Monday, May 26, 2014

မိတ္ထီလာမြို့နယ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး တက်ရောက်အားပေး

မိတ္ထီလာ မေ ၂၆
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၅ နံနက် ၉ နာရီက ရေဝေ ကျေးရွာ အထက (ရေဝေ) တွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာဝင်းလှိုင် တက်ရောက်အားပေးခဲ့သည်။



ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိရာတွင် ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးတည်ဆောက်ရာတွင် ပညာအရည်အချင်းနှင့်ပြည့်စုံသည့် လူစွမ်းအားအရင်းအမြစ်များ လိုအပ်ကြောင်း၊ အဆိုပါ လူစွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်ရေးအတွက် ပညာရေးဝန်ထမ်းများတွင်တာဝန်ရှိပြီး ပြည်သူများနှင့် တာဝန်ရှိသူများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နောင်တစ်ချိန်တွင် လူငယ်များအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားရာ၌လည်း ကျောင်းပညာသင်ကြားခဲ့သည့် သူနှင့် ကျောင်းပညာ မသင်ကြားခဲ့သူတို့၏အရည်အချင်းအလိုက် အသက်မွေးကျောင်းပညာရပ်သင်ယူရာတွင် ကွာခြားသွားကြောင်း၊ ထိုကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးသည် အလွန်အရေးကြီးကြောင်း စသည်ဖြင့် ကျောင်းအပ်နှံရေး အခမ်းအနားတွင်အမှာစကားပြောကြားရာ၌ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးက ထည့်သွင်းပြောကြားသည်။
၎င်းနောက် ခေတ္တခရိုင်ပညာရေးမှူး ဦးသက်လေးဦးမှ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်ရခြင်း အကြောင်းနှင့် ပညာရေးကဏ္ဍအကြောင်းကို ရှင်းလင်းပြောကြားပြီး ပညာရေဝန်ကြီးဌာနနှင့် အလှူရှင်များက ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များ၊ မြို့နယ်အတွင်း ကျောင်းများတွင်လိုအပ်သည့် ကျောင်းဆောင်နှင့် သင်ထောက်ကူပြုကိရိယာပစ္စည်းများကို ဆက်လက်လှူဒါန်းကြရာ ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်မာလာ နှင့်တာဝန်ရှိသူများမှလက်ခံရယူသည်။
ဆက်လက်၍ ကျောင်း မူလတန်းနှင့် အလယ်တန်းကျောင်းသားကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ် နှင့်ကျောင်းသုံးပုံနှိပ်စာအုပ်များကို ခေတ္တမြို့နယ်ပညာရေးမှူးမှ ပေးအပ်သည်။ ၎င်းနောက် ကျောင်းသားကျောင်းသူ များမှ ပညာရေးဖြင့် ရှေ့သို့ချီသီချင်း ၊ ဦးရွှေရိုးနှင့် ဒေါ်မိုးအကတို့ဖြင့် သီဆိုကပြဖျော်ဖြေရာ တက်ရောက်လာ သူများမှ ကြည့်ရှု့အားပေးကြသည်။ ဆက်လက်၍ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား မိဘများမှ ၎င်းတို့၏ သားသမီးကျောင်းသားကျောင်းသူများအား တက်ရောက်ရမည့် အတန်းအလိုက် ကျောင်းအပ်နှံလက်ခံရာဌာနများတွင် ကျောင်းအပ်နှံကြောင်း သတင်းရရှိသည်။

မိတ္ထီလာခရိုင်ပြန်/ဆက်

No comments:

Post a Comment