Thursday, October 31, 2013

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စစ်ကိုင်းမြို့ပေါ် ရပ်ကွက်များ ရေနစ်မြုပ်

စစ်ကိုင်း အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်း ခရိုင် စစ်ကိုင်းမြို့၌ အောက်တိုဘာ ၂၆၊၂၇ ရက်များက မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့် မြို့ပေါ် ရပ်ကွက်များ ဖြစ်သော မင်းလမ်း၊ ပိုးတန်း၊ မိုးဇာ၊ ချင်းစု၊နန်းတော်ရာ၊ ရိုင်တန်းနှင့် နန္ဒဝန် ရပ်ကွက်များရှိ နေအိမ်များ ရေနစ်မြုပ် ခဲ့သည်။
မင်းလမ်း ရပ်ကွက်တွင် ရှိသော မဘုံလေး အင်းဟောင်း ပတ်ဝန်းကျင်ရှိ နေအိမ်ပေါင်း ၅၀ ရေနစ်မြုပ်လျက် ရှိသည်။ ရပ်မိရပ်ဖများက ဦးဆောင်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပြုံး၊ ဒေသအရန် မီးသတ် တပ်ခွဲမှူး ဦးဇော်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာမွတ်စလင် လူငယ်များပါဝင်သော ရပ်ကွက်အတွင်းမှ ရေစုပ် ထုတ်ရေး လုပ်ငန်း ကော်မတီကို ဖွဲ့စည်း၍ လမ်းမပေါ်မှ ရေများကို ရေစုပ်စက် များဖြင့် စုပ်ယူကာ ဧရာဝတီမြစ် အတွင်း စွန့်ပစ်သည့် လုပ်ငန်း ကို နေ့ရောညပါ ဆောင်ရွက်လျက် ရှိသည်။
မင်းလမ်းရပ်ကွက်သည် နှစ်စဉ် မိုးတွင်း ကာလတွင် မိုးအဆက်မပြတ် ရွာသွန်းသည့် အခါတိုင်း လူနေအိမ် များ ရေနစ်မြုပ် လျက်ရှိရာ သက်ဆိုင် ရာဌာနမှ ၂၀၁၂ ခုနှစ်၊ ပွင့်လင်း ရာသီတွင် မင်းလမ်း ရေမမြုပ်ရေး အတွက် လမ်းဘေးဝဲ၊ ယာတွင် ရေနုတ်မြောင်းများ တူးဖော်ပေးခဲ့ သော်လည်း ဆက်လက်ပြုပြင်ထိန်းသိမ်းမှုမပြုသည့်အပြင် ရပ်ကွက်နေ ပြည်သူအချို့၏ စည်းကမ်းမရှိမှု ကြောင့် မိမိတို့နေအိမ်ရှေ့ရှိ ရေနုတ် မြောင်းကို ပြန်လည်မြေဖို့ခြင်း၊ အချို့ နေရာများတွင် အမှိုက်များ စွန့်ပစ် ခြင်းတို့ကြောင့် ရေထွက်ပေါက်မရှိ ခြင်း၊ ၂၀၀၇ ခုနှစ်တွင် သက်ဆိုင် ရာဌာနမှ တူးဖော်ပေးခဲ့သော ပေ ၃၀၀၀ ပတ်လည်ခန့်ရှိ မဘုံလေး အင်းဟောင်းမှာလည်း ရေအနက် ရှစ်ပေခန့် သာရှိ၍ မိုးအဆက်မပြတ် ရွာသွန်းသည့်အခါ အင်းမှရေများ မထိန်းသိမ်းနိုင် သည့်အတွက် နေအိမ် များ ရေနစ်မြုပ်ခြင်းဖြစ်သည်။ မင်း လမ်းရပ်ကွက် ရေမနစ်မြုပ်ရေး အတွက် မဘုံလေး အင်းဟောင်းမှ ရေပိုက်များ သွယ်၍ ဧရာဝတီမြစ်နှင့် အနီးဆုံးဖြစ်သော ပန်းဆိုးတန်း လမ်းမှဖြတ်၍ ဧရာဝတီမြစ်အတွင်း သို့ ရေစွန့်ပစ်လျှင် နှစ်စဉ်ကြုံတွေ့ နေရသော ရေနစ်မြုပ်မှု အန္တရာယ်ကို ကာကွယ်နိုင် မည်ဖြစ်ကြောင်း ရပ်မိရပ်ဖ တစ်ဦးဖြစ်သော ဦးတင် အောင်မြင့်က ၎င်း၏ အတွေ့အကြုံ များကို ပြောပြကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment