Saturday, June 28, 2014

မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များသို့ ကြည့်ရှုစစ်ဆေးခြင်း


နေပြည်တော်၊ ဇွန် ၂၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဇွန်လ (၂၇) ရက်နေ့တွင် မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များသို့  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။


ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် သို့ရောက်ရှိကာ မောင်းသူမဲ့လေယာဉ် သုတေသနဌာန၌ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကြည်သွင်မှ မောင်းသူမဲ့လေယာဉ်များကို အင်ဂျင်စွမ်းအား ၁.၈ မှ ၁၀ (Horse Power) အထိ အဆင့်ဆင့်တိုးမြှင့် အသုံးပြု၍ လေယာဉ်ဒီဇိုင်းအမျိုးမျိုး တည်ဆောက်ကာ စမ်းသပ်ပျံသန်း နိုင်ခဲ့ပါကြောင်း၊ အလိုအလျောက်ထိန်းချုပ်ပျံသန်းမှုစနစ် (Autopilot System) များကိုလည်း မောင်းသူမဲ့လေယာဉ်တွင် တီထွင်စမ်းသပ်တပ်ဆင်နိုင်ခဲ့ပါကြောင်း၊ လေယာဉ်ပျံသန်းစဉ် မောင်းသူမဲ့လေယာဉ်နှင့် မြေပြင်အကြား ဆက်သွယ်ထိန်းချုပ်နိုင်သည့် မြေပြင်ထိန်းချုပ်ရေး စနစ် (Ground Control Station) ကို စမ်းသပ်တည်ဆောက်နိုင်ခဲ့ပါကြောင်း။

သုတေသနပြု တည်ဆောက်ထားသော မောင်းသူမဲ့လေယာဉ်ကို ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် မိုင် (၂၀) အကွာအဝေးအထိ ပျံသန်း၍ ကောင်းကင်ဗီဒီယိုကင်မရာ တပ်ဆင်ပြီး တိုက်ရိုက်ကြည့်ရှုကာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါကြောင်း၊ လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်များတွင် အသုံးပြုနိုင်ရန်အတွက် မောင်းသူမဲ့လေယာဉ် နည်းပညာဆိုင်ရာ သုတေသန စမ်းသပ်မှုများအကြိမ်ကြိမ် စမ်းသပ်ဆောင်ရွက်၍ ပျံသန်းမှုပုံစံအမျိုးမျိုးဖြင့် စမ်းသပ် ပျံသန်းမှုများ ဆောင်ရွက်ခဲ့ပါကြောင်း။

သုတေသနပြုလုပ်ထားသော လေယာဉ်များကို Survey တိုင်းတာရေးလုပ်ငန်းများတွင် ကောင်းကင်ဓာတ်ပုံရိုက်၍ မြေပုံရေးဆွဲရေးလုပ်ငန်းများတွင်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များတွင် လယ်မြေဧကတိုင်းတာရေးနှင့် ဖြစ်ထွန်းမှုစောင့်ကြည့်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ Remote Sensing နည်းပညာဖြင့် အချက်အလက်များ ရှာဖွေစုဆောင်းခြင်းလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့် ကောင်းကင်ဓာတ်ပုံများ ရိုက်ကူးရာတွင်လည်းကောင်း အသုံးပြုနိုင်ပါကြောင်း။

ထို့နောက် မောင်းသူမဲ့လေယာဉ်များကို ပြေးလမ်းအသုံးပြုရန် ခက်ခဲသော နေရာများတွင် လေယာဉ်ပစ်စင်ဖြင့် ပစ်လွှတ်ပျံသန်း၍ လေထီးဖြင့် ပြန်လည်ဆင်းသက်သည့် စမ်းသပ်မှုများကို သုတေသနပြုလုပ်လျက်ရှိပါကြောင်း၊ သုတေသနဌာနအနေဖြင့် မော်တာ လေးလုံးတပ် (QuadCopter) မောင်းသူမဲ့လေယာဉ်ငယ်ကိုလည်း ကောင်းကင်ဗီဒီယို ရိုက်ကူးပြီး မောင်းသူမဲ့ စမ်းသပ်ပျံသန်းနိုင်သည့်အပြင် အလိုအလျောက် အတက်၊ အဆင်းပြုလုပ် နိုင်သည်အထိ အောင်မြင်စွာ သုတေသန ပြုလုပ်စမ်းသပ်နိုင်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ပျံသန်းချိန်၌ အသုံးပြုသော ကောင်းကင်ဓာတ်ပုံရိုက် ကင်မရာနှင့် မောင်းသူမဲ့လေယာဉ်၏ ပျံသန်းမှုပုံစံတို့အား ကိုက်ညီမှုရှိစေရန် စမ်းသပ်စစ်ဆေးတိုင်တာရေး မောင်းသူမဲ့လေယာဉ်၏ Material Strength နှင့် Impact အတွက် ခံနိုင်စွမ်းအား ရှိ၊ မရှိတို့ကို ကြိုတင်စစ်ဆေးထားရှိရေး၊ လိုအပ်သည့်ပစ္စည်းများ အမြန်ဝယ်ယူရရှိရေး၊ ကြိုတင်ဆောင်ရွက် ထားရှိရေးနှင့် တည်ဆောက်ထားသည့် မောင်းသူမဲ့လေယာဉ်အား လက်တွေ့အသုံးချလုပ်ငန်းများ အမြန်စတင်ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနပြုလုပ်ထားရှိသော မောင်းသူမဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် များသို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ လမ်းညွှန်ချက်နှင့် မူဝါဒများကို တိတိကျကျလိုက်နာဆောင်ရွက်ကြရန်၊ စည်းမျဉ်း၊ စည်းကမ်းနှင့် မူဘောင်များအတွင်းမှ မှန်မှန်ကန်ကန်ဆောင်ရွက်ကြရန်၊ လက်တွေ့အသုံးချ နိုင်မည့် သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားကြရန်နှင့် ကျောင်းသားများအား သင်ရိုး ညွှန်းတမ်းများနှင့်အညီ စာတွေ့၊ လက်‌တွေ့သင်ကြားနိုင်ရေး စီမံချက်များရေးဆွဲ အကောင် အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်း၊ လက်တွေ့ခန်းနှင့် ကွန်ပျူတာခန်း တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment