Wednesday, April 23, 2014

နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေး အစည်းအဝေးကျင်းပ

နေပြည်တော်-ဧပြီ(၂၃)
နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေးအစည်းအဝေးကို ယနေ့ နံနက် (၈)နာရီတွင် သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေး ကော်မတီ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးတင်နိုင်သိန်း တက်ရောက်ပြီး နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့် အချိန်၊ နေ့ရက်၊ နေရာနှင့် ဆုချီးမြှင့်မည့်အစီအစဉ်များကို အသေးစိတ်ရှင်းလင်း ပြောကြား၍ ဖျော်ဖြေရေးအစီအစဉ်များအား စိတ်ဝင်စားဖွယ် တင်ဆက်ဖျော်ဖြေရေးနှင့် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသူများက ဝိုင်းဝန်းစဉ်းစား အကြံပြုဆွေးနွေးကြရန် တိုက်တွန်းမှာကြားသည်။
အစည်းအဝေး၌ မြို့ပြ /ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်သိန်း၊ လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီမှ ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင်နှင့်စီးပွားရေးဆိုင်ရာ ဆုချီးမြှင့်ရေးကော်မတီမှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့က ကော်မတီအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှု၊ ဆုချီးမြှင့်ရန် ရွေးချယ်ထားရှိမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများနှင့် တိုင်းဒေသကြီး / ပြည်နယ်ဝန်ကြီး များက မြို့ပြ /ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံးနှင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ဆုချီးမြှင့်ရေး၊ လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေးနှင့် စီးပွားရေးဆိုင်ရာဆုချီးမြှင့်ရေးတို့အပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
 ယင်းနောက် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဧည့်ခံဖျော်ဖြေရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
 ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး ပြောကြားပြီး လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 အစည်းအဝေးသို့ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် နိုင်ငံ့စွမ်းဆောင်ရည်ဆုရွေးချယ်ရေးကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment