အဖိုးနည်းသော်လည်း
အာဟာရတန်ဖိုးတွင် များပြားလှသည့် ရွှေထုတ်သည့်မြပ၀ါပမာ ဟင်းရွက်ကိုပြပါ ဟုဆိုပါလျှင်
ကန်စွန်းရွက်ကို ပြရပါလိမ့်မည်။
ကန်စွန်းရွက်တွင်
နှစ်မျိုးနှစ်စားရှိသည်။ ရေ၌ ပေါက်သော ကန်စွန်းရွက်နှင့် ကုန်းကန်စွန်းရွက်ဟူ၍ နှစ်မျိုးရှိပေသည်။
ရေကန်စွန်းသည် အရိုးပွ၍ ကုန်းကန်စွန်းမှာမူကား အရိုးကျစ်ပေသည်။ ထို့အပြင် ကန်စွန်း၏
အရောင်အဆင်းတွင် အနီနှင့်အဖြူဟူ၍ နှစ်မျိုးရှိပြန်သည်။ အဖြူဟုဆိုသော်လည်း အရောင်မှာ
စိန်းဖန့်ဖန့်ရှိသည်။
စားသုံးရာတွင်
ရေ၌ပေါက်သော ကန်စွန်းဖြူနီ နှစ်မျိုးစလုံး ချဉ်ရေချက်၍ လည်းကောင်း၊ ကြော်၍လည်းကောင်း၊
ကန်စွန်းညွှန့်ကို တို့စရာအဖြစ်လည်းကောင်း ငှကပျောအူတိုင်ပါးပါးလှီးပြီးနှင့်အတူ ချဉ်ဖတ်ထည့်၍
လည်းကောင်း စားသုံးနိုင်သည်။
ကန်စွန်းရွက်ကိုကြော်၍စားရာတွင်
ပြည်ကြီးငါးနှင့်ရော၍လည်းကောင်း ကြက်သားနှင့်ရော၍ ကော်ရည် ခေါက်ဆွဲတွင် ထည့်၍လည်းကောင်း၊
ကန်စွန်းရွက်သနှပ်လုပ်၍ စားခြင်း၊ မှိုနှင့်ရောချက်စားခြင်း၊ အာလူး ကက်သလစ်တွင် ဌာပနာအဖြစ်ထည့်၍
သုံးခြင်းတို့သာမက အခြားနည်းအမျိုးမျိုးဖြင့် စားသုံး နိုင်ကြသည်။
အမျိုးမျိုးသော
ကန်စွန်းရွက်များမှ အရွက်နုများကို ရေနွေးဖျော၍ဖြစ်စေ၊ မဖျောပဲဖြစ်စေ တို့၍ စားနိုင်သည်။
ကန်စွန်းအရွက်နှင့် အရိုးတို့ကို ဟင်းချိုချက်ကြော်ချက်ချက်၊အခြားဟင်းသီးဟင်းရွက်များနှင့်ရော၍
ကြော်ချက် ချက် သနှပ်လုပ် ချဉ်ဟင်းချက်၍ လည်းကောင်း
စားသုံးကြပါသေးသည်။
မှိုဟင်းချက်၌
ကန်စွန်းအနည်းငယ်ထည့်ချက်က ဘေးကင်းစေသည်။ မှိုဆိပ်တောက်ခဲ့သော် ကန်စွန်းရွက်ကို ပြုတ်၍
သောက်ခြင်းဖြင့် အဆိပ်ပြေနိုင်သည်။
ကန်စွန်းရွက်တွင်
ပိးုစိမ်းကောင်းလေးများပါတတ်သဖြင့် ရှေးဦးစွာ ရေထဲစိမ်၍ ဆားခတ်ထားရန် လိုသည်။ ထိုပိုးကောင်လေးများ
ရေပေါ်သို့ တက်လာသောအခါ ရေကိုသွန်ပစ်လျှက် ရေသန့်သန့်နှင့် တစ်ဖန်လှုပ်၍ လှုပ်၍ ပေးရပါသည်။
ကန်စွန်းရွက်ချက်လျှင် ဆားခပ်ရာတွင် အခြားဟင်းများထက် လျှော့၍ ထည့်ရန်လိုအပ်ပါသည်။
ဆန့်ကျင်ဘက်အစာများမှာ ကန်စွန်းအမြစ်နှင့် နှမ်းမှုန့်ဖြစ်သည်။
အင်္ဂလိပ်ဆေးပညာအလိုအရ
အင်္ဂလိပ်ဆေးပညာအလိုအရ
ကန်စွန်းရွက်တွင် ရေငွေ့ဓာတ်၊ ကစီဓာတ်၊ထုံးဓာတ်နှင့် ဗီတာမင် အေနှင့်စီ ဓာတ်တို့ ပါဝင်သည်။
အရိုးနှင့် ကလာပ်စည်းများ တည်ဆောက်မှုကို အားပေး၍ ခန္ဓာကိုယ်သန်မာထွားကြိုင်းစေသည်။ မျက်စိကြည်လင်စေသည်။
အာရုံကြောများ၊ သွားများကောင်းမွန်စေပြီး အသားအရေစိုပြည်စေသည်ဟုဆို၏။
ရှေးမြန်မာဆေးကျမ်းများအလိုအရ
ဓာတုရသနှင့်
ရသဓာတုကျမ်း၌ ဖော်ပြထားပုံမှာ ကန်စွန်းရွက်သည် ကျင်ကြီးကျင်ငယ်အောင့်သော အနာကို ပယ်နိုင်၏။
အာပေါဓာတ်ကို ကြေစေတတ်၏။ တောင်ကန်စွန်းသည် သွေးနှင့်သင့်၏။ ကြေလည်း ကြေစေတတ်၏။ တိမ်စွဲသော
အနာကိုလည်း ပယ်နိုင်၏။
ရှေးဆေးအဘိဓာန်ဆေးကျမ်းများအလိုအရ
ဝမ်းမီးဖြောင့်ညီ၏။ သုတ်ကို ပွားစေတတ်၏။ ရူးသောအနာကို လည်းကောင်း၊ သည်းခြေနှင့်ယှဉ်သော
အနာကိုလည်းကောင်း ချမ်းသာစေတတ်၏။ ကန်စွန်းရိုးသည် သည်းခြေမပွား၊ ပူသောအနာကို ချမ်းသာစေတတ်၏။
ဥတုဘောဇနကျမ်းအလိုအရ
ကန်စွန်းရွက်သည်
ချို၏။ နို့ရည်သုတ်တို့ကို ပွားစေတတ်၏။ ထို့အပြင် ကန်စွန်းရွက်နှင့် ပတ်သတ်၍ ရှေးမြန်မာသမားတော်များ
လေ့လာတွေ့ရှိချက်အရ သိထားသည်မှာ-
၁။ ငန်းမန်းရှိသော အနာကို ဆွတ်လိမ်းခြင်းအားဖြင့်
ငန်းမန်းကျေစေနိုင်၏။
၂။ ရေ၌ဖြစ်သော ပိုးတို့ကို ပယ်တတ်၏။
၃။ နူနာရောဂါ၌ အကျိုးပြုတတ်၏။
၎။
ကာမစိတ်ကိုထက်သန်စေတတ်၏။
၅။ ကန်စွန်းရွက်ကို ညှစ်၍ရသော သတ္ထုရည်သည် မီးလောင်နာ၊ ရေငတ်ခြင်း၊ ဆီးနှင့်စပ်သော
ရောဂါတို့ကို ပျောက်စေ၏။
၆။ ရက်ကျန်ဖျား၊သိန္တွိပါတ်ဖျားတို့ကို နိုင်၏။
၇။ ဘိန်းနှင့်စိန်အဆိပ်များကို ပြေစေတတ်၏။
၈။ သွေးဝမ်း၊ ပူလောင်သောအနာ၊၀ါသင့်နာ၊ ချောင်းဆိုး၊အသည်းနှင့်စပ်သော
အနာတို့ကို အကျိုးပြု၏။
ကန်စွန်းရွက်ကား
တန်ဖိုးနည်းသော်လည်း အနောက်တိုင်း အင်္ဂလိပ်ဆေးပညာအယူအားဖြင့် လည်းကောင်း၊ မြန်မာကျမ်းအသီးသီး၏
အယူအဆအရလည်းကောင်း သာမာန်မျှ စားသုံးသော အာဟာရအဖြစ်သာမက လွန်စွာမှ ဆေးဖက်ဝင်လှပါသည်။
မှတ်ချက်။ တက္ကသိုလ်စိုးမိုးနိုင်ရေးသားသော
ဥတုဓာတ်စာ သဘာဝဆေးပညာ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
No comments:
Post a Comment