Saturday, May 24, 2014

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံကိန်းများ ဆောင်ရွက်နေ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ် ပေါ်နေသော မုန်တိုင်းငယ်သည် နောက်ဆုံး အခြေအနေအရ အနောက်တောင်ဘက် သို့ ရွေ့လျားခဲ့ပြီး အားလျော့သွားခဲ့ကာ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ဆက် လက်တည်ရှိနေကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် ယမန်နေ့က ရခိုင်ကမ်းရိုးတန်းနှင့် အလွန်နီးကပ်နေခဲ့သဖြင့် မုန်တိုင်း အန္တရာယ်ကို သတိပြုရန် ကြိုတင် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
မြန်မာနိုင်ငံသည် မုန်တိုင်းတိုက်ခတ် မှုဘေးဒဏ်များကို ခံစားခဲ့ရဖူးသကဲ့သို့ မုန်တိုင်းမဝင်မီနှင့် မုန်တိုင်း တိုက်ခတ်ပြီး ကာလ သဘာဝဘေး ကာကွယ်ရေးလုပ်ငန်းများ ကိုလည်း စနစ်တကျ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်သည်။
အထက်ပါ မုန်တိုင်းအန္တရာယ် အတွက်လည်း ကြိုတင်သတိပေး ထုတ်ပြန်ခြင်းများ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေး နေသကဲ့သို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မိမိတို့သတင်းအဖွဲ့အနေဖြင့် သဘာဝဘေး ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့် ဝန်ကြီး ဌာနများမှ တာဝန်ရှိသူများနှင့်သွားရောက် တွေ့ဆုံ၍ စီစဉ်ဆောင်ရွက်နေမှုများကို မေးမြန်းဆွေး နွေးခဲ့ပါသည်။
ဦးကျော်မိုးဦး
ဒုတိယညွှန်ကြားရေးမှူးချုပ်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
မြန်မာနိုင်ငံမှာ မုန်တိုင်းဝင် လာတဲ့ကာလ ရာသီနှစ်ခုရှိပါတယ်။ မုတ်သုံမဝင်ခင် ဧပြီလနဲ့ မေလမှာ မြန်မာနိုင်ငံ အတွက် မုန်တိုင်းများကို သတိထားရပါမယ်။ မုတ်သုံလွန် ကာလဖြစ်တဲ့ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလများကလည်း မြန်မာနိုင်ငံအတွက် မုန်တိုင်း အရေအတွက် အများဆုံးဝင်တဲ့ ကာလများဖြစ်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းဖြစ်တိုင်း မြန်မာနိုင်ငံကို ဝင်လားဆိုတော့ မဝင်နိုင်ပါဘူး။ ဘင်္ဂလားပင်လယ်အော်မှာ တစ်နှစ်ကို ပျမ်းမျှအားဖြင့် မုန်တိုင်း ခုနစ်လုံး၊ ရှစ်လုံးဖြစ်ချိန်မှာ မြန်မာနိုင်ငံကို ဝင်နိုင်တဲ့ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ၇ ရာခိုင်နှုန်း လောက်ဆိုတော့ သုံးနှစ်ကိုမှ မြန်မာနိုင်ငံကိုဝင်နိုင်တဲ့ အရေ အတွက်ကနှစ်လုံးလောက်ပဲ ရှိပါတယ်။
မုန်တိုင်းများအနေနဲ့ ဒီရေတော တွေနဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် ပတ်သက်ဆက်နွှယ်မှုများတော့ ရှိပါတယ်။ သစ်တောများပြုန်းတီးလာတဲ့ အတွက်ကြောင့် ရာသီဥတုတွေ ပြောင်းလဲလာမယ်။ ကမ္ဘာကြီး ပူနွေးလာမှုတွေ ဖြစ်ပေါ် လာမယ်။
သမုဒ္ဒရာရေပြင်တွေ ပိုပြီးတော့ ပူနွေးလာမယ်။ ပူနွေးလာတဲ့အခါမှာ သမုဒ္ဒရာရေတွေ ပိုပူလာတဲ့အတွက် မုန်တိုင်းဖြစ်ဖို့ အခွင့်အလမ်းက ပိုများလာတယ်။ မုန်တိုင်းဖြစ်ဖို့ဆိုရင် သမုဒ္ဒရာရေပြင်က အပူချိန်က ၂၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ထက် ပိုရမယ်။ ဒီအောက် ကျတယ်ဆိုရင်တော့ မုန်တိုင်းမဖြစ်နိုင်ပါဘူး။ ၂၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ကို ၁ဒီဂရီ၊ ၁ ဒသမ ၅ ဒီဂရီနှင့် ၂ ဒီဂရီ၊ ဒီ့ထက်ပိုများလာရင် မုန်တိုင်းက ပိုကြီး လာမယ်။
အဓိကအားဖြင့် မုန်တိုင်းဆိုတာ ရေခိုးရေငွေ့များနဲ့ ဖွဲ့စည်းထားတဲ့ ကြီးမားတဲ့ တိမ်တိုက်တွေဖြစ် လာပြီးတော့ မုန်တိုင်းရဲ့အခြေ အနေတွေဖြစ်လာတယ်။ အခုအချိန်မှာ စောင့်ကြည့်ဆဲ အနေအထား ဖြစ်ပါတယ်။ ဒီမုန်တိုင်း စဖြစ်တာက ၁၆ ရက်နေ့လောက်က စဖြစ်တာပါ။
ဒါပေမယ့် MBA အဆင့်ကို မရောက် သေးဘူး။ MBA အဆင့်ကို မေ ၂ဝ ရက်လောက်မှာ ရောက်ပါတယ်။ ဒီ အခြေအနေကို စောင့်ကြည့်နေပါတယ်။ ၂၂ ရက်နေ့မှာ Depression အဆင့်ကို ရောက်ပါတယ်။ မနေ့ကဆိုရင် အတော်လေးကို စိုးရိမ်ရပါတယ်။ မုန်တိုင်းက အရှေ့မြောက်ဘက်ကို ဦးတည်နေပြီးတော့ များသောအားဖြင့် ဘင်္ဂလားပင်လယ် အော်မှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းဟာ မြောက်ဘက်ကို ဦးတည်နေ တဲ့အချိန်မှာ အရှေ့မြောက်ထဲ ကွေ့လာပြီဆိုရင် ကျွန်တော်တို့ နိုင်ငံဘက်ကို ဝင်ပါတယ်။ နောက် တစ်ခု ကံကောင်းသွားတာက ဒီမုန်တိုင်းက ပြောသလောက်အင်အား မကြီးပါဘူး။ ပင်လယ်ထဲမှာ ကြာပေမယ့် များသောအားဖြင့် မုန်တိုင်း ဟာပင်လယ်ထဲမှာ ကြာလာရင် အင်အားကြီးလာတယ်။
မနေ့ကဆိုရင် အရှေ့မြောက် ဘက်ကို ကွေ့ပြီးတော့ မနေ့ညနေမှာ အနောက်၊ အနောက်မြောက် ဘက်ကို ကွေ့သွားတယ်။ အခုမှာ ကျွန်တော်တို့ နိုင်ငံဘက်ကို မဝင်ပေမယ့် ရခိုင်နဲ့နီးတဲ့အတွက်ကြောင့် မုန်တိုင်းရဲ့ အရောင်ကို လည်း လိမ္မော်ရောင်အဆင့်ကို သတ်မှတ်ထားပါတယ်။
တစ်ရက်၊ နှစ်ရက်ကတော့ စောင့်ကြည့်ရဦးမယ်။ မုန်တိုင်းက ၁၈ ဒသမ ၅ လတ္တီကျူ၊ ဒီ့ထက် ကျော်သွားရင် ကျွန်တော်တို့ နိုင်ငံကို မဝင်တော့ဘူး။ အခု လောလောဆယ်မှာတော့ ၁၇ လတ္တီကျူရှိပါ တယ်။ ၁၈ ဒသမ ၅ ကျော်သွားရင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဦးတည်သွားပါတယ်။ မြန်မာနိုင်ငံ အတွက် ၁၈ ဒသမ ၅ မကျော် မချင်း စောင့်ကြည့်ရပါမယ်။ လောလော ဆယ်မှာ ရေထဲမှာပျက်ပြယ်သွားဖို့ တော့မရှိပါ ဘူး။ မုန်တိုင်းဖြစ်ဖို့ အတွက် စိုထိုင်းဆက်ရှိနေတဲ့အတွက် မပျက်ပြယ်နိုင်သေးပါဘူး။ ပြီးခဲ့နှစ် ကဆိုရင် ရေထဲမှာဖြစ်ပြီး ပျက်သွားတာ လည်းရှိပါတယ်။ ၂ဝ၁၃ မှာ မဒီမုန်တိုင်းက အင်အားကြီး မုန်တိုင်း အဆင့် ထိရောက်သွားတယ်။ စပြီး ဦးတည်လာတာက ကျွန်တော်တို့ နိုင်ငံဘက်ကို ဦးတည်လာတယ်။ သူလာတဲ့လမ်းကြောင်းအတိုင်းပဲ ပြန်ဆင်းသွား တယ်။ သီရိလင်္ကာ နိုင်ငံ အနားမှာ ပြန်ပြီးပျက်သွားတယ်။
မုန်တိုင်းများရဲ့ လမ်းကြောင်းက အမျိုးမျိုးပြောင်းလဲနေတယ်။ ခန့်မှန်းဖို့ခက်ပါတယ်။ ဒီမုန်တိုင်းဆို ရင် အရှေ့မြောက် ဘက်ကိုလှည့်ပြီး သွားရင် လမ်းကြောင်းအတိုင်းပဲ သွားပါတယ်။ အနောက်၊ အနောက် မြောက်ဘက်ထဲကို ပြန်လှည့် တယ် ဆိုတာ မရှိသလောက်ရှားပါတယ်။
စောင့်ကြည့်ရမယ့်အချိန်က နောက် တစ်ရက်၊ နှစ်ရက်လောက်ဆိုရင် ၁၈ ဒသမ ၅ ကျော်သွားရင် နိုင်ငံအတွင်းကို မဝင်တော့ပါဘူး။ ၁၈၇၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ တိုက်ခဲ့တဲ့ မုန်တိုင်းတွေရဲ့ လမ်း ကြောင်းတွေကို ပြန်ပြီးတော့ လေ့လာရင် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်တဲ့မုန်တိုင်းများဟာ မြန်မာ နိုင်ငံကို မဝင်ပါဘူး။ များသောအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကိုပဲ ဝင်ပါတယ်။
ဦးချွမ်ဟရဲ
ညွှန်ကြားရေးမှူး ကယ်ဆယ်ရေးဌာနခွဲ
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန
ကျွန်တော်တို့ အခုရာသီမှာဆိုရင် မိုးဦးလေဦးကာလဖြစ်တဲ့အတွက် မုန်တိုင်းတို့ မိုးကြီးတာတို့ကို သတိ ထားပြီးတော့ ကြိုတင်ပြင်ဆင်မှုလုပ် ထားပါတယ်။ ကြိုတင်ပြင်ဆင်မှုအပိုင်း မှာဆိုရင် မိုးလေဝသနှင့် ဇလဗေဒဌာနက ကျွန်တော် တို့ကို ဖက်စ်နဲ့ သော်လည်းကောင်း၊ ဖုန်းနဲ့သော် လည်းကောင်း အချိန်နဲ့ တစ်ပြေးညီ သတင်းပေးပါတယ်။ သတင်းရ လျှင်ရချင်း နာရီဝက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှာရှိတဲ့ ကျွန်တော်တို့ဦးစီးဌာနတွေကို မိုးလေဝသ ဌာနက ပေးတဲ့အတိုင်းပဲ သတိထားဖို့၊ ပြင်ဆင်ဖို့ဆိုပြီး တော့ ထပ်ဆင့်ပြီးတော့ အကြောင်းကြားပါတယ်။ ပြီးရင် တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး သတင်းရမရ ဘာတွေ လုပ်ထားတယ်ဆိုတာ ပြန်ပြီးတော့ ဆက်သွယ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ကျွန်တော်တို့ ဦးစီးဌာနတွေကတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတွေကို တင်ပြတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း မုန်တိုင်းနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ သဘာဝဘေး နဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ် ကော်မတီတွေဖွဲ့စည်းထား တာရှိတယ်။ အစည်းအဝေးထိုင်ပြီးတော့ ဘာတွေကြိုတင် ပြင်ဆင်ထား သလဲ၊ ဖြစ်လာလို့ရှိရင် ဘာလုပ်မလဲ ဆိုတာ ဆွေးနွေးတိုင်ပင်ကြတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်တွေ၊ ကျောက်ဖြူမြို့တွေမှာ ထောက်ပံ့ပစ္စည်း သိုလှောင်ရုံတွေရှိပါတယ်။ ပစ္စည်းတွေကို စစ်ဆေးရေးလုပ်တယ်။ တကယ်လို့များ မုန်တိုင်းဖြစ်ခဲ့ရင် ထောက်ပံ့ပစ္စည်းတွေ လုံလောက်မှု ရှိ၊ မရှိ စစ်ဆေးပါတယ်။ သဘာဝဘေးဖြစ်လာရင် ကျွန်တော်တို့ဦးစီးဌာနက ရည်ရွယ်ချက် နှစ်ခုနဲ့ အလုပ် လုပ်ပါတယ်။ ပထမ အချက်အနေ နဲ့ကတော့ သဘာဝဘေး အန္တရာယ်ကြောင့် အတိဒုက္ခရောက် သူတွေကို လတ်တလောသက်သာ ချောင်ချိရေး ရရှိစေရန်အတွက် ထောက်ပံ့ရေးလုပ်ငန်း ဆောင်ရွက်ရန်၊ ဒုတိယ အချက်အနေနဲ့တော့ ဘေးဒုက္ခ ရောက်သူတွေကို သဘာဝဘေးဒဏ်လျော့ပါးရေးကို ကြိုတင်စီမံဆောင်ရွက်ရန် ဆိုပြီးတော့ ရည်ရွယ်ချက်နှစ်ခု ရှိပါတယ်။
ကြိုတင် စီမံဆောင်ရွက်ရန်ဆိုတဲ့ အပိုင်းမှာ လတ်တလော သက်သာ ချောင်ချိရေးအတွက် တစ်နိုင်ငံလုံးမှာ သိုလှောင်ရုံတွေထားတယ်။ အထက်မြန်မာပြည်မှာဆိုရင် မန္တလေး၊ အောက်မြန်မာပြည်မှာဆိုရင် ရန်ကုန်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ ၃ဝ မှာ အိမ်ထောင်စု ၁ဝဝဝဝ၊ ၅ဝဝဝ၊ ၃ဝဝဝ စာ စသည်ဖြင့် ထောက်ပံ့ ပစ္စည်းတွေ ကို စုဆောင်းပေးထားတယ်။ ကယ်ဆယ် ရေးပစ္စည်းကိုးမျိုး ရှိပါတယ်။
အဲဒါတွေကို လတ်တလော သက်သာ ချောင်ချိရေးအတွက် ထောက်ပံ့နိုင်ရန်အတွက် ဖြစ်ပါတယ်။ လိုအပ်မှု ရှိက ထောက်ပံ့ရေး ပစ္စည်းများ ဗဟိုသိုလှောင်ရုံများက တစ်ဆင့် အမြန်ဆုံးပေးပို့နိုင်ရန် စီစဉ်ထားတယ်။ သဘာဝဘေး အန္တရာယ်တွေကျရောက်လာရင် ကြိုတင်ကာကွယ်နိုင်ဖို့ ဒေသခံပြည်သူ တွေသိအောင် သင်တန်းများပေး တာတွေ၊ ဇာတ်တိုက်လေ့ကျင့်တာတွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်များကို အလှည့်ကျ အလုပ်ရုံဆွေးနွေး ပွဲတွေမှာ သဘာဝဘေး နဲ့ ပတ်သက်လို့ ဆောင်ရန်တွေ၊ ရှောင်ရန်တွေ အသိပညာပေး တာတွေ လုပ်ငန် တွေကို ဆောင်ရွက်ပေးပါတယ်။
သဘာဝဘေး ကိုးမျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မိုးခေါင်ရေရှား၊ မြေပြိုဘေး၊ ရေဘေး၊ သောင်းကျန်းသူဘေး၊ ကပ်ပါးရောဂါ ဘေးစတဲ့ ဘေးဒဏ်တွေ ကာကွယ် နိုင်ရန်အတွက် ဘေးတစ်ခုချင်း အလိုက် လက်ကမ်းစာစောင်တွေကို ဖြန့်ဝေပေးပါတယ်။ ဖြစ်ပွားတဲ့ဘေး အန္တရာယ်ပေါ်မူတည်ပြီး လက်ကမ်း စာစောင်တွေကို များများဖြန့်ဝေ ပေးပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ UN,INGOs တွေနဲ့ ပေါင်းပြီးတော့ သဘာဝဘေး အန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေတဲ့နည်း ကိုလည်း ဆောင်ရွက် ထားပါတယ်။
သဘာဝဘေး ဖြစ်နေဆဲကာလ များမှာ အရေးပေါ်တုံ့ပြန်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဂိုဒေါင် မှာရှိတဲ့ ထောက်ပံ့ပစ္စည်းကိုးမျိုးကို ထောက်ပံ့ပေးပါတယ်။ အဲဒါနဲ့ မလောက်ဘူးဆိုရင် ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရန် UN, INGOs တွေနဲ့ သဘောတူလက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ အကူ အညီကိုတောင်းပြီး ထောက်ပံ့ရေး အစီအစဉ်တွေကို ဆောင်ရွက်ပါတယ်။ ပြည်တွင်းအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်။
နာဂစ်မုန်တိုင်းဖြစ်ပြီးနောက်ပိုင်းမှာ အတွေ့အကြုံ အရ ခိုလှုံနိုင်တဲ့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံတွေ တစ်နိုင်ငံလုံး မှာဆိုရင် ၅၆ လုံး တည်ဆောက်ပေး ထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီး မှာဆိုရင် ၅၄ လုံး၊ ရန်ကုန် တိုင်းဒေသကြီးမှာ နှစ်လုံးရှိပါတယ်။
ရခိုင် ပြည်နယ်မှာနှစ်လုံး တည်ဆောက်နေဆဲဖြစ်ပါတယ်။ ဓမ္မာရုံ တွေ၊ ဘုန်းကြီးကျောင်း၊ အထက် တန်းကျောင်းတွေမှာလည်း အရေးပေါ် ခိုလှုံနိုင်အောင် ကြိုတင်စီမံ ဆောင်ရွက်ထားပါတယ်။ မိုးနှောင်း ကာလမှာ ဆိုရင် မုန်တိုင်းဖြစ်တာများတယ်။ ပြည်သူတွေ အနေနဲ့ အစဉ်အမြဲ ရေဒီယို၊ သတင်းစာ၊ အသိပညာပေး စာစောင်တွေ ကို နားထောင် ဖတ်ရှုလေ့လာထားဖို့ လိုပါတယ်။ အသိပညာ ဗဟုသုတ ရှိပြီးတော့ အသက်ဆုံးရှုံးပျက်စီးမှု လျော့နည်းနိုင်သလောက် လျော့နည်းအောင် ပြည်သူများက လိုက်နာ ကြဖို့လိုပါတယ်။
ဦးဘိုနီ
ညွှန်ကြားရေးမှူး
ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန
သစ်တောဦးစီးဌာန
ဒီရေတောတွေဟာ ပြည်သူ တွေကို သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်ပေးနေတဲ့သဘာဝ တံတိုင်း ကြီး (Bio-Shield) ကြီး တွေပါ။ နာဂစ်မုန်တိုင်းဖြစ်စဉ်က မုန်တိုင်းလမ်းကြောင်းပေါ်မှာရှိတဲ့ မိန်းမလှကျွန်း၊ ဒီရေတောကြိုးဝိုင်း မှာဒီရေတောတွေရှိနေတဲ့အတွက် အသက်အိုးအိမ်နဲ့ အဆောက်အအုံ တွေပျက်စီးမှုတွေ များစွာနည်း ပါးခဲ့ပါတယ်။ လက်တွေ့တစ်ခုကို သာဓကပြောရရင် မိန်းမလှကျွန်းရဲ့ မုန်တိုင်း မျက်နှာစာမှာရှိ တဲ့အပြင် ပဒဲကောရွာမှာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပေမယ့် ဒီရေတောရဲ့နောက်မှာ ကပ်လျက်ရှိတဲ့ ရွှေပြည်အေး (ထော်ပိုင်) ကျေးရွာမှာတော့ မဆို သလောက်ပဲ ပျက်စီးခဲ့ပါတယ်။
ရှေ့မှာ ဒီရေတောကြီးခံနေတဲ့အတွက် မုန်တိုင်းဒဏ်က သက်သာရာရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တနင်္သာရီ တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာရှိတဲ့ ကမ်းရိုးတန်း ဧရိယာတွေမှာ ဒီရေတောတွေအများ အပြား ပေါက်ရောက်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနဲ့ မွန်ပြည်နယ်တွေမှာလည်း ဒီရေတောတွေရှိပါတယ်။ World Mangrove Atlas ရဲ့ ၂ဝ၁ဝ ပြည့်နှစ် ကမ္ဘာ့ဒီရေတော စာရင်းအရ မြန်မာနိုင်ငံမှာဒီရေတော ဧရိယာ စုစုပေါင်း ၅ဝ၂၉ ကီလိုမီတာ ရှိပြီး ကမ္ဘာ့သတ္တမမြောက် ဒီရေ တောအများဆုံးနိုင်ငံ ဖြစ်ပါတယ်။
ကမ္ဘာ့ဒီရေတောဧရိယာစုစုပေါင်းရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိပါတယ်။ ဒီရေတောတွေဟာ ဒေသခံ ပြည်သူတွေကို မုန်တိုင်းဒဏ်၊ ဒီရေ လှိုင်းလုံးကြီးတွေရဲ့ ဒဏ်ကနေပြီး ကာကွယ်ပေးတဲ့အပြင် ဒီရေတောကနေ သစ်တောထွက် ပစ္စည်းတွေ၊ ငါး၊ ပုစွန်၊ ကဏန်းနဲ့ အခွံမာရေနေ သတ္တဝါ (ကနုကမာ) တွေကို ထုတ် ယူသုံးစွဲနိုင်ပါတယ်။ ဒီထက် ထူးခြား တာကတော့ ဒီရေတောတွေဟာ အခြားသစ်တောတွေထက် ကာဗွန် ပိုမို သိုလှောင်ထားနိုင်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ် ကိုပိုမို အကျိုးပြုနေတာကို တွေ့ရပါ တယ်။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဒီရေတောတွေဟာ အခြားအရှေ့ တောင်အာရှနိုင်ငံတွေလိုပဲ စိုက်ပျိုး မြေချဲ့ထွင်တာ၊ မြို့ပြဧရိယာ တိုးချဲ့ လာတာ၊ ဆားထုတ်လုပ်တာ၊ ဒီရေ တောထွက်ပစ္စည်းတွေ အလွန်အကျွံ ထုတ်လုပ်တာတွေ၊ ပုစွန်ကန်တွေ တိုးချဲ့လာတာနဲ့ သဘာဝဘေးဒဏ် ကျရောက်တာ စတာတွေကြောင့် ပျက်စီးဆုံးရှုံးနေပါတယ်။ ၁၉၈ဝ ပြည့်နှစ်က ဧရိယာ စုစုပေါင်း ၁၆၂၈၄၇၁ ဧက ရှိတာကနေ ၂ဝ၁ဝ ပြည့်နှစ်မှာတော့ ၈ဝ၆၈၁၄ ဧကပဲ ကျန်ပါတော့တယ်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသမှာဆိုရင် မြစ်ဝ ကျွန်းပေါ် ဒီရေတောဂေဟစနစ် တစ်ခုလုံး ပြုန်းတီးပျက်စီးသွားမယ့် အနေအထားကိုတောင် ရောက်ရှိ လာနေပါပြီ။
ဒါကြောင့် မြန်မာ့ဒီရေတော တွေ ပြန်လည်ပြုစုစိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ရာမှာ ၁၉၈၁-၁၉၈၂ခုနှစ်ကနေ ၂ဝ၁၄-၂ဝ၁၅ ခုနှစ် အထိ ဧရာဝတီတိုင်းဒေသကြီးမှာ ဧက ၁၃၉ဝဝ၊ တနင်္သာရီတိုင်း ဒေသကြီးမှာ ဧက ၂ဝဝ နဲ့ ရခိုင် ပြည်နယ်မှာ ၂၂၆၅ ဧက စုစု ပေါင်း ၁၆၃၆၅ ဧက စိုက်ပျိုးခဲ့ပါ တယ်။ ဧရာဝတီတိုင်းဒေသ ကြီးမှာ စုစုပေါင်းဧက ၅၂၇၆ဝ စိုက်ပျိုး ပြုစုခဲ့ပေမယ့် နာဂစ်မုန်တိုင်းကြောင့် ဒီရေတောစိုက်ခင်းပေါင်း ဧက ၃၈၈၆ဝ ပျက်စီးခဲ့လို့ ဧက ၁၃၉ဝဝပဲကျန်တော့တာ ဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းအပြီး မုန်တိုင်း ဒဏ်ခံ ဒေသတွေဖြစ်တဲ့ ဘိုကလေး၊ ဖျာပုံနဲ့ လပွတ္တာမြို့နယ်တွေမှာ ဒီရေ တောစိုက်ခင်း ၆၂၇၆ ဧကနဲ့ အစု အဖွဲ့ပိုင် စိုက်ခင်းဧက ၄ဝဝ တည် ထောင်ပြီးပါပြီ။ ဒီရေတော ထိန်း သိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ UNDP, FAO, JICA စတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းက အစိုးရမဟုတ်တဲ့၊ အဖွဲ့အစည်းတွေ၊ ဒေသခံပြည် သူတွေနဲ့ ပူးပေါင်းပြီး စီမံကိန်း လုပ်ငန်းတွေ အသွင်နဲ့လည်း ဆောင် ရွက်နေပါတယ်။
လောလောဆယ်မှာ ဂျပန်အပြည် အပြည်ဆိုင်ရာ ပူးပေါင်းရေး အေဂျင်စီ JICA ရဲ့ ရန်ပုံငွေ အထောက်အပံ့ နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဒီရေတောများ ပြန်လည်ထူထောင် ရေးစီမံကိန်းကို ဆောင်ရွက်နေပါတယ်။ စီမံကိန်းကာလက ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ကနေ ၂ဝ၁၇ ခုနှစ် မတ်လအထိ ဖြစ်ပြီး ဘိုကလေးမြို့နယ် ကဒုံကနိကြိုးဝိုင်းမှာ ဆောင်ရွက်နေတာဖြစ်ပါ တယ်။
ဒီစီမံကိန်းမှာ ဒီရေတောစိုက်ခင်း ၂၈၅၂ ဧက တည်ထောင်ခြင်း၊ သစ်တောထိန်းသိမ်းရေး မျှော်စင်ပါတဲ့ မုန်တိုင်းဒဏ်ခံ အဆောက် အအုံတစ်လုံး ဆောက်လုပ်ခြင်း၊ စီမံကိန်းအထောက်အကူပြုယာဉ် ယန္တရားတွေ ဝယ်ယူပံ့ပိုးခြင်း၊ ဒီရေတော စီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံ ချက်ရေးဆွဲခြင်း၊ ဆိုင်ကလုန်း အကာအကွယ်တွေကို အသုံး ပြုခြင်းအပါအဝင် အရေးပေါ် အခြေအနေအတွက် လေ့ကျင့် ပြင်ဆင်ထားရမယ့် သင်တန်းတွေပို့ ချခြင်း၊ ဒီရေတော စိုက်ခင်း တွေတည်ထောင်ခြင်းဖြင့် ရေနေ သတ္တဝါတွေအပေါ် အကျိုးသက် ရောက်မှုကို စာရင်းကောက်ယူ လေ့လာခြင်းတို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရရဲ့ ထောက်ပံ့ ရန်ပုံငွေ ဂျပန်ယန်း ၅၆၈ ဒသမ ၅ သန်းနဲ့ ဆောင်ရွက်နေတာပါ။


No comments:

Post a Comment