Thursday, April 24, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဘက်စုံ ပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ တွေ့ဆုံပွဲနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေး တွင်ပြောကြားသည့်မိန့်ခွန်း

နေပြည်တော် ဧပြီ ၂၃
ဘက်စုံပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များ တွေ့ဆုံပွဲနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်
အမှာ စကား ပြောကြားသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားရာ၌ ယနေ့ ကျင်းပသည့် အစည်းအဝေးမှာ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဘက်စုံ ပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက်လူငယ် မောင်မယ်များကို ၂၀၁၄ ခုနှစ် မေ (၃) ရက်တွင် နေပြည်တော်၌ တွေ့ဆုံဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေး ဖြစ်ပါကြောင်း၊ ရွေးချယ်ထားသည့် ဤလူငယ်များသည် အနာဂတ် မြန်မာနိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး ယန္တရားကို ဦးဆောင် ဦးရွက်ပြုလုပ်ကြမည့် သူများပင် ဖြစ်ပါကြောင်း၊ ယင်းလူငယ် မောင်မယ်များကို ယခုကတည်းက အတွေးအခေါ် မှန်ကန်ပြီး မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် ယဉ်ကျေးမှု အခြေအနေတို့ကို သဘောပေါက် နားလည်သူများ ဖြစ်လာစေရန် လက်တွဲ စည်းရုံး ခေါ်ဆောင်သွားနိုင်မှသာ နောင် တစ်ခေတ်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် ခေတ်လူငယ်များ ဖြစ်လာကြမည် ဖြစ်ပါကြောင်း။
၎င်းတို့ကို အရည်အသွေး ပြည့်ဝသည့် လူငယ်များ ဖြစ်လာစေရန်၊ မိမိကိုယ်ကို အားကိုးတတ်စေရန်၊ ပြည်ထောင်စု စိတ်ဓါတ်ရှိစေရန်၊ ပြည်သူထဲက ပြည်သူတစ်ဦးဟု သိရှိနားလည်ပြီး ကူညီ ရိုင်းပင်းတတ်သူ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးသွားရမည် ဖြစ်ပါကြောင်း၊ ယင်းထူးချွန် လူငယ်များအနေဖြင့် သက်ဆိုင်ရာ စခန်းအသီးသီးတွင် စခန်းချ လေ့ကျင့်ခြင်း၊ ဒေသန္တရ ဗဟုသုတ ရှာမှီးခြင်း၊ ပြည်သူများ၏ လူမှု စီးပွား လက်တွေ့ဘဝများကို ကွင်းဆင်းလေ့လာခြင်း၊ အတွေ့အကြုံများ ဖလှယ် ဆွေးနွေးခြင်းနှင့် အပန်းဖြေ အနားယူခြင်းတို့ကို သတ်မှတ်ရက်များတွင် စခန်းဝင် ဆောင်ရွက်ကြမှာ ဖြစ်ပါကြောင်း။
ယခုနှစ်တွင် ဘက်စုံ ပညာထူးချွန်လူငယ် (၅၂၅) ဦး၊ ထူးချွန်ကြက်ခြေနီ လူငယ် (၁၄၆) ဦးနှင့် ကင်းထောက်လူငယ် (၄၉၀) ဦး ရွေးချယ်ထားပါကြောင်း၊ ဘက်စုံ ပညာထူးချွန် လူငယ်များကို ငွေဆောင်၊ အင်းလေးနှင့် ပုဂံတို့တွင် လည်းကောင်း၊ ထူးချွန်ကြက်ခြေနီ လူငယ်များကို ရန်ကုန်တွင်လည်းကောင်း၊ ကင်းထောက်လူငယ်များကို ပြင်ဦးလွင်တွင် လည်းကောင်း၊ စခန်းများ ဖွင့်လှစ်လေ့ကျင့်သွားကြမည် ဖြစ်ပြီး မေ (၂) ရက်တွင် စခန်း အသီးသီးမှ လူငယ်များအားလုံး နေပြည်တော် စုပေါင်းစခန်းသို့ လာရောက်ကြမည် ဖြစ်ပါကြောင်း။
ဤ လူငယ်မောင်မယ်များတို့သည် စာတွေ့အားဖြင့် ထူးချွန်ကြသူများ ဖြစ်သော်လည်း လူ့လောက လက်တွေ့ နယ်ပယ်တွင် ထူးချွန်သည့် လူတော်လူကောင်းများ ဖြစ်လာစေရန်၊ အတွေ့အကြုံနှင့်အတူ ရင့်ကျက်မှုများ ရရှိစေရန်လည်း မြေတောင်မြှောက်ပေးရန် အချိန် အတိုင်းအတာ တစ်ခု လိုအပ်နေဦးမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းကရမည့် အတွေ့အကြုံနှင့် ပြည်ပက ရမည့် အတွေ့အကြုံများ ပေါင်းစပ်ကာ ထက်မြက်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် သင်ဆရာ အမျိုးမျိုးဘက်ကလည်း ပံ့ပိုး ပေးသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ထို့ကြောင့် မိမိနှင့်သက်ဆိုင်ရာ  စခန်းအသီးသီးတွင် အရည်အသွေးနှင့် ဆိုင်သည့် စွမ်းရည်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြပြီး ထူးချွန်သူများကို နေပြည်တော်သို့ လာရောက်စေပြီး နိုင်ငံတော်သမ္မတကြီးအား ဂါဝရပြု တွေ့ဆုံဂုဏ်ပြုပေးခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် မေ (၃) ရက်တွင် နေပြည်တော်၌ ကျင်းပမည့် နိုင်ငံ့ စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားပွဲနှင့်အတူ လူငယ်များ တွေ့ဆုံ ဂုဏ်ပြု ပွဲများကို တစ်ရက်တည်းမှာပင် တစ်ပေါင်းတည်း ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ တစ်ပေါင်းတည်း ဆာင်ရွက်ခြင်းသည် အနာဂတ်မျိုးဆက်သစ် လူငယ်များ အနေဖြင့် မျက်မှောက်ကာလ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ရရှိသူများကို စံပြု အတုယူပြီး အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့တန်းမှ ဦးဆောင်သည့် ခေါင်းဆောင်အဖြစ် မိမိကိုယ်ကို မိမျိ မျှော်မှန်း ပျိုးထောင်လိုသည့် စိတ်ဓါတ်ဖြင့် ခံယူချက်များ ရှိလာစေရေး အတွက် ရည်ရွယ်ပါကြောင်း။
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် လူငယ် (၅) သန်းခွဲခန့်၊ အသက် ၂၀ မှ ၂၄ နှစ်အရွယ် လူငယ် (၅) သန်းခွဲခန့်နှင့် အသက် ၂၅ နှစ်မှ ၂၉ နှစ်အရွယ် လူငယ် (၅) သန်းကျော် ရှိသည့်အတွက် လူငယ် (၁၆) သန်းကျော် ရှိပါကြောင်း၊ ယခု ရောက်ရှိ လာကြမည့် ထူးချွန်လူငယ် မောင်မယ်များထဲမှ ဘက်စုံပညာ ထူးချွန် လူငယ်များ အနေဖြင့် ဖွဲ့စည်း လှုပ်ရှားမှုများတွင် အတွေ့အကြုံရှိခဲ့ပြီးသား ဖြစ်သလို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအနေဖြင့်လည်း လှုပ်ရှား ဆောင်ရွက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ အထူးပြုပြင်စရာ မလိုလောက်အောင် ကျစ်လစ် ကြံ့ခိုင်နေပြီ ဖြစ်ပါကြောင်း၊ အနည်းငယ် ထိန်းကျောင်းပေးသွားရမည့် အဖွဲ့မှာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ပင် ဖြစ်ပါကြောင်း၊ နှစ်ပေါင်း ၅၀ ခန့်မျှ လှုပ်ရှားမှု ရပ်တန့်ခဲ့ရပြီး ယခုမှ တစ်ဖန် အားပေး ချီးမြှောက် ရသည့်အတွက် အတွေ့အကြုံ ပြန်လည် ရင့်သန်အောင် ကြိုးစားကြရဦးမည် ဖြစ်ပါကြောင်း။
ကြက်ခြေနီ အသင်းသားနှင့် ကင်းထောက်လူငယ်များ အမြန်ဖွဲ့စည်း ဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့အားလုံးကို အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးကို တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးများ အနေဖြင့် ယခုကဲ့သို့ ထူချွန်လူငယ်များကို မြေတောင်မြှောက်ပေးရုံသာမကဘဲ မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် မြန်မာနိုင်ငံ၏ အရေးကြီးဆုံး လူ့စွမ်းအား အရင်းအမြစ် အဖြစ် လူငယ်ထု တစ်ရပ်လုံးကို ပျိုးထောင်ရန် လိုအပ်ပါကြောင်း။
ထို့အတွက် နောက်လဆန်းပိုင်းတွင် ကျင်းပမည့် နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့ စွမ်းဆောင်ရည် ဆုပေးပွဲ အခမ်းအနားနှင့်အတူ ပြုလုပ်မည့် ဘက်စုံပညာ ထူးချွန် လူငယ်များ၊ ကင်းထောက် လူငယ်များ၊ ထူးချွန်ကြက်ခြေနီလူငယ်များ တွေ့ဆုံပွဲအတွက် ကြိုတင် ပြင်ဆင်ရန် လိုအပ်ချက်များ၊ ပြည့်ပြည့်စုံစုံ ရှိစေရန် လိုအပ်သည့် အကြံဉာဏ်များ ဆွေးနွေးတင်ပြကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဘက်စုံပညာထူးချွန်၊ ထူးချွန်ကြက်ခြေနီနှင့် ကင်းထောက် လူငယ် မောင်မယ်များ တွေ့ဆုံပွဲပြုလုပ်ပေးရေး ကိစ္စနှင့် စပ်လျဉ်း၍ စီစဉ်ထားရှိမှုများကို ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ရှင်းလင်းတင်ပြသည်။
ထို့နောက် ကင်းထောက်စခန်းချ တွေ့ဆုံပွဲ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှတ်(၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကလည်းကောင်း၊ ထူးချွန် ကြက်ခြေနီ စခန်းသွင်း လေ့ကျင့်ခြင်းနှင့် စုပေါင်းတွေ့ဆုံခြင်း ကိစ္စရပ်များကို  မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ၂၀၁၄ ခုနှစ် မေ ၃ ရက်တွင် ကျင်းပမည့် စုပေါင်း တွေ့ဆုံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက ဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တင်ပြချက်များ အပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားရာတွင် လူငယ်များ၏ လှုပ်ရှားမှု ကို အသေးစိတ် လေ့လာကြည့်ပါက အိမ်မှ စာသင်ခန်း၊ စာသင်ခန်းမှ အိမ်သို့သာ လှုပ်ရှား သွားလာလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ထို့အတွက် အသက်သာ ကြီးလာသော်လည်း လိုအပ်သည့် ဗဟုသုတများ နည်းပါးနေပါကြောင်း၊ ပြောင်းလဲလာမည့် ခေတ်ကာလ များနှင့်အညီ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် အသိပညာ အတက်ပညာများ ရရှိစေရန် ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ဘက်စုံထူးချွန်၊ ကြက်ခြေနီ စသည့် လူငယ်များအပြင် အခြားသော လူငယ်ထုများကိုလည်း သိသင့် သိထိုက် သည်များကို သင်ကြားပေးသွားရန် လိုအပ်ပါကြောင်း၊ ယခု ဖိတ်ခေါ်ထားသည့် သုံးဖွဲ့ကို ဖိတ်ခေါ် ရာတွင်လည်း နိုင်ငံတော်အနေဖြင့် နိုင်ငံ့စွမ်းဆောင်ရည်ဆုများကို ပေးအပ်ရာတွင် မည်သို့သော အကြောင်းရင်းကြောင့် ချီးမြှင့်သည်၊ မည်သည့်အတွက်ကြောင့် ချီးမြှင့်သည် စသည်တို့ကို သိရှိပါက အားကျအတုယူ လိုက်နာ ဆောင်ရွက်သွားတတ်စေရန်လည်း ရည်ရွယ်ပါကြောင်း။
လူငယ်များကို စခန်းသွင်း လေ့ကျင့်ရာတွင် သက်တောင့်သက်သာ နေတတ်စေရန် ဆောင်ရွက်ပေးခြင်းများကို သာမက ခက်ခဲသည့် နေရာများတွင်လည်း စခန်းသွင်း လေ့ကျင့်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ အခက်အခဲ အတားအဆီးများကို ရင်ဆိုင် ကျော်လွှားနိုင်စွမ်းရှိသည့် လူငယ်များအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ လူငယ်များ အနေဖြင့် ကျောင်းပညာရပ်တွင်သာမက ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ် များတွင်လည်း နားလည်တတ်ကျွမ်းရန် လိုအပ်ပါကြောင်း၊ ထူးချွန်လူငယ်များအနေဖြင့် ကျေးလက်ဒေသများသို့ ရောက်ရှိသည်အထိ ကွင်းဆင်းလေ့လာပြီး မိမိတို့နိုင်ငံသားများ၏ လူမှုစီးပွား၊ နေထိုင်မှု အခြေအနေများကို နားလည် သဘောပေါက်အောင် လေ့လာ သွားကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment