Tuesday, February 25, 2014

နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ သံဃဝိနိစ္ဆယဖြင့် ဆုံးဖြတ်ထားရှိသည့် ကျူးကျော်ဘုန်းကြီးကျောင်းများအား ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၇/၁၁ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိ

နေပြည်တော်-ဖေဖော်ဝါရီ(၂၄)
နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်များတွင်ရှိ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော် ဘုန်းကြီးကျောင်းများအား နေပြည်တော် သာသနာရေးမှူး၊ မြို့နယ်သစ်တော ဦးစီးမှူးနှင့် တာဝန်ရှိသူများက (၁၀-၆-၂၀၁၂)ရက်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျူးကျော်ဘုန်းကြီးကျောင်း (၃၇) ကျောင်း
စိစစ်တွေ့ရှိရပြီး ၎င်းကျောင်းများရှိ သံဃာတော်များသည် သာသနာ့ဝင်မှတ်တမ်းမရှိခြင်း၊ သက်ဆိုင်ရာ သံဃနာယကအဖွဲ့ အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိခြင်း၊ တရားဝင်ဆောက်လုပ်ရန် ခွင့်ပြုချက်များမရှိခြင်းတို့ကြောင့် တာဝန်ရှိသူများမှ ကျူးကျော်ဘုန်းကြီး ကျောင်းများရှိ သံဃာတော်များ ပင့်ဖိတ်၍ ဆွေးနွေးမှုများ ပြုလုပ်ကာ လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ ကူညီပံ့ပိုးဆက်ကပ်ခဲ့သဖြင့် (၃-၇-၂၀၁၂)ရက်တွင် ကျူးကျော်ကျောင်း(၁၃)ကျောင်းမှာ ထွက်ခွာသွားခဲ့သည်။
 ကျန်ရှိသည့် ကျူးကျော်(၂၄)ကျောင်းနှင့် ပတ်သက်၍ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်များ၊ နေပြည်တော် သာသနာရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးများဖြင့် ထပ်မံညှိနှိုင်းရာ ကျန်ရှိကျူးကျော်ကျောင်းများက လက်မခံသဖြင့် ဆရာတော်များအား သက်ဆိုင်ရာ သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်များက ပထမအကြိမ်၊ ဒုတိယအကြိမ် သတိပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း လိုက်နာမှုမရှိသဖြင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့သို့ ဆက်လက် တင်ပြခဲ့သည်။
 (၂၈-၇-၂၀၁၂)ရက်တွင် ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် နိုင်ငံတော်သံဃနာယကအဖွဲ့ (၄၇) ပါးစုံညီ သတ္တရသမ အစည်းအဝေးတွင် "နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျူးကျော် ဆောက်လုပ်ထားသော ဘုန်းကြီးကျောင်းများနှင့် ပတ်သက်၍ စိစစ်ရေးအဖွဲ့မှ တင်ပြလာခြင်းအပေါ် ကျူးကျော် ကျောင်း(၂၄)ကျောင်းကို ဘုန်းကြီးကျောင်းအဖြစ် အသိအမှတ်မပြုရန်" ဆုံးဖြတ်ခဲ့သည်။ ထပ်မံ၍ တိုင်းသံဃနာယက အဖွဲ့ကလည်း နိုင်ငံတော် သံဃနာယကအဖွဲ့၏ စိစစ်ဆောင်ရွက်ခဲ့မှုကို ပြန်လည်တင်ပြခဲ့ရာ (၃၀-၁၂-၂၀၁၃)ရက်တွင် နိုင်ငံတော်သံဃနာယကအဖွဲ့က ထပ်မံအတည်ပြုကာ ကျူးကျော်ကျောင်း (၂၄) ကျောင်းအဖြစ် ဒုတိယအကြိမ် သတ်မှတ်ဆုံးဖြတ်ခဲ့ပြီး ဆက်လက် ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

 နေပြည်တော် သံဃနာယက အဖွဲ့ကလည်း ကျူးကျော်ကျောင်း (၂၄)ကျောင်းအား ဘုန်းကြီးကျောင်း အဖြစ် အသိအမှတ်မပြုရန် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သောကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာ အမှတ်(၇၅)ဖြင့် အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်ရန် ထပ်မံအကြောင်းကြား လာခဲ့သဖြင့် နေပြည်တော် သာသနာရေးမှူးက ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၇/၁၁ ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး (၂၀-၂-၂၀၁၄)ရက်တွင် သက်ဆိုင်ရာမြို့နယ် တရားရုံးများ၌ ဦးတိုက်လျှောက်ထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment