Thursday, May 29, 2014

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် -မေ(၂၉)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော်အစည်းအဝေးနှင့် ပြည်သူ့လွှတ်တော်အစည်းအဝေးများ ကိုးကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း ဥပဒေပြဋ္ဌာန်းရေးနှင့် လုပ်ဆောင်စရာများစွာ ကျန်နေသေးကြောင်း၊ ရှေ့ဆက်၍ အလုပ်များများ၊ အမှားနည်းနည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကော်မတီများသည် လွှတ်တော်အငယ်စားများဖြစ်၍ ကော်မတီများ အပိုင်းက များများလုပ်ဆောင်ရန်လိုကြောင်း၊ ကော်မတီတွင်ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် များ၏ အရည်အချင်း၊ စိတ်ဓာတ်နှင့်စေတနာအရေးကြီးကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများနှင့်ထိတွေ့မှု၊ ကော်မတီလုပ်ငန်းများဆောင်ရွက်မှုနှင့် လွှတ်တော်အစည်းအဝေး တက်ရောက်မှု လုပ်ငန်းများကို ညီညွတ်မျှတစွာ လုပ်ဆောင်ရန်လိုကြောင်း။
ကျန်ရှိသည့် လွှတ်တော်သက်တမ်းကာလအတွင်း လွှတ်တော်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက် နိုင်ရန် ကော်မတီများ၌ တာဝန်ရှိကြောင်း၊ ကော်မတီဥက္ကဋ္ဌများက အဖွဲ့ဝင်များအား အရည်အချင်းပြည့်မီအောင် လုပ်ဆောင်ပေးရန် လိုအပ်သကဲ့သို့ အဖွဲ့ဝင်များ အပိုင်းကလည်း တာဝန်ကျေပွန်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ ကော်မတီများကိုကူညီရန် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းပေးထားကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူရသည့် ကော်မတီများ၌ တက်တက် ကြွကြွပါဝင်ကြရန်နှင့် အကြံဉာဏ်များပေးရန်လိုကြောင်း၊ လွှတ်တော်လက်ကျန်သက်တမ်း(၁)နှစ်ခွဲကာလတွင် ပြီးခဲ့သည့်ကာလများထက် ပိုမိုကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ခေတ်စနစ်နှင့် လိုက်လျောမှုရှိသည့် ဥပဒေများ မပြဋ္ဌာန်းနိုင်ပါက ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း၊ ဥပဒေပြုရေးတာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ အားလုံး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန့်အေးအေးကြည်က ပြည်သူ့ လွှတ်တော်တွင် ဆောင်ရွက်ဆဲဥပဒေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေး မှူးချုပ် ဦးကျော်စိုးက ပြည်ထောင်စုလွှတ်တော်တွင် ဆောင်ရွက်ဆဲဥပဒေများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
 ယင်းနောက် ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတို့က ကော်မတီအလိုက်ဆောင်ရွက်ဆဲ ဥပဒေများနှင့် စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
 ဆက်လက်၍ တက်ရောက်လာကြသူများက ဆောင်ရွက်ဆဲဥပဒေများအတည်ပြုပြဋ္ဌာန်းနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
 တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။

 အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။ (လွှတ်တော်)

No comments:

Post a Comment