Eastern Plaza ၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်နိုင်ငံသမ္မတက ဂုဏ်ပြု ကြိုဆိုပွဲ ကျင်းပမည့် Eastern Plaza ဝင်ပေါက်၌ ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်ပြီး ၎င်းနှင့်အတူ ကြိုဆိုကြသူများနှင့် မိတ်ဆက်ပေးရာ နိုင်ငံတော် သမ္မတကလည်း အတူ လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ပြန်လည် မိတ်ဆက်ပေးသည်။
ထို့နောက် နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။
ထိုအချိန်တွင် နိုင်ငံတော် သမ္မတအား ဂုဏ်ပြုသည့် အနေဖြင့် အမြောက်(၂၁)ချက် ပစ်ဖောက်ဂုဏ်ပြုသည်။
ဆက်လက်၍ နှစ်နိုင်ငံ သမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးပြီး ဂုဏ်ပြုခံ စင်မြင့်မှနေ၍ ဂုဏ်ပြု တပ်ဖွဲ့၏ ချီတက် အလေးပြုမှုကို ခံယူကြသည်။
ထို့အတူ ပေကျင်းမြို့ပေါ်ရှိ ကွမ်မိန် မူလတန်းကျောင်းမှ ထူးချွန် ကျောင်းသား ကျောင်းသူများကလည်း စုပေါင်း ကကွက်ဖြင့် ကြိုဆိုခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးလှထွန်း၊ ဦးကျော်ဆန်း၊ ဦးခင်မောင်စိုး၊ ဦးဇေယျာအောင်၊ ဒေါက်တာ မြင့်အောင်၊ ဦးဝင်းရှိန်နှင့် ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြသည်။

No comments:

Post a Comment