Tuesday, February 25, 2014

ဘင်းမ်စတက်နဲ့ မြန်မာ

ဘင်းမ်စတက်နဲ့ မြန်မာ
 ၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် အင်မတန်မှ ထူးခြား လေးနက်တဲ့နှစ်လို့ ဆိုရမှာ  ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူပြီး အာဆီယံ ထိပ်သီး အစည်းအဝေးများနဲ့ ဆက်စပ် အစည်းအဝေးများကို အိမ်ရှင် နိုင်ငံအနေနဲ့ ဂုဏ်ယူ ဝင့်ကြွားစွာ ကျင်းပပြုလုပ် သွားနိုင်ရန် ပြင်ဆင်လျက်ရှိသလို၊ နှစ်ပေါင်း(၃၀)ကျော်ကြာ  ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူဖို့ တာစူနေချိန်လည်း ဖြစ်ပါတယ်။ ဒီလိုအနေအထားမျိုးမှာ ဘင်းမ်စတက် အဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌ အဖြစ်နဲ့ တာဝန်ယူနေရတဲ့ မြန်မာ နိုင်ငံအတွက် အခြေအနေ အချိန်အခါ ပေးလာတာနဲ့ အညီ အဖွဲ့ဝင်နိုင်ငံများရဲ့ ညှိနှိုင်းသဘောတူညီချက်အရ တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးများကို များမကြာမီ လက်ခံကျင်းပခွင့် ရတော့မှာ ဖြစ်တဲ့အတွက် မင်္ဂလာပေါ် မင်္ဂလာဆင့် ဆိုသလို မြန်မာနိုင်ငံသားများ ဂုဏ်ယူဝမ်းမြောက်ဖို့ ဖြစ်လာပါတော့မယ်။

အာဆီယံ အကြောင်းသိကောင်းစရာနဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးများနဲ့ ပတ်သက်လို့ မြန်မာပြည်သူများ အကြား မစိမ်းကြပေမယ့် ဘင်းမ်စတက် အဖွဲ့အစည်းနဲ့ ပတ်သက်လို့တော့ အသိပညာ ဗဟုသုတ နည်းပါးကြမှာ သေချာပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်များအကြား ဘင်းမ်းစတက်အဖွဲ့ ဘယ်လိုဖြစ်တည်လာတယ်၊ ဘယ် နိုင်ငံတွေက ကမကထလုပ်ပြီး ဒီအဖွဲ့ကြီး ပေါ်ပေါက်လာဖို့ တွန်းအားပေးကြတယ်၊ ဘင်းမ်စတက်ဆိုတာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတယ်၊ ဘယ်လို လုပ်ငန်းဆောင်ရွက်တယ်၊ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိတယ်၊ ရှေ့အလားအလာ ဘယ်လိုရှိတယ်၊ ဒီထိပ်သီးအစည်းအဝေးမှာ ဘာတွေ အောင်မြင်မှုရမယ် စသဖြင့် မိတ်ဆက်ပေးချင်လို့ ဒီဆောင်းပါးကို ရေးသားစီစဉ်ရခြင်း ဖြစ်ပါတယ်။
ဘင်းမ်စတက်အဖွဲ့ ဖြစ်တည်လာပုံနဲ့ မြန်မာနိုင်ငံ ဘင်းမ်စတက်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပုံ
စာဖတ်သူအများ သိရှိပြီး ဖြစ်တဲ့အတိုင်း စစ်အေးကာလအပြီး ကမ္ဘာ့ပြောင်းလဲမှု ပုံသဏ္ဍန်မှာ ကမ္ဘာလုံးဆိုင်ရာ တစ်သားတည်း ဖြစ်စဉ်နှင့် ဒေသဆိုင်ရာ ဖြစ်စဉ်တို့ဟာ အတူတကွ ဖြစ်ပေါ်လာသည့် ဖြစ်စဉ်တွေပါပဲ ကမ္ဘာလုံးဆိုင်ရာ တစ်သားတည်း ဖြစ်စဉ် ကြောင့် ကောင်းကျိုး၊ ဆိုးကျိုးများ ပေါ်ပေါက်လာတဲ့အခါ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ တစ်သားတည်း ဖြစ်စဉ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အသွင်အမျိုးမျိုး၊ ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ဆိုရင် လှုပ်ရှားဆောင်ရွက်ရတဲ့ နယ်ပယ်နဲ့ လုပ်ငန်းခွင်ဟာ ကျယ်ပြန့်လွန်းတဲ့အတွက် လိုအပ်ချက်နဲ့အညီ ပိုမိုကျစ်လစ် သိပ်သည်းတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပထဝီအနေ အထားအရ တစ်ဆက်တည်း တည်ရှိမှုဟာ ဒေသဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်းအတွက် အခြေခံ အကျဆုံး အချက်ဖြစ်တယ် ဆိုတာကို လေ့လာတွေ့ရှိ နိုင်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဒေသများမှာရှိတဲ့ နိုင်ငံအသီးသီးဟာ နယ်ပယ်မျိုးစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ အချင်းချင်း ပံ့ပိုးကူညီနိုင်ဖို့ မိမိသမိုင်းအစဉ်အလာ ယဉ်ကျေးမှု ထုံးတမ်းဓလေ့ အစဉ်အလာများ လူမှုရေးဘဝများနဲ့ မကိုက်ညီတဲ့ အတွေးအခေါ်နဲ့ လုပ်နည်းကိုင်နည်းများ၊ မိမိတို့ ဒေသတွင်းကို ရောက်မလာဖို့ တားဆီးကာကွယ်ရန်၊ ဒေသအချင်းချင်း အဖွဲ့အစည်း မူဘောင်၊ ပုံသဏ္ဍာန်အားဖြင့် ဆက်သွယ် ဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်တွေနဲ့ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းများအဖြစ် ဖွဲ့စည်းလာကြခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသများ အလိုက် ပထဝီ အနေအထားအရ တည်ရှိနေမှုအပေါ် မူတည်ပြီး ဒေသအဖွဲ့အစည်းတွေအဖြစ် ဖွဲ့စည်းကာ မိမိတို့ဒေသနှင့် ပြည်သူများ အကျိုးစီးပွားအတွက် ကြိုးပမ်း ဆောင်ရွက်ကြခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အီးယူ(EU)၊ အေပက်(APEC)၊ နေတိုး(NATO)၊ အာဆီယံ (ASEAN)၊ နာ့ဖ်တာ(NAFTA)၊ ဘရစ်ခ်စ်(BRICA) စတဲ့အဖွဲ့အစည်းတွေကို လွယ်လင့်တကူ မြင်နိုင်ပါတယ်။
အဲဒီ အဖွဲ့အစည်းတွေလိုပဲ ဘင်းမ်စတက် အဖွဲ့ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဘင်းမ်စတက်အဖွဲ့ ဖွဲ့စည်း ပေါ်ပေါက်လာစေဖို့ တွန်းအားပေး ပုံဖော်ခဲ့တဲ့ အဓိက နိုင်ငံတွေကတော့ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ပါတယ်။ ဘင်းမ်စတက် အဖွဲ့မှာ အနောက်ဘက် အိမ်နီးချင်း အာရှနိုင်ငံများနဲ့ စီးပွားရေး တိုးချဲ့ ဆက်သွယ် ဆောင်ရွက်လိုတဲ့ ထိုင်းနိုင်ငံရဲ့ အနောက်မျှော် မူဝါဒ (Look West Policy)နဲ့ အရှေ့တောင်အာရှ နိုင်ငံများနဲ့ စီးပွားရေးအရ ပိုမိုနီးကပ်စွာ ဆက်သွယ် ဆောင်ရွက်လိုကြတဲ့ တောင်အာရှနိုင်ငံများရဲ့ အရှေ့မျှော်ဝါဒ(Look East Policy)တို့ရဲ့ ပေါင်းစပ်မှု ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ဈေးကွက် တိုးချဲ့နိုင်ရေးနဲ့ စီးပွားရေး ယှဉ်ပြိုင်နိုင်မှု ပိုမို တိုးမြှင့်နိုင်ရေးအတွက် အနောက်ဘက်ရှိ အိမ်နီးချင်း အာရှနိုင်ငံများနဲ့ စီးပွားရေး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဘင်္ဂလား ပင်လယ်အော် ကမ်းစပ်တစ်လျှောက်ရှိ အာရှနိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တဲ့(၅)နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ တစ်ဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ရန် အိန္ဒိယနိုင်ငံနဲ့ စတင်ညှိနှိုင်း တိုင်ပင်ခဲ့ပါတယ်။ အဲဒီလို ညှိနှိုင်းချက်နဲ့အညီ အိန္ဒိယနိုင်ငံက ၁၉၉၇ ခုနှစ် မေလမှာ သံတမန် လမ်းကြောင်းမှ တစ်ဆင့် ချဉ်းကပ်လာခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ အဆိုပါအဖွဲ့မှာ မူလအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဖို့နဲ့ အဖွဲ့ ထူထောင်ရေး ကိစ္စရပ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမယ့် ပထမဦးဆုံးအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာအနေနဲ့ အဖွဲ့ထူထောင် အခြေအနေကို စောင့်ကြည့်လေ့လာ လိုသေးတာ ကြောင့် အစည်းအဝေးကို လေ့လာ သူအဆင့်နဲ့သာ ပါဝင်တက် ရောက်ခဲ့ပါတယ်။
အဲဒီ အစည်းအဝေးရဲ့ ရလဒ်ဖြစ်တဲ့ ၁၉၉၇ ခုနှစ် ဇွန်လ(၆)ရက်နေ့ ဗန်ကောက် ကြေညာစာတမ်းနဲ့အညီ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ သီရိလင်္ကာနှင့်ထိုင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ( Bangladesh-India-Sri Lanka-Thailand Economic Cooperation:BIST-EC) ကို စတင်ဖွဲ့စည်း တည်ထောင် နိုင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ကို ဘင်္ဂလား ပင်လယ်အော်ကမ်းခြေ တစ်လျှောက်ရှိ နိုင်ငံတွေနဲ့ ပါဝင်ဖွဲ့စည်း ထားတာဖြစ်လို့ ဘင်္ဂလား ပင်လယ်အော် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(Bay of Bengal Economic Cooperation Organizationး BBECO) လို့လည်း စာနယ်ဇင်းတွေက အလွတ်သဘော ရည်ညွှန်း ဖော်ပြခဲ့ကြပါတယ်။ အဲဒီအဖွဲ့ရဲ့ အဓိက ဦးတည်ချက် ကတော့ အရေးကြီးတဲ့ ဦးစားပေး စီးပွားရေးကဏ္ဍကြီး (၈)ရပ်မှာ ပူးပေါင်း ဆောင်ရက်မှု မြှင့်တင်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများ အားလုံးမှာ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးပင်ဖြစ်ပါတယ်။
ဘင်းမ်စတက်အဖွဲ့သို့ မြန်မာနိုင်ငံက ပါဝင်ခြင်းအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေမှာ အကျိုးရှိ စေနိုင်မယ်လို့ ယူဆသုံးသပ် ရတာကြောင့်၊ အစည်းအဝေး အပြီးမှာတင် မြန်မာနိုင်ငံဟာ ဘင်းမ်စ်တက်အဖွဲ့မှ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးအတွက် စတင်ဆောင်ရွက် ခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ ဘင်းမ်စတက် အဖွဲ့ဝင်အဖြစ် ပါဝင်လိုကြောင်း အဆိုပြုလွှာများ ပေးပို့ခဲ့တဲ့အခါ ဘင်းမ်စတက်အဖွဲ့မှာ မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးကိစ္စကို အဲဒီအဖွဲ့ရဲ့ မူလအဖွဲ့ဝင် (၄)နိုင်ငံလုံးက မဆိုင်းမတွ တညီတညွတ်တည်း ထောက်ခံမှုတွေ ပေးခဲ့ကြတာကြောင့်၊ မြန်မာနိုင်ငံအနေနဲ့ ဗန်ကောက်မြို့မှာ ၁၉၉၇ ခုနှစ်၊ သြဂုတ် (၂၅) ရက်နေ့မှာ ကျင်းပတဲ့ ဘင်းမ်စတက် လုပ်ငန်းအဖွဲ့ရဲ့ ဒုတိယအကြိမ်  အစည်း အဝေးက စတင်ပြီး စတင် ပါဝင်တက်ရောက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့ပါတယ်။
အဲဒီ့နောက် ဘင်းမ်စတက်အဖွဲ့ရဲ့ ဝန်ကြီးအဆင့် အထူး အစည်းအဝေးနဲ့ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့က (၂၂) ရက်နေ့အထိ ကျင်းပခဲ့တဲ့ နေရာမှာ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်ဆွေ ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ အဲဒီလို တက်ရောက်ခြင်းဟာ ဘင်းမ်စတက် အစည်းအဝေးကို မြန်မာနိုင်ငံက ဝန်ကြီးအဆင့် ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကာလအတွင်း ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ မြန်မာနိုင်ငံကို တင်းပြည့် အဖွဲ့ဝင်အဖြစ် တရားဝင် လက်ခံကြိုဆို ခဲ့ကြတဲ့အတွက် ဘင်းမ်စတက်အဖွဲ့ရဲ့ အမည်ကိုလည်း ဘင်းမ်စတက် (BIMST-EC) လို့ ပြောင်းလဲ လိုက်ပါတယ်ဆိုတဲ့ ကြေညာစာတမ်းကို အဖွဲ့ဝင်(၅) နိုင်ငံရဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးတွေက အတည်ပြု လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီ ကြေညာစာတမ်းနဲ့အညီ နိုင်ငံတကာ အသိုက်အဝန်းမှာ ဘင်းမ်စတက်(BIMST-EC) ဆိုတဲ့ အဖွဲ့အစည်းဟာ ပီပီပြင်ပြင် ရုပ်လုံး ပေါ်ထွက်လာခြင်းဘဲ ဖြစ်ပါတယ်။
ဒီလိုနဲ့ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ကနေ (၉) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဖူးခက် မြို့မှာ ကျင်းပခဲ့တဲ့ ဆဌမအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးမှာ ဘူတန်နှင့် နီပေါတို့ အဖွဲ့ဝင် နိုင်ငံသစ်များ ဖြစ်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ကျင်းပ ခဲ့တဲ့ ပထမအကြိမ် ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ရဲ့အမည်ကို ဘင်းမ်စတက်- ဘင်္ဂလား ပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (Bay of Bengal lnitiative for Multi-Sectoral Techincal and Economic Cooperative) လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။
လက်ရှိ လုပ်ငန်း ဆောင်ရွက်နေပုံ
အဖွဲ့ရဲ့သက်တမ်း (၁၆) နှစ် နီးပါးရှိတဲ့အထိ ဘင်းမ်စတက်အဖွဲ့မှာ အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရခြင်း မရှိသေး တာကြောင့် အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်ရုံး တာဝန်တွေကို ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီးပွားရေးဦးစီးဌာနက ထာဝန်ယူ ညှိနှိုင်းပေးပါတယ်။ အတွင်းရေးမှူးချုပ်ရုံးရဲ့ ရုံးလုပ်ငန်း တာဝန်တွေကို ဥက္ကဌတာဝန်ကျတဲ့ နိုင်ငံက ပူးတွဲတာဝန်ယူရပါတယ်။ ဝန်ကြီးအဆင့် အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အဆင့် အစည်းအဝေးတွေ ရပ်နားထားတဲ့ ကြားကာလတွေမှာ လုပ်ငန်းကိစ္စတွေ  ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ အမြဲတမ်း ယန္တရားတစ်ရပ် အနေနဲ့ ဘင်းမ်စတက် လုပ်ငန်းအဖွဲ့ (BMISTEC Working Group) ကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ဖွဲ့စည်း တည်ထောင် ထားပါတယ်။ လုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးတွေကို လစဉ်ကျင်းပ ပါတယ်။ အဲဒီ အစည်းအဝေးတွေကို အဖွဲ့ဝင် နိုင်ငံတွေက သံအမတ်ကြီးတွေ တက်ရောက်ကြပြီး အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ယူတဲ့ နိုင်ငံက သံအမတ်ကြီးတွေက သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံက အလှည့်ကျဥက္ကဌ အဖြစ် တာဝန်ယူထားတော့ ဗန်ကောက်မြို့၊ မြန်မာသံရုံးက သံအမတ်ကြီးက သဘာပတိ အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါတယ်။
ဘင်းမ်စတက်အဖွဲ့ရဲ့ ရည်မှန်းချက်များ
ဘင်းမ်စတက်အဖွဲ့ရဲ့ မျှော်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေကို အဲဒီအဖွဲ့ တည်ထောင်တဲ့ ဗန်ကောက် ကြေညာစာတမ်းမှာ အခုလို အတိအလင်း ဖော်ညွှန်းထားပါတယ်-
(က) ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှု၊ နည်းပညာ၊ လူ့စွမ်းရည်ဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ အခြေခံ အဆောက်အအုံနှင့် ပို့ဆောင်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး စီမံချက်များ အကောင်အထည် ဖော်ခြင်းဖြင့် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးမှုရရှိရေး အတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန်၊
(ခ) တန်းတူရည်တူ စိတ်ဓာတ်ဖြင့် ဒေသတွင်း စီးပွားရေး၊ တိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန်၊
(ဂ) အဖွဲ့ဝင်နိုင်ငံများ အားလုံးအတွက် အကျိုးရှိမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍများ၌ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရန်နှင့် အပြန်အလှန် အကူအညီပေးရန်၊
(ဃ) ပညာရေးနှင့် နည်းပညာ ကဏ္ဍများ၌ သင်တန်းနှင့် သုတေသန အကူအညီများ ပေးခြင်းဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူညီပံ့ပိုး ပေးကြရန်၊
(င) ပြည်သူတို့၏ လူနေမှုအဆင့် မြှင့်တင်ရေးကို လက်တွေ့ အကျိုးပြုစေမည့်  အမျိုးသား စီမံကိန်းကို အထောက်အကူ ပြုစေ နိုင်သော ကြိုးပမ်းမှုတွင် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရန်၊
(စ) ရည်ရွယ်ချက်၊ မျှော်မှန်းချက်ချင်း တူညီသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ရန်၊
(ဆ) ဒေသခွဲအဆင့်တွင် လက်တွေ့ အကျိုးရလာဒ် ဖြစ်ထွန်းစေနိုင်ပြီး အုပ်စုတွင်း ရနိုင်သော စုပေါင်းအားကို အသုံးချနိုင်သည့် စီမံချက်များကို ပူးပေါင်း ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။
ဘင်းမ်စတက်အဖွဲ့ရဲ့ အစည်းအဝေးများ
(က) ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးများ
ပထမအကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က ၁၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ၂၀၁၄ ခုနှစ်၊ မတ်လ(၄)ရက်နေ့ကျရင် အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ တတိယအကြိမ် ထိပ်သီးအစည်းအဝေး မတိုင်မီ မတ်လ(၁)ရက်နေ့မှာ အကြိုညှိနှိုင်း အစည်းအဝေး၊ မတ်လ(၂)ရက်နေ့မှာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနဲ့ မတ်လ(၃) ရက်နေ့မှာ ဝန်ကြီးအဆင့် အစည်းအဝေးတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
(ခ) ဝန်ကြီးအဆင့် အစည်းအဝေးများ
နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးကို နှစ်စဉ်အဖွဲ့ဝင် နိုင်ငံများမှာ အက္ခရာစဉ်အလိုက် အလှည့်ကျ ကျင်းပပါတယ်။ ဝန်ကြီးအဆင့် အစည်းအဝေး (၁၃) ကြိမ် ကျင်းပပြီး ဖြစ်ပါတယ်။
(၁၂) ကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ (၁၃) ကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်မှာပဲ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပနိုင်ခဲ့ပါတယ်။
(ဂ) အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ
ဝန်ကြီးအဆင့် အစည်းအဝေး မတိုင်မီမှာ ညွှန်ကြားရေးမှူးချုပ်များ/ ဒုတိယဝန်ကြီးများအဆင့် တက်ရောက် လေ့ရှိတဲ့ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွေကို ကျင်းပလေ့ရှိပါတယ်။ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကစပြီး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို တစ်နှစ်လျင် နှစ်ကြိမ် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများကို မြန်မာနိုင်ငံက လက်ခံကျင်းပ ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဘင်းမ်းစတက်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များ
၁၉၉၇ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဗန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ဘင်းမ်စတက် ဝန်ကြီးအဆင့် အထူး အစည်းအဝေးမှာ အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP)က လေ့လာပြုစု တင်ပြခဲ့တဲ့ ဘင်းမ်စတက် အဖွဲ့ဝင် နိုင်ငံတွေ အကြား ပူးပေါင်း ဆောင်ရွက်ရေးအတွက် အဆိုပြုစာတမ်းကို လေ့လာသုံးသပ် ဆွေးနွေးခဲ့ ကြပါတယ်။ အဲဒီ စာတမ်းမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ ပို့ဆောင်ဆက်သွယ်ရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး စတဲ့ကဏ္ဍ(၉)ရပ်အောက်မှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ စီမံကိန်း အဆိုပြုချက်(၃၀)တိတိကို အကြံပြု တင်ပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အဖွဲ့ဝင် နိုင်ငံတွေ စုပေါင်းပြီး ဘင်းမ်စတက် လေကြောင်းတစ်ရပ်ကို ပူးတွဲ တည်ထောင်ဖို့ ဖြစ်နိုင်ချေ အလားအလာ ရှိ-မရှိ လေ့လာသုံးသပ်ချက် စာတမ်းတစ်ရပ်ကိုလည်း အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ (ICAO)က သက်ဆိုင်ရာ နိုင်ငံတွေကို သွားရောက်လေ့လာပြီး ပြုစုတင်ပြခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာကို ဝန်ကြီးအဆင့် အထူးအစည်း အဝေးမှာ စဉ်းစားဆွေးနွေး ခဲ့ကြပါတယ်။ ဝန်ကြီးအဆင့် အထူးအစည်းအဝေးက ဘင်းမ်စတက် လေကြောင်း ပူးတွဲထူထောင်ရေးမှာ နည်းပညာပိုင်းနဲ့ စည်းမျဉ်း ဥပဒေပိုင်းဆိုင်ရာ အကန့်အသတ်တွေကြောင့် အကောင်အထည် ဖော်ရန် အချိန်အခါမသင့် သေးကြောင်း၊ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အမျိုးသား လေကြောင်းများ အချင်းချင်း အချိန်ဇယားများ ညှိနှိုင်းတာတို့၊ လေကြောင်းသင်္ကေတ မျှဝေအသုံးပြုတာတို့လို ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးချဲ့ ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အက်စကက်ပ်က အဆိုပြုခဲ့တဲ့ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်း(၃၀)ကို စဉ်းစားဆွေးနွေး ခဲ့ကြရာမှာ လုပ်ငန်း သဘာဝချင်း တူညီတဲ့ စီမံကိန်းတွေကို ပေါင်းစပ်၊ လတ်တလော အကောင်အထည်ဖော်ဖို့ မလိုအပ်သေးတဲ့ စီမံကိန်းတွေကို ဖယ်ရှားပြီး ဦးစားပေး အကောင်အထည်ဖော် ပူးပေါင်း ဆောင်ရွက်ဖို့ စီမံကိန်း(၈)ခု ပါဝင်တဲ့ ဘင်းမ်စတက်အဖွဲ့ရဲ့ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ် (BIMST-EC Cooperative Work Programme)ကို ဝန်ကြီးအဆင့် အစည်းအဝေးက အတည်ပြု ပေးခဲ့ပါတယ်။ အဲဒီ စီမံကိန်း (၈) ခုကတော့-
(က) ဘင်းမ်စတက် စီးပွားရေးဖိုရမ် တည်ထောင်ဖို့၊
(ခ) ချည်မျှင် အထည်အလိပ်၊ ဆေးဝါး၊ ကျောက်မျက်ရတနာ၊ သစ်သီးဝလံ ပန်မာန်နှင့် သတင်းဖြန့်ချိရေး နည်းပညာ စတဲ့ ကဏ္ဍ(၅) ရပ်မှာ ကုန်သွယ်မှုမြှင့်တင်ဖို့ ၊
(ဂ) အကောက်ခွန် မဟုတ်တဲ့ အတားအဆီးတွေ ဖယ်ရှားဖို့ ဈေးကွက်ရရှိဖို့နဲ့ ကုန်သွယ်မှု သက်သာခွင့် ပေးရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့၊
(ဃ) နည်းပညာ လွှဲပြောင်းရေးနဲ့ နည်းပညာ စွမ်းရည် တည်ဆောက်ဖို့၊
(င) ပို့ဆောင်၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိုမိုဖြည့်တင်းပေးဖို့၊
(စ) သဘာဝဓာတ်ငွေ့၊ ရောင်ခြည်၊ လေ၊ ရေနဲ့ ဒီရေလှိုင်း စွမ်းအားတို့နဲ့ ပတ်သက်၍ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ဖို့၊
(ဆ) ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့နဲ့ ၁၉၉၈ ခုနှစ်အတွင်း ခရီးသွား လုပ်ငန်းဆိုင်ရာ တွေ့ဆုံနှီးနှော ဖလှယ်ပွဲ ကျင်းပဖို့နဲ့
(ဇ) ရေလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ဖို့ တို့ဖြစ်ပါတယ်။
ဒါ့အပြင် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၁၄) ရပ် သတ်မှတ်ခဲ့ပြီး ကဏ္ဍရပ်အလိုက် ဦးဆောင်နိုင်ငံများအဖြစ် အောက်ပါအတိုင်း တာဝန်ခွဲဝေ သတ်မှတ်ခဲ့ကြပါတယ်-
(၁) ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ-ဘင်္ဂလားဒေ့ရှ်နိုင်ငံ
(၂) ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ-အိန္ဒိယနိုင်ငံ
(၃) ခရီးသွားလုပ်ငန်းကဏ္ဍ-အိန္ဒိယနိုင်ငံ
(၄) စွမ်းအင်ကဏ္ဍ-မြန်မာနိုင်ငံ
(၅) နည်းပညာကဏ္ဍ-သီရိလင်္ကာနိုင်ငံ
(၆) ရေလုပ်ငန်းကဏ္ဍ-ထိုင်းနိုင်ငံ
(၇) ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကဏ္ဍ-နီပေါနိုင်ငံ
(၈) စိုက်ပျိုးရေးကဏ္ဍ-မြန်မာနိုင်ငံ
(၉) ယဉ်ကျေးမှုကဏ္ဍ-ဘူတန်နိုင်ငံ
(၁၀) အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများ ကဏ္ဍ-အိန္ဒိယနိုင်ငံ
(၁၁) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကဏ္ဍ-အိန္ဒိယနိုင်ငံ
(၁၂) ပြည်သူ့ကျန်းမာရေးကဏ္ဍ-ထိုင်းနိုင်ငံ
(၁၃) ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကဏ္ဍ- ထိုင်းနိုင်ငံ
(၁၄) ရာသီဥတုပြောင်းလဲမှုကဏ္ဍ- ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘင်းမ်စတက်အဖွဲ့၏ ထူးခြားသော ဆောင်ရွက်ချက်များ
ဘင်းမ်စတက်အဖွဲ့ရဲ့ ထူးခြားတဲ့ ဆောင်ရွက်ချက်တွေကတော့-
၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ထိုင်းနိုင်ငံ၊ ဖူးခက်မှာ ကျင်းပခဲ့တဲ့ ဆဌမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးနဲ့ ပဉ္စမအကြိမ် ကုန်သွယ်ရေး/ စီးပွားရေး ဝန်ကြီးအဆင့် အစည်းအဝေး ကာလအတွင်း-
- ဘင်းမ်စတက် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးဆိုင်ရာ မူဘောင်သဘောတူ စာချုပ် (Framework Aggrement on BIMST-EC Free Trade Area)ကို အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနှင့် အဖွဲ့ဝင်သစ် နှစ်နိုင်ငံဖြစ်တဲ့ ဘူတန်နဲ့ နီပေါတို့မှ သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။
-ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့လည်း ၂၀၀၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ ဘင်းမ်စတက် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးဆိုင်ရာ မူဘောင်သဘောတူ စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးခဲ့ပါတယ်။
-၂၀၀၄-၂၀၀၅ ခုနှစ်အား ဘင်းမ်စတက် ခရီးသွားလာရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက် နိုင်ခဲ့ပါတယ်။
- ဘင်းမ်စတက် ကုန်သည်ကြီးများအသင်း ထူထောင်နိုင်ခဲ့ပါတယ်၊
- ဖူးခက်ကျွန်းမှာ ပထမအကြိမ် ဘင်းမ်စတက်လူငယ်များ ဘောလုံးယှဉ်ပြိုင်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်၊
- ဗန်ကောက်မြို့မှာ ဘင်းမ်စတက် လုပ်ငန်းတွေကို ပံ့ပိုးဆောင်ရွက်ပေးတာနဲ့ ပတ်သက်ပြီး ဘင်းမ်စတက် ဗဟိုဌာန ဖွဲ့စည်း ထူထောင်နိုင်ခဲ့ပါတယ်၊
- မြန်မာနိုင်ငံ၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာမှာ ဇီဝဓာတ်ငွေ့ အသုံးပြုရေး စီမံကိန်းကို တည်ထောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါတင်မက ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးမှာ-
- ဘင်းမ်စတက် အဖွဲ့ကြီးရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို မူလသတ်မှတ်ထားတဲ့ ကဏ္ဍတွေမှာ သာမက ယဉ်ကျေးမှု၊ ပညာရေး၊ လူထုကျန်းမာရေး၊ ဇီဝမျိုးကွဲနဲ့ မိရိုးဖလာ အသိပညာတွေ ကာကွယ်စောင့်ရှောက်ဖို့၊ ကျေးလက် အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဆောင်ရွက်ရေး၊ ဆောက်လုပ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဇီဝနည်းပညာ၊ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ သုတေသန ပြုလုပ်ရေး၊ သဘာဝဘေး အန္တရာယ် တားဆီးကာကွယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့ရေးတို့အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်ဖို့၊
- ဘင်းမ်စတက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု အလားအလာများ အပြည့်အဝ ရရှိဖို့အတွက် လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသ ထူထောင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ အချိန်မီ ပြီးစီးနိုင်ရေး အပါအဝင် လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းများအားလုံးကို ဆောင်ရွက်သွားကြဖို့၊
-စွမ်းအင်ကဏ္ဍမှာ စွမ်းအင်ကို စဉ်ဆက်မပြတ်နဲ့ အထိရောက်ဆုံး အသုံးပြုနိုင်ရေးကို အားပေးဖို့အတွက် ရေနံနှင့် ရေအား လျှပ်စစ် စီမံကိန်းတွေ၊ လျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့လိုင်းများ ဆက်သွယ်ရေး၊ လောင်စာသုံးစွမ်းအင် ထိန်းသိမ်း ကာကွယ်ရေးနဲ့ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာတွေ တိုးတက်ရေးတွေကို ဆောင်ရွက်ကြဖို့၊
-           ခရီးသွားလာရေးကဏ္ဍမှာ အဖွဲ့ဝင်နိုင်ငံများရဲ့ သဘာဝ၊ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းဆိုင်ရာ ဆွဲဆောင်နိုင်မှု အင်အားတွေကို အများဆုံး အကျိုးဖြစ်ထွန်းဖို့ အတွက် ညှိနှိုင်းဆောင်ရွက်ဖို့၊
-           စီးပွားရေးလုပ်ငန်း တွေအတွက် ခရီးသွားလာရေး လွယ်ကူချောမွေ့အောင် ဆောင်ရွက်ရန် သဘောတူညီကြပြီး ဘင်းမ်စတက် လုပ်ငန်း ခရီးသွားလာရေး ကတ်ပြား/ဗီဇာများ စတင်အသုံးပြုဖို့။ ခရီးသွားလာရေး ကတ်ပြား အသုံးပြုရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ အစည်းအဝေးတွေ ကျင်းပဖို့။
-           ဘင်းမ်စတက် အဖွဲ့နိုင်ငံတွေရဲ့ စီးပွားရေး အခွင့်အလမ်းတွေကို အပြည့်အဝ အသုံးပြုနိုင်ဖို့အတွက် ပုဂ္ဂလိက ကဏ္ဍအနေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေကို ရှာဖွေဖော်ထုတ်ဖို့ အားပေးတိုက်တွန်း ကြပါတယ်။
-           ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေအားလုံး ညှိနှိုင်းဆောင်ရွက် ဖို့အတွက် နိုင်ငံခြားရေး ဝန်ကြီးတွေကို တာဝန်ပေးအပ်ဖို့ စသည်ဖြင့် သဘောတူကြပါတယ်။
ဘင်းမ်စတက်နဲ့ မြန်မာနိုင်ငံ
ဘင်းမ်စတက်အဖွဲ့ရဲ့ ဆက်သွယ်ရေး ဗဟိုဌာနအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက် ဘင်းမ်စတက် ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ပေးပါတယ်။ ထိပ်သီး အစည်းအဝေး၊ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေး၊ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတို့နဲ့ ပတ်သက်ပြီးတော့လည်း ဆောင်ရွက်ပေးပါတယ်။
စတုတ္ထအကြိမ် ဘင်းမ်စတက် ဝန်ကြီးအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ (၁၂) ကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးအဆင့် အစည်း အဝေးကို မြန်မာနိုင်ငံ၊ နေပြည်တော်တွင် (၂၀၀၉) ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပခဲ့ပြီး (၁၃)ကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံ နေပြည်တော်မှာ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
ဘင်းမ်စတက်အဖွဲ့ရဲ့ တတိယအကြိမ် စီးပွားရေး ဝန်ကြီးအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့က ကျင်းပခဲ့တဲ့ နေရာမှာ ဘင်းမ်စတက်အဖွဲ့ရဲ့ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ စီးပွားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဘင်းမ်စတက်အဖွဲ့ရဲ့ ကုန်သွယ်မှု နဲ့ ရင်းနှီးမြှပ်နှံမှု ကဏ္ဍခွဲအား အဓိကတာဝန်ယူ ဆောင်ရွက်တဲ့ အမျိုးသား အက်ဖ်တာယူနစ်က တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
ဘင်းမ်စတက်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေအနက် စိုက်ပျိုးရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ မြန်မာ နိုင်ငံအနေနဲ့ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ ဒေသတွင်း ထုတ်ကုန်စွမ်းအားနဲ့ အထွက်နှုန်း တိုးတက်မြင့်မားရေးဆိုင်ရာ ကာလတိုနဲ့ ကာလရှည် ပူးတွဲသုတေသန အစီအစဉ်များ လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အောင်မြင်စေ ဖို့အတွက် ဘုံစီမံကိန်း (၉)ခုကို သတ်မှတ် အကောင်အထည်ဖော်ဖို့ အဆိုပြုထားပါတယ်၊ မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားရတဲ့ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ အစည်းအဝေးတွေကို ပုံမှန်ကျင်းပနိုင်ခဲ့တဲ့အပြင် လုပ်ငန်းစဉ်တွေကိုလည်း ကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ စွမ်းအင်ကဏ္ဍမှာ နိုင်ငံဖြတ်ကျော် လျှပ်စစ်စွမ်းအား ရောင်းဝယ်ရေး စီမံချက်၊ နိုင်ငံဖြတ်ကျော် ဓါတ်ငွေ့ပိုက်လိုင်း စီမံချက်၊ ဒေသတွင်း ရေစွမ်းအင် အရင်းအမြစ် ဖွံ့ဖြိုးရေး စီမံချက်၊ သမားရိုးကျ မဟုတ်တဲ့ စွမ်းအင် အရင်းအမြစ် အသုံးချရေး စီမံချက်၊ စွမ်းအင် ထိရောက်စွာ အသုံးချမှု အတွေ့အကြုံ ဖလှယ်ရေး စီမံချက်တွေကို ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကြောင့် စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဦးဆောင် နိုင်ငံအဖြစ် တတိယသက်တမ်းကာလ ဆက်လက်ဆောင်ရွက်ဖို့ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ် ဝန်ကြီးအဆင့် အစည်းအးဝေးက တာဝန်ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ နေပြည်တော်မှာ ၂၀၁၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့ ကျင်းပမယ့် ဘင်းမ်စတက် တတိယအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပတဲ့ အချိန်ကျရင် ဘင်းမစတက် အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေး ဆိုင်ရာ သဘောတူစာချွန်လွှာ၊ မိုးလေဝသနှင့် ရာသီဥတုဗဟိုဌာန တည်ထောင်ရေးဆိုင်ရာ သဘောတူ စာချွန်လွှာနဲ့ ယဉ်ကျေးမှု လုပ်ငန်းကော်မရှင်နှင့် ယဉ်ကျေးမှုလေ့လာရေး ဗဟိုဌာန ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုး သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် ဘင်းမ်စတက် အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး ဒါကာမြို့မှာ ဖွင့်လှစ်ဖို့နဲ့ ပထမဆုံး ဘင်းမ်စတက် အမြဲတမ်း အတွင်းရေးမှူးချုပ်အား ခန့်အပ်ဖို့ အပါအဝင် အရေးကြီးတဲ့ ကိစ္စရပ်တွေကို အတည်ပြု ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၀၉ ခုနှစ်မှ လက်ရှိ ကာလအထိ ဒုတိယအကြိမ် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက် ရှိပြီး တတိယအကြိမ် ဘင်းမစတက် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ဖို့ ၂၀၁၂ ခုနှစ် အတွင်း (၄) ကြိမ်နဲ့ ၂၀၁၃ ခုနှစ်တွင် (၁)ကြိမ် ကြိုးပမ်းခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံများမှာ ပြည်တွင်း အဆင်မပြေမှုတွေကြောင့် အချိန်ကာလ ကြန့်ကြာခဲ့ရပါတယ်။ ခုတော့ အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ တူညီဆန္ဒနဲ့အညီ ၂၀၁၄ ခုနှစ် မတ်လ (၄) ရက်နေ့မှာ ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။ တတိယအကြိမ် ထိပ်သီး အစည်အဝေး အပြီးမှာ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို နီပေါနိုင်ငံသို့ လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။
ဘင်းမ်စတက်အဖွဲ့၏ အလားအလာ
၁၉၉၀ ခုနှစ် စစ်အေးကာလပြီးနောက် ကမ္ဘာ့နိုင်ငံ အများအပြားမှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးတို့မှာ နောက်ကျမကျနန်ခဲ့စေရေးအတွက် ပထဝီဒေသ နီးစပ်မှုရှိတဲ့ ဒေသတွင်း နိုင်ငံများနဲ့ ပူးပေါင်းကာ မိမိတို့ ဒေသအလိုက် အုပ်စုအဖွဲ့များ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်မှုများ တိုးတက်ပြုလုပ် လာကြတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် နိုင်ငံအချင်းချင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီး အကန့်အသတ်များ လျှော့ချ ပေးလာကြတာ၊ ခေတ်မီဆက်သွယ်ရေး နည်းပညာများ တိုးတက်လာကြ တာတွေကြောင့် ကမ္ဘာတစ်ခုလုံးဟာ ဈေးကွက်တစ်ခုတည်း အသွင်ကို တဖြည်းဖြည်း ဦးတည်ရှေ့ရှု လာပြီလို့ တွေ့ရပါတယ်။
ဘင်းမ်စတက် အဖွဲ့မှာလည်း တောင်နှင့်အရှေ့တောင် အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ဖို့ ဖွဲ့စည်း တည်ထောင်ထားတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ ဘင်းမ်စတက်အဖွဲ့မှာ အဖွဲ့ဝင် (၇) နိုင်ငံရှိပြီဖြစ်ပြီး လူဦးရေကလည်း ကမ္ဘာ့လူဦးရေရဲ့ ၂၁% ရှိတာကြောင့် အာဆီယံအဖွဲ့ထက်ပင် ပိုမို များပြားနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဘင်းမ်စတက်အဖွဲ့ဟာ ပထဝီအနေအထားအရ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေနဲ့သာမက အနောက်အာရှ နိုင်ငံများနဲ့လည်း နီးကပ်စွာ ဆက်စပ်တည်ရှိနေတာ၊ စုပေါင်း ဂျီဒီပီ အမေရိကန် ဒေါ်လာ ၇၅၀ ဘီလီယံ(၂၀၁၁ ခုနှစ် စာရင်းများအရ) ရှိတာတွေကြောင့် အလားအလာ ကောင်းတဲ့ ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့တစ်ခုအဖြစ် ရှုမြင် သုံးသပ်ရပါတယ်။
ဘင်းမ်စတက်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားကို အဖွဲ့ဝင်နိုင်ငံ အစိုးရများရဲ့ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုး များပြား လာစေခြင်းမရှိဘဲ ကျစ်ကျစ်လျစ်လျစ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဘင်းမ်စတက်အဖွဲ့ အနေနဲ့ သက်တမ်း (၁၆)နှစ် ကျော် ကာလသာ ရှိသေးပြီး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်တာနဲ့အညီ ပူပေါင်းဆောင်ရွက်ရေး စီမံကိန်းများ အကောင်အထည် ဖော်ရာမှာ ပုဂ္ဂလိက ရန်ပုံငွေပံ့ပိုးဖို့ ဒါမှမဟုတ် အက်စကက်ပ်၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၊ ကမ္ဘာ့စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ပူးပေါင်း ပါဝင်မှုများ ရရှိဖို့ ဆွေးနွေး ဆောင်ရွက် သင့်တယ်လို့ ယူဆရပါတယ်။
ဘင်းမ်စတက်အဖွဲ့ဟာ ဒေသတွင်း အရေးပါတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်သော်လည်း အတွင်းရေးမှူးချုပ်ရုံး တည်ထောင် ထားခြင်း မရှိသေးတာ၊ အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်း ကွာဟနေတာ၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်နေသေးတာ တွေကြောင့် လျင်မြန်စွာ တိုးတက်ခြင်းထက် ပုံမှန်သာ တိုးတက်လျက်ရှိတဲ့ အဖွဲ့အစည်း တစ်ရပ်လို့ ဆိုရင်လည်း မှားမယ်မထင်ပါ။
မြန်မာနိုင်ငံအနေနဲ့ ဘင်းမ်စတက်အဖွဲ့မှာ ပါဝင်ဆောင်ရွက်ခြင်းဟာ အာဆီယံအဖွဲ့သို့ ပါဝင်ခဲ့ပြီးနောက် ဒေသတွင်း နိုင်ငံများနဲ့ ဆက်သွယ် ပေါင်းစည်းရေးနဲ့ ပတ်သတ်ပြီး သံတမန်ရေးအရ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ဘင်းမ်စတက်အဖွဲ့မှာ မြန်မာနိုင်ငံအနေနဲ့ တောင်နှင့်အရှေ့တောင် အာရှနိုင်ငံများအကြား ပေါင်းကူးသဖွယ် တည်ရှိနေပြီး ပထဝီ အနေအထားအရ အချက်အခြာ ကျသောနေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ဒါ့အပြင် ဘင်းမ်စတက်အဖွဲ့ရဲ့ စိုက်ပျိုးရေးနဲ့ စွမ်းအင်ကဏ္ဍမှာ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်လျက် ရှိတဲ့အပြင် အဖွဲ့ဝင် နိုင်ငံများနဲ့ ပြည်သူလူထုအကြား ဆက်သွယ်မှုများ တိုးမြှင့်နိုင်ဖို့က လိုအပ်ချက်များ ရှိနေသေးတယ်လို့ သုံးသပ် ရပါတယ်။ ဘင်းမ်စတက်အဖွဲ့မှာ ပါဝင် ဆောင်ရွက်ခြင်းကြောင့် ကုန်သွယ်ရေး၊ စီးပွားရေး တိုးမြှင့်ရေးအတွက် သာမက ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာ အထောက် အကူပြု စေမယ်ဟု သုံးသပ်ရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဘင်းမ်စတက်အဖွဲ့ရဲ့ တတိယအကြိမ် ထိပ်သီးညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းအားဖြင့် ဘင်းမ်စတက် သမိုင်းမှာရော ဒေသတွင်းနဲ့ နိုင်ငံတကာ သမိုင်းမှာပါ မှတ်ကျောက်တင်ခံရမှာ ဖြစ်တဲ့အတွက် စာဖတ်သူ မြန်မာပြည်သူများ အားလုံးအနေနဲ့လည်း ဂုဏ်ယူဝင့်ကြွားစွာ မျက်စိဖွင့် နားစွင့်နိုင်ဖို့ရာ ယခု ဆောင်းပါးအား ရေးသားတင်ဆက် လိုက်ပါတယ်။



No comments:

Post a Comment