Wednesday, October 30, 2013

ဆီးရီးယား၌ လုံခြုံရေးအခြေအနေ ဆိုးရွားမှုကြောင့် ဓာတုလက်နက်စစ်ဆေးမှု နှောင့်နှေးကြန့်ကြာ

ဘေရွတ်၊ အောက်တိုဘာ ၂၉
ဆီးရီးယားနိုင်ငံရှိ ဓာတုလက်နက် ဖျက်သိမ်းရေး လုပ်ငန်းကို ကြီးကြပ်ကွပ်ကဲရန် ဖွဲ့စည်းထားသော နိုင်ငံတကာ စစ်ဆေးရေးမှူးများ အဖွဲ့သည် ဓာတုလက်နက် ထုတ်လုပ်သည့် အဓိကကျသော နေရာများကို ၀င်ရောက်စစ်ဆေးရန် အချိန်ဇယားအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြသည်။
ဓာတုလက်နက်များ ပိတ်ပင်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် အာမက်အူဇမက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်သွင်းသော အစီရင်ခံစာတွင် အထက်ပါအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။

ဆီးရီးယားနိုင်ငံ၌ လုံခြုံရေးအခြေအနေ ဆိုးရွားမှုကြောင့် ဓာတုလက်နက် စစ်ဆေးရေးမှူးများသည် အောက်တိုဘာ ၂၇ ရက် နောက်ဆုံးထား၍ ဓာတုလက်နက် ထုတ်လုပ်သည့် နေရာနှစ်နေရာကို ၀င်ရောက် စစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ဓာတုလက်နက် စစ်ဆေးရေးမှူးများအဖွဲ့သည် ယင်းနေရာနှစ်နေရာကို ၀င်ရောက်စစ်ဆေးနိုင်ရန် အမြန်ဆုံး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လုံခြုံရေးကောင်စီထံသို့ တင်ပြသည့်စာ တွင် ရေးသား ဖော်ပြထားသည်။
ရိုက်တာ

No comments:

Post a Comment