Thursday, May 29, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးဆောင်ရွက်မှုများ ကြည့်ရှုအားပေး

တောင်ငူ-မေ(၂၉) 
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မတ်(၂၅)ရက်မှ (၃၁)ရက်အထိ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည်။

ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်နှံရေး ပြည်သူအားလုံးပါဝင်ဆောင်ရွက်ပေးဟူသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက မိဘများနှင့် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံရေးအတွက် စည်းရုံးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်က မူလတန်းအဆင့်ကို ပုံနှိပ်စာအုပ်အခမဲ့၊ ဗလာစာအုပ်(၆)အုပ်စီနှင့် ပညာသင်ကြားရေး အထောက်အကူအဖြစ် ငွေကျပ်(၁၀၀၀)ထောက်ပံ့ပေးခြင်း၊ အလယ်တန်းအဆင့်ကိုလည်း ယခုနှစ်မှစတင်၍ အခမဲ့ပညာသင်ကြားရေးစနစ်ကျင့်သုံးသည့်အတွက် ငွေကြေးကောက်ခံမှုမရှိတော့ဘဲ ပုံနှိပ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးနေခြင်းတို့ကြောင့် ကျောင်းအပ်နှံရာတွင် ကျောင်းတိုင်းကျောင်းတိုင်း၌ ယမန်နှစ်များကထက် ကျောင်းသား၊ ကျောင်းသူများပိုမိုအပ်နှံမှုများပြားသည်ကိုလည်း တွေ့မြင်ကြားသိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ ဦးအုန်းမြင့်၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ဒုတိယ ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့သည် ရေတာရှည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို တက်ရောက်အားပေးသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံ၌ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသား ကျောင်းသူပေါင်း ၈ သန်း ၇ သိန်းခန့်ရှိပြီး အဆင့်မြင့်ပညာကျောင်းသား ကျောင်းသူပေါင်း ၆ သိန်းကျော်နှင့် ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပပညာရေးသင်ကြားသူများအပါအဝင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၉ သန်းကျော်ရှိပါကြောင်း၊ နိုင်ငံ့လူဦးရေနှင့်တွက်ကြည့်လျှင် ၆ ပုံ ၁ ပုံခန့်သာ ပညာသင်ကြား နေသည်ကို တွေ့ရသည့်အတွက် ကျောင်းစာသင်ကြားမှုနှုန်းမြင့်တက်လာအောင် ကျောင်းအပ်နှံရေးလှုပ်ရှားမှုကို အင်တိုက်အားတိုက်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ်ကျောင်းအပ်သည့်နေရာတွင် မူလတန်းမှ အလယ်တန်းကိုလည်းကောင်း၊ အလယ်တန်းမှ အထက်တန်းကိုလည်းကောင်း အခက်အခဲအမျိုးမျိုးကြောင့် မတက်နိုင်သူများကို ကူညီနိုင်သည့်နည်းလမ်းရှိလျှင် ကူညီသွားရန်၊ လုံးဝဆက်မတက်နိုင်သူများကိုလည်း အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးနိုင်ရန် စီစဉ်ပေးသွားရန်ဖြစ်ပါကြောင်း။
ပဲခူးတိုင်းဒေသကြီးအနေဖြင့် လူဦးရေစုစုပေါင်း ၄ သန်း ၆ သိန်းကျော်အနက် ကျောင်းသားပေါင်း ၈ သိန်းကျော်ဖြစ်သည့်အတွက် အချိုးအားဖြင့် ၅ ပုံ ၁ ပုံခန့်ရှိပါကြောင်း၊ အလားတူ ကျောင်းစာသင်ကြားနှုန်း မြင့်တက်အောင် အားပေးသကဲ့သို့ စာတတ်မြောက်နှုန်းမြင့်မားလာအောင် ယခင်ကရပ်တန့်နေသည့် အသုံးလုံးကျေသင်တန်းကိုလည်း ယခုနှစ်မှစ၍ ပြန်လည်အားပေးဆောင်ရွက်ခဲ့ပါကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ တည်ဆောက်ရေး ရေတို၊ ရေရှည်လုပ်ငန်းများတွင် ပညာရေးကဏ္ဍသည် အဓိက ဖြစ်နေပါကြောင်း၊ အထူးသဖြင့် (၂၁)ရာစုခေတ်တွင် ပညာရေးသည် မရှိမဖြစ်လိုအပ်လာသည့်အရာ ဖြစ်ပါကြောင်း၊ ပညာရေးဟုဆိုရာတွင် ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ နေရာတိုင်း၊ ဌာနတိုင်း၏ ပညာရေးပါဝင်ပတ်သက်နေမှုကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ နိုင်ငံရေး စသည့် မည်သည့်ကဏ္ဍတွင်မဆို ပညာရှင်လိုအပ်ပါကြောင်း၊ အားလုံးသည် ပညာရေးအခြေခံနှင့် ပညာရှိရန်၊ ပညာရှင်ဖြစ်ရန် လိုအပ်နေသည်ချည်းဖြစ်ပါကြောင်း။
ဒီမိုကရေစီနိုင်ငံတွင် အဓိကမဏ္ဍိုင်ကြီး သုံးရပ်ဟုခေါ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် အစိုးရ ယန္တရားတွင် ပညာရှင်အရေးကြီးပါကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၊ တရားရေး မဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့တွင် ပညာရှင်အရေးကြီးပါကြောင်း၊ စတုတ္ထမဏ္ဍိုင်ဟု ခေါ်သည့် မီဒီယာတွင်လည်း ပညာရေးအခြေခံကောင်းမှသာ နိုင်ငံတကာအဆင့်မီ မီဒီယာကောင်းဖြစ်လာမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ခေတ်သစ်စစ်ရေးစစ်ရာစီမံခန့်ခွဲမှုတွင် ကမ္ဘာ့အနောက်ခြမ်း တစ်နေရာမှနေပြီး ကမ္ဘာ့ အရှေ့ခြမ်းတစ်နေရာသို့ ကွန်ပျူတာပညာဖြင့် စစ်ဆင်ရေးလုပ်နေကြသည်ကိုလည်း အားလုံးအသိပင် ဖြစ်ပါကြောင်း။
ပညာရေးအစွမ်းထက်မှုကို နမူနာပြရမည်ဆိုလျှင် ပညာရည်တွင် သာလွန်သည့်အတွက် နိုင်ငံကငယ်ပြီး လူဦးရေ ၆ သန်းလောက်သာရှိသော်လည်း သန်း ၁၀၀ ကျော်ရှိ ပတ်လည်ဝန်းရံခံနေရသည့် ရန်သူနိုင်ငံများ ကြားတွင် ခေါင်းမော့ရပ်တည်နေသည့် နိုင်ငံတစ်နိုင်ငံ အရှေ့အလယ်ပိုင်း ဒေသတွင်ရှိပါကြောင်း။
ထို့အတူ ကမ္ဘာ့မြေပုံပေါ်တွင် အစက်အပျောက်လေးလောက်သာရှိသည့် နိုင်ငံလေးတစ်နိုင်ငံသည် ဖွံ့ဖြိုးပြီး ချမ်းသာသည့် နိုင်ငံအဖြစ် ရပ်တည်နေသည့် နိုင်ငံတစ်နိုင်ငံ အာရှတွင်လည်း ရှိပါကြောင်း၊ ပညာကိုသုံး၊ ဦးနှောက်ကိုသုံးပြီး အစစအရာရာ အနိုင်ယူနေကြပါကြောင်း၊ ယင်းသည် ပညာရေး၏ သာလွန်မှု သာဓကများပင် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကမ္ဘာကြီးရွာငယ်ဖြစ်ပေါ်နေသည့် ခေတ်ကြီးထဲတွင် ကာယစွမ်းအားထက် ဉာဏစွမ်းအားက ပိုမိုလိုအပ်လာသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း ပညာရေးကို မဖြစ်မနေ မြှင့်တင်သွားကြ ရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ပညာရေးအခြေခံအုတ်မြစ်ဖြစ်သည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းစာ သင်ကြားရေး၊ စာသင်အရွယ်ရောက်သူတိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေးတို့ကို နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းကြောင့် သက်ဆိုင်သူ ကျောင်းသား မိဘများ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူအားလုံးက ကိုယ်ရောစိတ်ပါ ပူးပေါင်းပါဝင်ကြပါဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံရေး လှုပ်ရှားမှုဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
 ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ဒေါက်တာဒေါ်ခင်စန်းရီနှင့် ဒုတိယဝန်ကြီး ဦးဇော်ဝင်းတို့က ကျောင်းဝတ်စုံ ၈၃ စုံ၊ စာရေးခုံ ၂၀၊ ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများ၊ အားကစားပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကျောင်းအပ်နှံနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူလေးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မြောက်နန်ချွန်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကျောင်းအပ်နှံရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး အသုံးအဆောင်ပစ္စည်းများနှင့် အားကစားပစ္စည်း များကို ပေးအပ်သည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် တောင်ငူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၌ကျင်းပသည့် တောင်ငူမြို့နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပညာရေးဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံရေး ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးဦးဇော်ဝင်းတို့က ကျောင်းသုံးစာအုပ်၊ စာရေး ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများ၊ အလှူငွေများနှင့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမ၊ အလှူရှင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကျောင်းအတွင်း ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တောင်ငူမြို့နယ် မိုးကောင်းအခြေခံပညာအလယ်တန်းကျောင်းခွဲ၊ လေးမိုင်အခြေခံပညာ အထက်တန်းကျောင်းနှင့် လေးမိုင်ရွာဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့၌ ကျောင်းအပ်နှံရေး ဆောင်ရွက်နေမှု များကို ကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် ဗလာစာအုပ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် အားကစားပစ္စည်းများကို ပေးအပ်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်းအပါအဝင် ကျောင်းပေါင်း ၂၃၂ ကျောင်းရှိပြီး ကျောင်းအပ်လက်ခံ ရမည့်ဦးရေ ၃၆၀၀၀ ကျော်အနက် ယခုအခါ ၆၂ ဒသမ ၃၇ ရာခိုင်နှုန်း ကျောင်းအပ်နှံပြီးဖြစ်သည်။

အလားတူ တောင်ငူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၉ ကျောင်း အပါအဝင် ကျောင်းပါင်း ၁၈၉ ကျောင်းရှိပြီး ကျောင်းအပ်လက်ခံရမည့်ဦးရေ စုစုပေါင်း ၄၄၀၀၀ ကျော်အနက် ၆၂ ဒသမ ၂၄ ရာခိုင်နှုန်း ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရှိရသည်။  

No comments:

Post a Comment