Saturday, May 31, 2014

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဖြူးမြို့နယ်နှင့် ပဲခူး မြို့နယ်တို့၌ ကျောင်းအပ်နှံမှုများ ကြည့်ရှု အားပေး

နေပြည်တော်-မေ-၃၀
ပဲခူးတိုင်း ဒေသကြီး အတွင်း ကျောင်းအပ်နှံရေး လုပ်ငန်း ဆောင်ရွက် နေမှုများကို ကြည့်ရှု အားပေး ရန် တောင်ငူ မြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ  ဒေါက်တာ စိုင်းမောက်ခမ်း သည် ပြည်ထောင်စု ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများနှင့် အတူ ယနေ့တွင် ဖြူးမြို့နယ်နှင့် ပဲခူးမြို့နယ် တို့၌ ကျောင်း အပ်နှံရေး ဆောင်ရွက်နေမှု များကို ဆက်လက် ကြည့်ရှု အားပေး သည်။


ရှေးဦးစွာ ဒုတိယ သမ္မတနှင့် အဖွဲ့သည် ဖြူးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည့် ကျောင်း အပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက် အားပေးသည်။
အခမ်း အနားတွင် ဒုတိယ သမ္မတက ပညာရေး ကဏ္ဍတွင် အခြေခံနှင့် အဆင့်မြင့် ပညာရေး ကဏ္ဍဟူ၍ နှစ်ပိုင်းရှိပြီး အခြေခံ ပညာရေးကဏ္ဍ၌ ကျောင်းစတင် ဖွင့်လှစ်ချိန်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ် နှံနိုင်ရန် အဘက်ဘက်မှ ကူညီပံ့ပိုး ဆောင်ရွက် နေခြင်းမှာ ကျောင်းနေသူများ ပိုမိုများပြား လာအောင် အားပေးနေ ခြင်းဖြစ်ပါ ကြောင်း။
တစ်နိုင်ငံလုံးတွင် မူကြိုကျောင်း တစ်သိန်း ကျော်မျှသာ ရှိသေးရာ ဖွံ့ဖြိုးရန် လိုအပ်နေသေး သည်ကိုတွေ့ရှိရ ပါကြောင်း၊ ထို့ပြင် ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်တွင် မူလတန်း အဆင့် ကျောင်းသား ကျောင်းသူ ၅ သန်း ၂ သိန်းကျော်၊ အလယ်တန်း အဆင့်တွင် ၂ သန်း ၅ သိန်းကျော်နှင့် အထက်တန်း အဆင့်တွင် ၇ သိန်း ၄ သောင်းကျော် ရှိပါကြောင်း၊ မူလတန်းမှ အလယ်တန်း အဆင့်တွင် ထက်ဝက်ခန့်နှင့် အလယ်တန်းမှ အထက်တန်း အဆင့်သို့ တက်ရောက်သူ သုံးပုံနှစ်ပုံခန့် လျော့နည်း သွားသည်ကို တွေ့ရှိရ ပါကြောင်း၊ အခြေခံပညာနှင့် အဆင့်မြင့် ပညာကဏ္ဍ နှစ်ခု စလုံးတွင် ပညာ သင်ယူနေသူ အရေ အတွက်မှာ နိုင်ငံ့လူဦးရေ၏ ၆ ပုံ ၁ ပုံသာရှိ နေပါကြောင်း၊ ပညာသင် သူဦးရေ များပြား လာအောင် ကျောင်း အပ်နှံရေး လှုပ်ရှားမှုများကို အင်တိုက် အားတိုက် ဆောင်ရွက် နေခြင်း ဖြစ်ပါကြောင်း။
ထို့အတူ ပညာသင်ကြားမှု ကုန်ကျစရိတ် မများရအောင် အခမဲ့ မူလတန်း ပညာရေးကို သတ်မှတ်ခဲ့ပြီး ယခု နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေးကိုပါ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ပညာသင်သူ အရေအတွက် များပြားလာ သည်နှင့် အမျှ အရေအတွက်မှ အရည်အချင်းသို့ တိုးတက် လာအောင်လည်း ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပညာ အရည်အချင်း တိုးတက်မှ တိုင်းပြည် တိုးတက်မည် ဖြစ်ပြီး အရာရာ၌ ပညာရေးက အဓိက ကျနေပါ ကြောင်း။
စီးပွားရေး ကဏ္ဍကို ဥပမာပြုရလျှင် သဘာဝ သယံဇာတကို အမှီပြု၍ ကုန်ကြမ်း အတိုင်း ထုတ်လုပ်ရောင်း ချပါက ဈေးနှုန်း နည်းပါးစွာဖြင့် ရောင်းချရပြီး ယင်းကုန်ကြမ်းကို နည်းပညာ ပေါင်းစပ်မှုဖြင့် ကုန်ချော ထုတ်လုပ် ရောင်းချမှုကိုမူ မူလကုန်ကြမ်း ဈေးထက် အဆပေါင်း များစွာ ဈေးကြီးပေးပြီး ဝယ်ယူနေရ ပါကြောင်း။
နိုင်ငံအချို့တွင် ဦးနှောက် စီးပွားရေးကို အောင်မြင်စွာ ဆောင်ရွက်နေကြ ပါကြောင်း၊ ၎င်းတို့ ထုတ်လုပ်သည့် နည်းပညာမြင့် အီလက်ထရွန်နစ် ပစ္စည်းများကို ဈေးနှုန်း မြင့်မားစွာဖြင့် ဝယ်ယူနေရ ပါသဖြင့် မိမိတို့တွင်လည်း ပညာရှင်များ မရှိမဖြစ် လိုအပ်နေပါကြောင်း၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်နိုင်သည့် အဆင့်မှ ဦးနှောက်သုံး စီးပွားရေး လုပ်ငန်းများ ဆောင်ရွက် နိုင်သည့် အဆင့်သို့ တက်လှမ်း ရမည်ဖြစ်ပြီး  ထိုသို့ ဆောင်ရွက် နိုင်ရန်အတွက် လူ့စွမ်းအား အရင်း အမြစ်များ ဖွံ့ဖြိုးရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် ပညာသင်ယူသူ အရေ အတွက် များပြားလာရန် ကျောင်းအပ်နှံသည်က စတင်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း၊ ကျောင်းနေပျော်၍ စာတော်ရေး၊ အရည်အသွေး ပြည့်ဝသည့် ပညာရှင်များ ဖြစ်ပေါ်လာရေး တို့အတွက် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။
ပညာရေးကဏ္ဍ တိုးတက်လာရန် ဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် ခက်ခဲသည့် အတွက်ကြောင့် ပုဂ္ဂလိက ပညာရေး ကဏ္ဍကို ပိုမိုအားပေးရမည် ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တိုင်းဒေသကြီး အတွင်းနှင့် ဖြူးမြို့နယ် တို့တွင် ကျောင်းအပ်နှံနေမှု အခြေ အနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ဦးအုန်းမြင့်နှင့် ဒုတိယ ဝန်ကြီး ဦးဇော်ဝင်း တို့က စာရေးကိရိယာနှင့် အသုံး အဆောင်များ၊ အလှူငွေများနှင့် အားကစား ပစ္စည်းများကို ပေးအပ်လှူဒါန်း ကြသည်။
ထို့နောက် ဒုတိယ သမ္မတနှင့် အဖွဲ့သည်  ကျောင်းအပ်နှံ နေမှုများကို လိုက်လံကြည့်ရှု အားပေးကာ ကျောင်းသား ကျောင်းသူ များအား လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် ကျောင်းဝင်း အတွင်း၌ ၁၉၂၀ ခုနှစ်က တည်ဆောက် ခဲ့သည့် အမျိုးသားကျောင်း ကျောင်းဆောင်ကို ထိန်းသိမ်း ထားမှုအား ကြည့်ရှု စစ်ဆေး သည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အဖွဲ့သည် ပဲခူးမြို့နယ် ဘုရားကြီးမြို့ အခြေခံ ပညာ အထက်တန်း ကျောင်းရှိ မူလတန်းကြို ကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူ လေးများအား ရင်းရင်း နှီးနှီး နှုတ်ဆက် အားပေးကာ လက်ဆောင် ပစ္စည်းများ ပေးအပ်ရာ မူကြိုကျောင်းသား ကျောင်းသူလေး များက ကလေး ကဗျာများကို ရွတ်ဆိုသရုပ်ဖော် ပြသကြသည်။ အဆိုပါ မူလတန်းကြို ကျောင်းတွင် ကျောင်းသား (၃၅) ဦး၊ ကျောင်းသူ (၄၁)ဦး ပညာ သင်ကြားလျက် ရှိသည်။
ယင်းနောက် ဒုတိယ သမ္မတနှင့် အဖွဲ့သည် အထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှု ကိုကြည့်ရှု အားပေးကြပြီး ဒုတိယ သမ္မတက ကျောင်းသား ကျောင်းသူများ အင်္ဂလိပ် စာစွမ်းရည် မြင့်မားရေးနှင့် သင်ကြား ပေးသည့် ဘာသာရပ်များအား ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရေး အတွက် ဆောင်ရွက်သင့် သည်များကို ဆွေးနွေး မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပဲခူးမြို့နယ် အောင်စေတီ စာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတ အလယ် တန်းကျောင်းသို့ ရောက်ရှိပြီး ပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ နယ်လှည့် သာသနာပြု ဓမ္မကထိက ဘဒ္ဒန္တစန္ဒိမာ အမှူးပြုသော ဆရာတော် သံဃာတော် များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်း များဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန် ကြီးများက ကျောင်းသား ကျောင်းသူ လေးများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတ အလယ်တန်း ကျောင်းကို ၂၀၀၂ ခုနှစ် ဇွန်လတွင် မိဘမဲ့ ကျောင်းသား ကျောင်းသူ ၅၅ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အဆိုပါ ကျောင်းတွင် သူငယ်တန်းမှ အဋ္ဌမတန်း အထိ ကျောင်းသား ကျောင်းသူ ၃၈၀ တက်ရောက် ပညာသင်ကြား ကြမည်ဖြစ်သည်။
ယင်းပရဟိတကျောင်းတွင် အငြိမ်းစား ဆရာကြီး ဆရာမကြီး ၁၄ ဦးတို့က စေတနာဖြင့် လာရောက် သင်ကြားပို့ချပေး လျက်ရှိပြီး ကျောင်းအိပ် ကျောင်းစား အနေဖြင့် ပအိုဝ်း တိုင်းရင်းသား ကျောင်းသား ၇ ဦးနှင့် ကျောင်းသူ ၃၀ အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၃၈ ဦးရှိသည်။ အထက်တန်း ကျောင်းသားများ ကိုလည်း ကျောင်းတွင်ပင် နေထိုင်စေပြီး အခြားအထက်တန်း ကျောင်းများသို့ သွားရောက် ပညာသင်ကြား စေလျက် ရှိကြောင်း သိရှိရသည်။
ပဲခူးမြို့နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေး အလယ်တန်းကျောင်း ၁၇ ကျောင်းနှင့် မူလတန်းကျောင်း ၉ ကျောင်းရှိသည်။ ထို့အတူ အထက် တန်းကျောင်း ၁၅ ကျောင်း အပါအဝင် အခြေခံပညာ ကျောင်းပေါင်း ၂၂၄ ကျောင်းဖွင့်လှစ် ထားသည်။
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ပဲခူးတိုင်း ဒေသကြီး အတွင်း ကျောင်းအပ်နှံရေး လှုပ်ရှားမှု များကို လှည့် လည်ကြည့်ရှု အားပေးသည့် ခရီးစဉ်တွင် ကျောင်းသား ကျောင်းသူများ အတွက် လိုအပ်သည့် ကျောင်းဝတ် စုံများ၊ စာသင်ခုံများနှင့် အသုံး အဆောင်များ ဖြည့်ဆည်း ပေးရန်အတွက် ရေတာရှည် မြို့နယ်တွင် ငွေကျပ် ၂၀၄၅၀၀၀၊ တောင်ငူ မြို့နယ်တွင် ငွေကျပ် ၂၉၉၅၀၀၀ နှင့် ဖြူးမြို့နယ်တွင် ငွေကျပ် ၂၁၀၅၀၀၀ ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment