Saturday, May 24, 2014

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ဝင်စားသူများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်





နေပြည်တော် မေ ၂၃
ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့၌ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သည် မေ ၂၂ ရက် ညနေ ၃ နာရီတွင် မနီလာမြို့ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် (၂၃) ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

အဆိုပါ စီးပွားရေးဖိုရမ်ဖွင့်ပွဲသို့ အရှေ့အာရှနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်များ၊ ကုမ္ပဏီများမှ အကြီးအကဲများ၊ အမှုဆောင်အရာရှိချုပ်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ (၂၃) ကြိမ်မြောက်အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်သဘာပတိ Mr. Klaus Schwab အမှာစကား ပြောကြားသည်။ ထို့နောက် ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာဘီနင်နို အက်စ်ကွီနို (၃)၊ အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူစီလိုဘမ်ဘမ်း ယူဒိုရိုနိုနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်းတို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကား ပြောကြားရာတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက် မှုကြောင့် လူမှုပတ်ဝန်းကျင်အပေါ် မြင်သာသည့် ထိခိုက်မှုများနှင့် မမြင်သာသည့် ထိခိုက်မှုများ ရှိပါ ကြောင်း၊ ဖွံ့ဖြိုးရေး စီမံကိန်း ကြီးများကြောင့် လူအများရွှေ့ပြောင်းရခြင်း၊ စက်ရုံစွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုသည် သိသာမြင်လွယ်ပါကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်အား မသိသာ သော်လည်း သက်ရောက်မှုရှိသည့် ထိခိုက်မှုများ ရှိပါကြောင်း၊ သို့ဖြစ်၍ စီးပွားရေး ဖွံ့ဖြိုးလာသည့် ထွန်းသစ်စ နိုင်ငံများအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို လိုအပ်လာသည်ကို လက်ခံလာကြ ပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အပြောလွယ်သော်လည်း အကောင်အထည် ဖော်ရန် ခက်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုး လာသည်နှင့်အမျှ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများလည်း တိုးလာပါကြောင်း၊ လူမှုဖွံ့ဖြိုးရေးတွင် မညီမျှမှုများနှင့် မလိုအပ်သော သက်ရောက်မှုများ ရှိလာပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံများ၏ အတွေ့အကြုံများကို သင်ခန်းစာကိုယူနိုင်ပါကြောင်း၊ အချို့သော အာဆီယံနိုင်ငံများ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဝင်ငွေခွဲဝေရရှိမှုနှင့် တစ်ဦးချင်းဆင်းရဲမှု တို့အကြား ဆက်သွယ်ချက် တစ်ရပ်ရှိသည်ကို ကိန်းဂဏန်းများအရ တွေ့မြင်ရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ထိရောက်သော ဆင်းရဲမှုလျှော့ ချရေး မဟာဗျူဟာသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေ  သကဲ့သို့ မညီမျှမှု လျှော့ချရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ စတင်ပြီးတံခါးဖွင့် ဝါဒကျင့်သုံးကာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့သည့် အပြင်မြို့ပြကျေးလက် ဒေသအလိုက်၊ ဝင်ငွေအလိုက်၊ ကျားမအလိုက် မညီမျှမှုများ လျှော့ချရေးကို ဆောင်ရွက်ခဲ့ပါကြောင်း။
ယင်းလုပ်ငန်းများသည် ရေရှည်လုပ်ငန်း ဖြစ်သည်နှင့်အညီ ရေရှည်တည်တံ့သော နိုင်ငံရေးကတိကဝတ် ရှိရန် လိုအပ်ပါကြောင်း ပြည်တွင်း ပြည်ပလူမှုရေး အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေး မဟာမိတ်များ၊ ပုဂ္ဂလိက ကဏ္ဍနှင့် မိတ်ဆွေများ လက်တွဲဆောင်ရွက် နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။
ဒေသတွင်း နိုင်ငံအချို့သည် အတိုင်းအတာတစ်ခုထိ ဖွံ့ဖြိုးတက်လာပြီဖြစ်ပါကြောင်း၊ သို့ရာတွင်အလယ် အလတ်ဝင်ငွေ ဖန်တီးနိုင်သည့်အဆင့်၌သာ ရပ်တန့်နေပါကြောင်း၊ မညီမျှမှုကိုလည်း ကုစားရန် လိုအပ်ပါ ကြောင်း၊ ဖွဲ့စည်းလုပ်ကိုင်ပုံများ ပြောင်းလဲရန်လိုအပ်ပြီး အချို့သော ပြောင်းလဲမှုများသည် ထိခိုက် လွယ်သည့် ကိစ္စများဖြစ် ပါကြောင်း။
သို့ဖြစ်၍ အားလုံးပါဝင်ပြီး အချိုးကျခံစားရသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိမည့် ခြေလှမ်းများဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ စီးပွားရေးတိုးတက်မှုကို စဉ်ဆက်မပြတ် ရရှိစေရန် အရေးကြီးကြောင်းကို ပိုမိုနားလည်လာမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် စိတ်ဝင်စားသူ များအားလုံးနှင့်လည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဖိလစ်ပိုင်သမ္မတ၊ အင်ဒိုနီးရှားသမ္မတ၊ ဗီယက်နမ်ဝန်ကြီး ချုပ်နှင့် ဖိုရမ်ဥက္ကဋ္ဌတို့နှင့်အတူ မြန်မာနိုင်ငံ အပါအဝင် အရှေ့အာရှနိုင်ငံများမှ စီးပွားရေး စွမ်းဆောင်ရှင် များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ညပိုင်းတွင် ဖိလစ်ပိုင်သမ္မတ တာမစ္စဘီနင်နို အက်စ်ကွီနို (၃) က အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက် လာကြသည့် နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး အဆင့်ရှိ ပုဂ္ဂိုလ်များ၊ ကုမ္ပဏီများမှ အကြီးအကဲများ၊ အမှုဆောင်အရာရှိချုပ်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာ အခြားနိုင်ငံ အကြီးအကဲများနှင့်အတူ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့သည်။

No comments:

Post a Comment