Thursday, April 24, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရွှေကြာပင် ကျောက်မျက်ရတနာ အချောထည်ဈေးတွင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာအချောထည်များ ထုတ်လုပ်ရောင်းချနေမှုကို ကြည့်ရှုအားပေး


နေပြည်တော်-ဧပြီ(၂၃)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေကြာပင် ကျောက်မျက်ရတနာ အချောထည်ဈေး၌ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ အချောထည်များ ထုတ်လုပ်ရောင်းချနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် အဆိုပါဈေးရှိ စိမ်းလင်းရတနာကျောက်မျက်အရောင်းပြခန်းသို့ ရောက်ရှိပြီး ကျောက်စိမ်းပန်းပုအရွယ်စုံထုတ်လုပ်နေမှု၊ ကျောက်စိမ်းလက်ကောက်၊ ပုတီးနှင့် လက်ဝတ်ရတနာများ ပြသရောင်းချ နေမှုတို့ကို လှည့်လည်ကြည့်ရှုကာ ကျောက်စိမ်းအချောထည်များကို အရေအတွက်များများ ထုတ်လုပ်ရန်နှင့် အချောထည်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ဒေသခံများကို ပိုမိုခန့်ထားပေးရန် တိုက်တွန်း မှာကြားသည်။
ထို့နောက် ဝေကျောက်မျက်နှင့်လက်ဝတ်ရတနာအရောင်းပြခန်းတွင် ကျောက်စိမ်းအချောထည်များ ထုတ်လုပ်နေမှုနှင့် ထုတ်လုပ်သည့်ကျောက်မျက်နှင့်လက်ဝတ်ရတနာများအား ပြသရောင်းချပေးနေမှုကို ကြည့်ရှု အားပေးသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် Treasure Gems ကျောက်မျက်ရတနာ အရောင်းပြခန်းသို့ ရောက်ရှိရာ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ရွှေကြာပင် ကျောက်မျက်ရတနာ အချောထည်ဈေး ဖွင့်လှစ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတေဇ၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးယုန်းမူနှင့် ဦးလဖိုင်ခွန်ဆာ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေး) ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဟန်တို့က ကျောက်မျက်အချောထည်ဈေးတွင် လုပ်ငန်းဆောင်ရွက်ရာ၌ ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်ရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နေမှု၊ ဈေးကွက်ဖြစ်ထွန်းရေးအတွက် လိုအပ်ချက်များ၊ အခွန်ပေးဆောင်နေရမှု၊ တန်ဖိုးမြှင့်အချောထည်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်မည့်အခြေအနေ၊ ကျောက်မျက်ရတနာပြပွဲများပုံမှန်ကျင်းပရေး၊ မန္တလေးမြို့တွင် One  stop  Service  Center ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် ကျောက်စိမ်းနှင့် ကျောက်မျက်အချောထည်များ ထုတ်လုပ် တင်ပို့ရောင်းချနေမှု တို့ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ကျောက်မျက်ရတနာတူးဖော် ထုတ်လုပ်ရောင်းဝယ်ရာ၌ နိုင်ငံတော်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအကျိုးရှိစေရန် ရည်ရွယ်ဆောင်ရွက် လျက်ရှိကြောင်း၊ သဘာဝ သယံဇာတဟူသည် ကုန်ခမ်းသွားနိုင်သဖြင့် မြန်မာ့သယံဇာတများကို သားစဉ် မြေးဆက်အထိ ထုတ်လုပ်သုံးစွဲနိုင်အောင် စနစ်တကျတူးဖော်ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းအနေဖြင့် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ နှစ်စဉ်ထုတ်ယူ သုံးစွဲနိုင်မည့်ပမာဏကို သိရှိနိုင်ရန်အတွက် အများဆုံးတည်ရှိမှုပမာဏကို ပညာရှင်များဖြင့် တွက်ချက်သွားရန် ဖြစ်ကြောင်း။
ယခင်က ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများကို အကြမ်းထည်အတိုင်း ရောင်းချခဲ့ရာမှ ယခုအခါ ပြည်တွင်းမှာပင် အချောထည်များ ထုတ်လုပ်ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ကုန်ချောထုတ်လုပ် ရောင်းချခြင်းက တန်ဖိုးပိုမိုမြင့်မားစွာရောင်းချနိုင်ပြီး ကုန်ကြမ်းအလေအလွင့် မဖြစ်တော့သည့် အပြင် အလုပ်အကိုင် အခွင့်အလမ်းလည်း ပေါများလာမည်ဖြစ်ကြောင်း၊ ထို့အတူ ကုန်ချောထုတ်လုပ်နိုင်ပြီ ဖြစ်သည့်အတွက် ပြည်ပတွင် ဈေးကွက်များဖန်တီးပြီး ဈေးကွက်ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်သွားကြ စေလိုကြောင်း၊ ကျောက်မျက် ရတနာ အချောထည်ဈေးများကို မန္တလေး၊ မြစ်ကြီးနား စသည်တို့တွင်လည်း ဆက်လက်ဖွင့်လှစ်မည်ဖြစ်သည့်အတွက် ယင်းဈေးများ ဖွင့်လှစ်ပါက တူညီသည့်မူဝါဒထားရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ ဤအချောထည်ဈေးတွင် ထုတ်လုပ်သည့် ကုန်ချောများမှာ တန်ဖိုးကြီးမားသည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်းနှင့်ကျောက်မျက်ရတနာဈေးကွက်ကို မိမိနိုင်ငံမှာပင် တည်ရှိနေရန် အဓိကထား၍ ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း၊ အချောထည်များကို ထုတ်လုပ် ရာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက်၊ ဈေးကွက်အလိုက် ကြိုက်နှစ်သက်သည့် အမှတ်တရပစ္စည်းများအဖြစ်လည်း ဖန်တီး ထုတ်လုပ်ကြရန် ဖြစ်ကြောင်း၊ မကြာမီကာလတွင် အွန်လိုင်းစနစ်ဖွံ့ဖြိုးလာမည်ဖြစ်သည့်အတွက် အွန်လိုင်းမှ တစ်ဆင့်လည်း ရောင်းချပေး နိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပတ်သက်၍ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများနှင့် လုပ်ငန်းရှင်များတွေ့ဆုံကာ အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အဖြေရှာကြရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက ကျောက်မျက်အချောထည်ဈေးကွက်အောင်မြင်ဖြစ်ထွန်းရေး အတွက် ဝိုင်းဝန်းပံ့ပိုး ကူညီပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
နိုင်ငံတော်သမ္မတသည် အရောင်းပြခန်းတွင် ခင်းကျင်းပြသထားသည့် မြန်မာ့ကျောက်စိမ်း၊ ထူးခြားသည့် ကျောက်များနှင့် ပူတာအိုကျောက်များကို လှည့်လည်ကြည့်ရှုခဲ့သည်။
ရွှေကြာပင်ကျောက်မျက်ရတနာအချောထည်ဈေးကို ကျောက်မျက်ရတနာများအား အရိုင်းအတိုင်း ရောင်းချခြင်းအစား တန်ဖိုးမြှင့် Value  Added အချောထည်များ၊ လက်ဝတ်ရတနာများပြုလုပ်၍ နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရေး၊ နိုင်ငံအတွင်း ကျောက်မျက်ရတနာအချောထည် ဈေးကွက်ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် လူသားအရင်းအမြစ်နှင့် နည်းပညာ တိုးတက်ဖွံ့ဖြိုး စေရေးတို့အတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
 အဆိုပါဈေးကြီးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ(၁)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များက ကျောက်စိမ်းပန်းပုရုပ်တုများ၊ လက်ကောက်နှင့်ပုတီးများ စသည့် အချောထည်များ ထုတ်လုပ်ခြင်းနှင့် ခင်းကျင်းပြသရောင်းချခြင်းတို့ကို ဆောင်ရွက်နေပြီဖြစ်သည်။ ထို့အတူ ယင်းအချောထည်ဈေးတွင် ဥညန sအသစ Sနမလငခနျ ဃနညအနမ နှင့် ကျောက်မျက်ရတနာသင်တန်း ကျောင်းတို့ကို လည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

No comments:

Post a Comment